Healthy Life Ad
Q & A

အိပ်ပျော်ရင် သွားရည်ကျတာ (Drooling During Sleep)

————-၊ ဒေါက်တာတင့်ဆွေ ၊————-

အိပ်နေတဲ့အချိန်မှာ သွားရည်ကျတာက ကျန်းမာရေးနဲ့ ဆိုင်ပါသလားခင်ဗျာ။ ဒါမှမဟုတ် ဘာချို့ယွင်းမှုများရှိလို့ ကျတာပါလဲ။ သွားခေါတာနဲ့ ဆိုင်ပါသလား။ အသက် ၂၃ နှစ်လည်းရှိပါပြီ။ ဒီအရွယ်ထိ အိပ်ရင် သွားရည်ကျနေတာ သတိမရှိလို့လား။ အဲဒါနဲ့ပတ်သက်ပြီး ဖော်ပြထားတာလဲ တစ်ခါမှမတွေ့ဖူးဘူး ဖြစ်နေပါတယ်ခင်ဗျာ။ သွားရည်ကျတာနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို သိမ်ငယ်သလို ခံစားရလို့ပါ။ အကောင်းဆုံး နည်းလမ်းလေးရှိရင် မျှဝေစေချင်ပါတယ် ခင်ဗျာ။

လူတိုင်းမှာ သွားရည်ထွက်ပေးတဲ့ Glands အိတ်တွေက အကြီး ၃ ခုနဲ့ အသေးလေးတွေ ရှိကြတယ်။ သွားရည်ဆိုတာ အစာထဲမှာအများဆုံးပါတတ်တဲ့ ထမင်းထဲက Starch (ကော်)ကို ချေဖျက်ပေးနိုင်စွမ်းရှိတဲ့ Enzyme (အင်ဇိုင်း) ဖြစ်တယ်။ ပိုးစာကောင်တွေရဲ့တံတွေးက လူ့သွားရည်ထက် အဖိုးတန်တယ်။ Silk ပိုးထုတ်ပေးတာကိုး။ ပါးစပ်ဟပြီးအိပ်ရင် သွားရည်ကျစေတာတော့ အမှန်ဘဲ။ ဒီတော့ ပါးစပ်ပလာစတာ ကပ်အိပ်ပေတော့။ ရီစရာသဘောပြောတာပါ။ “ရှက်စရာ”ဆိုတာ သူများမြင်မှရှက်တာနဲ့ ကိုယ့်ကိုယ်ကိုရှက်တာ မတူပါ။ ကိုယ်တိုင်သိသူက ပညာပိုရှိတယ်။

ယေဘုယျပြောရရင် အိပ်နေတုံး ပါးစပ်ဟအသက်ရှူလို့ပါ။ ပါးစပ်ဟနေချိန်မှာ သွားရည်(တံ တွေး)ထွက်တဲ့အိတ်တွေ အလုပ်လုပ်တယ်။ များများလာတော့ ပါးစပ်ကနေ လျှံကျလာတာပေါ့။ လူဆိုတာ နှာခေါင်းနဲ့သာ အသက်ရှူပြီး ပါးစပ်နဲ့အသက်ရှူတာကို မဖြစ်လှမှလုပ်ကြတယ်။ ဒီတော့ မဖြစ်လှတာက ဘာလဲ။ အသက်ရှူလမ်းမှာ တခုခုဖြစ်နေလို့။ နှာခေါင်း၊ နား၊ လေပြွန်၊ အဆုတ်တွေ စစ်ရလိမ့်မယ်။ နှာစေး၊ အအေးမိ၊ (ဆိုင်းနပ်စ်)ဖြစ်၊ နှာခေါင်းထဲမှာ အလုံးဖြစ်၊ ပန်းနာ၊ အသက်ရှူကြပ်၊ လည်ချောင်းနာ၊ ဆုံဆို့နာ၊ အာသီးရောင် စတာတွေပါတယ်။ စစ်ပါ၊ ကုပါ။

“ယေဘုယျပြောရရင် အိပ်နေတုံး ပါးစပ်ဟအသက်ရှူလို့ပါ။ ပါးစပ်ဟနေချိန်မှာ သွားရည်(တံတွေး) ထွက်တဲ့အိတ်တွေ အလုပ်လုပ်တယ်။ များများလာတော့ ပါးစပ်ကနေ လျှံကျလာတာပေါ့။ လူဆိုတာ နှာခေါင်းနဲ့သာအသက်ရှူပြီး ပါးစပ်နဲ့အသက်ရှူတာကို မဖြစ်လှမှ လုပ်ကြတယ်” . . .

ရုပ်ပိုင်းဝေဒနာမရှိဘဲ စိတ်ရှုပ်ချိန်မှာမို့ ပါးစပ်နဲ့ အသက်ရှူနေတာလား ဆန်းစစ်ပါ။ နေ့ခင်းမှာ အသက်ရှူတာ ကိုယ့်ကိုယ်ကိုယ် သတိထားကြည့်ပါ။ ပါးစပ်နဲ့ရှူနေတာကို ပြင်ဖို့ကြိုးစားပါ။ လေ့ကျင့်နည်းတခုက နှာခေါင်းနဲ့ အသက်ပြင်းပြင်း-ရှည်ရှည်ရှူပါ။ ရုပ်ရှင်တွေကြည့်ဘူးမှာပါ။ တခုခုထိခိုက်-ကြေကွဲ-ကြောက်လန့်စရာရှိရင် မင်းသားကနေ မင်းသမီးကို “Take a deep breath” အသက်ပြင်းပြင်းရှူ”လို့ ပြောလေ့ရှိတယ်။ မှန်တယ်ဗျ။ စိတ်ငြိမ်လာစေတယ်။ မိဘတွေက ကိုယ့်ကလေးကို ပါးစပ်ကိုအမြဲ ပိတ်ထားစေတဲ့အကျင့် သင်ပေးတတ်တယ်။ ကောင်းတယ်။ လူတယောက်ကိုကြည့်ပါ။ သူ့ပါးစပ်ဟနေရင် အဲဒီလူဟာ သူ့ကိုယ်သူ ယုံကြည်မှုနည်းနေချိန် ဖြစ်တယ်။ ပါးစပ်ဟောင်းလောင်းဖြစ်နေတာက အံ့သြနေတာ၊ ကြောက်လန့်နေတာ၊ တနည်းပြောရရင် သူများအတွက် လိုက်တုံ့ပြန်နေရတာမျိုး။ ကိုယ်ကဦးဆောင်၊ ပြဋ္ဌာန်းနေချိန် မဟုတ်ဘူး။

သွားရည်များစေတတ်တဲ့ ရောဂါတွေလည်းရှိတယ်။ အစာလမ်းမှာ Acid reflux အက်စစ်များတာမျိုးလည်း ပါတယ်။ ဆေးလိုလိမ့်မယ်။ အစာစားတာ ပြင်ဖို့လိုမယ်။ အိပ်တဲ့ပုံစံကို ပြောင်းကြည့်ပါ။ ပက်လက်စန့်စန့် အိပ်ကြည့်ပါ။ စောင်းအိပ်ရတာလောက်တော့ ဇိမ်မကျဘူးပေါ့။ ပက်လက်ဆိုရင် ပါးစပ်ဟဖို့ အခွင့်အလမ်းနည်းတယ်။ ပါးစပ်ကောင်းကောင်းမပိတ်ဦးတော့ သွားရည်တွေ ခေါင်းအုံးအထိ ကျလာမှာကို တားရာရောက်မယ်။ ပက်လက်အိပ်ရတာကျင့်ဖို့ wedge pillows စပါယ်ရှယ်ခေါင်းအုံး သုံးနိုင်တယ်။

အိပ်ရင် သွားရည်ကျတာကြာတော့ အလေ့အထလိုဖြစ်လာတယ်။ ဒီအကျင့်က ဖျောက်ဘို့ခက်တာမို့ အလွယ်နဲ့စိတ်မပျက်ပါနဲ့။ “ခက်တာကို ရအောင်လုပ်မယ်”လို့ သန္နိဋ္ဌာန်ချ လုပ်ကြည့်ပါ။ ဒီအရေးမှာ တိုးတက်၊ အောင်မြင်ရင် သင်ဟာ အရာရာအတွက်ပါ စိတ်တန်ခိုးတိုးလာပါလိမ့်မယ်။

Most Popular

Healthy Life Ad
To Top