Healthy Life Ad
Health Tips

ကျောက်ကပ်ရောဂါအကြောင်း သိကောင်းစရာ

——၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊——-

နာတာရှည်ကျောက်ကပ်ရောဂါက ဒီနေ့ခေတ်မှာ အဖြစ်များလာတဲ့ ကျန်းမာရေးပြဿနာတစ်ရပ် ဖြစ်ပါတယ်။ ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါလို နာတာရှည်ရောဂါတွေကို စနစ်တကျ ကုသမှုမခံယူတာက ကျောက်ကပ်ရောဂါ ဖြစ်စေနိုင်တဲ့ အန္တရာယ်တစ်ခုဖြစ်တဲ့အတွက် ကျောက်ကပ်ရောဂါကို ကာကွယ်နိုင်ဖို့ သိထားသင့်ပါတယ်။

ကျောက်ကပ်ရောဂါ ဖြစ်စေနိုင်သည့် အဓိကအကြောင်းရင်းများ

ကျောက်ကပ်ရောဂါ ဖြစ်စေနိုင်တဲ့ အဓိကအကြောင်းတွေက သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါတို့ဖြစ်ပြီး ဒီရောဂါနှစ်မျိုးကြောင့် ကျောက်ကပ်ရောဂါ ဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်း ရှိပါတယ်။ အဝလွန်တာ၊ ဆေးလိပ်သောက်တာ၊ ကူးစက်ပိုးဝင်တာ၊ ဆီးကျောက်တည်တာ၊ ဆီးကျိတ်ကြီးတာ စတဲ့ အချက်တွေကလည်း ကျောက်ကပ်ရောဂါ ဖြစ်စေနိုင်တဲ့ အကြောင်းတွေပါ။ အကိုက်အခဲပျောက်ဆေးတွေကို ညွှန်ကြားချက်မပါဘဲ သုံးစွဲတာ၊ ပဋိဇီဝပိုးသတ်ဆေးတွေကို မလိုအပ်ဘဲသုံးစွဲတာ၊ မွေးရာပါ ကျောက်ကပ်ရောဂါရှိတာ စတဲ့အကြောင်းတွေကလည်း ကျောက်ကပ်ရောဂါဖြစ်နိုင်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

ကျောက်ကပ်ရောဂါ အစောပိုင်းလက္ခဏာများ

ကျောက်ကပ်ရောဂါရဲ့ အစောပိုင်းလက္ခဏာတွေက ခါးနာတဲ့ဝေဒနာနဲ့ ဆက်စပ်နေတတ်ပါတယ်။ တစ်ခါတလေ မောပန်းတာ၊ အားနည်းတာ၊ အစာစားချင်စိတ် လျော့နည်းတာ၊ ခြေထောက်နဲ့ မျက်ဝန်းတဝိုက် ဖောရောင်တာ၊ အသက်ရှူမဝတာနဲ့ သွေးတိုးတာ စတဲ့ လက္ခဏာတွေလည်း ဖြစ်ပေါ်တတ်ပါတယ်။ ဒီလိုလက္ခဏာတွေကို စောစောစီးစီး စစ်ဆေးတွေ့ရှိရင် အချိန်မီကုသနိုင်ပြီး ရောဂါတိုးတဲ့ ဖြစ်စဉ်လည်း ကြန့်ကြာသွားနိုင်ပါတယ်။

ကျောက်ကပ်ရောဂါ စစ်ဆေးနည်းများ

ဆီးထဲက သကြားဓာတ် ဒါမှမဟုတ် အယ်ဗြူမင်ဓာတ်၊ ယူရီယားစတာတွေကို စစ်ဆေးမှုလုပ်တာ၊ သွေးတိုးရောဂါ ရှိ၊ မရှိ စစ်ဆေးတာ စတဲ့ စစ်ဆေးမှုတွေက ကျောက်ကပ်ရောဂါ ရှိ၊ မရှိ စောစောသိနိုင်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။

ကျောက်ကပ်လုပ်ငန်းဆောင်တာ ထိခိုက်စေသည့်ဆေးများ

ဆေးတွေကို မလိုအပ်ဘဲ သုံးစွဲတာက ကျောက်ကပ်မှာရှိတဲ့ နက်ဖရွန်လေးတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာကို ဆန်းစစ်ပြီးနောက် ဆေးတွေကို ဂရုတစိုက် မှီဝဲသင့်ပါတယ်။ ဆေးတွေကို မလိုအပ်ဘဲ သောက်သုံးရင် ကျောက်ကပ်ရဲ့ နက်ဖရွန်လေးတွေကို ထိခိုက်စေနိုင်ပါတယ်။

ကျောက်ကပ်ဆေးစဉ် စားသင့်သောအစာ

နာတာရှည်ကျောက်ကပ်ရောဂါကြောင့် လူနာက ကျောက်ကပ်ဆေးနေချိန်မှာ လူနာရဲ့လိုအပ်ချက်ပေါ်မူတည်ပြီး သက်ဆိုင်ရာဆရာဝန်က ညွှန်ကြားပေးပါလိမ့်မယ်။ လူနာတချို့က ရေလျှော့သောက်သင့်သလို ပရိုတင်းပါတဲ့အစာကို များများစားသင့်ပါတယ်။

(Ref;zeenews)

Most Popular

Healthy Life Ad
To Top