Healthy Life Ad
Health Tips

ကျွန်မကို အမြဲနုပျိုကြည့်ကောင်းနေစေတဲ့ လျှို့ဝှက်ချက် (၁၁) ခု

——-၊ မီမိုးမေ(ဆေးဝါးတက္ကသိုလ်) ၊——–

ကျွန်မတို့ မိန်းကလေးတွေကို ဘယ်အရွယ်ပဲရောက်ရောက် နုပျိုလှပလန်းဆန်းပြီး အမြဲကြည့်ကောင်းနေစေဖို့ရာအတွက် သဘာဝကျတဲ့ နည်းလမ်းတွေကို အကြံပြုလိုက်ပါတယ်။

(၁) နှမ်းဆီလိမ်းခြင်း

နံနက်တိုင်း အရင်ဆုံးလုပ်ရမှာက သြဂဲနစ်နည်းပညာနဲ့ ထုတ်ထားတဲ့ နှမ်းဆီစစ်စစ်ကို ခန္ဓာကိုယ်မှာ လိမ်းပေးရမှာဖြစ်ပါတယ်။ ဒီလိုလိမ်းတာက လန်းလန်းဆန်းဆန်းရှိစေတဲ့အပြင် သွေးလှည့်ပတ်မှု ကောင်းစေပါတယ်။ နှမ်းဆီက အရေပြားကို စိုပြေစေပြီး တောက်ပစေပါတယ်။ ရေချိုးတဲ့အခါမှာ နှမ်းဆီက ဆဲလ်သေတွေကို ကွာကျစေပြီး သန့်ရှင်းစင်ကြယ်စေပါတယ်။

(၂) ငါးကြေးဆီကို စဉ်းစားခြင်း

ရောင်ရမ်းမှုကို လျော့ကျစေတဲ့ ငါးကြေးဆီဟာ အိုမင်းမှုကို ဟန့်တားပေးတဲ့အရာ ဖြစ်ပါတယ်။ ငါးကြေးဆီက နှလုံးကိုကျန်းမာစေပြီး ကိုယ်ခံစွမ်းအားရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းစေတဲ့အပြင် ဆံကေသာနဲ့ အသားအရေကို ကောင်းမွန်နေစေပါတယ်။ ဒါကြောင့် နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် အိုမီဂါသရီးဆေးတောင့် ၅၀ဝ မီလီဂရမ်ကို သောက်ပါ။

(၃) ဖောင်ဒေးရှင်းမိတ်ကပ်ကို ရှောင်ခြင်း

နေ့စဉ် ဖောင်ဒေးရှင်းမိတ်ကပ်ကို ထူထူလိမ်းတာက အရေးကြောင်းထင်စေတာကြောင့် မျက်ဝန်းအောက်မှာ ကွန်ဆဲလာနဲ့ စလိမ်းပြီး အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းသင့်ပါတယ်။

(၄) ရိုးရိုးစင်းစင်းပဲ ထိန်းသိမ်းခြင်း

အသားအရေထိန်းသိမ်းဖို့အတွက် အသားအရေထိန်းပစ္စည်းတွေ အများကြီးမလိုပါဘူး။ မျက်နှာကို မျက်နှာသစ်ဆေးနဲ့သစ်ပြီး အစိုဓာတ်ထိန်းခရင်မ်လိမ်းပြီး အိပ်ရေးဝ၀အိပ်တဲ့နည်းက ရိုးစင်းသလောက် အကောင်းဆုံးနည်း ဖြစ်ပါတယ်။

(၅) အဖြူရောင်သကြားကို လုံးဝမစားသင့်ခြင်း

အစားအသောက်ထဲမှာ ရှောင်သင့်တဲ့ အဓိကပါဝင်ပစ္စည်းက ပြုပြင်ထားတဲ့ သကြားဖြစ်ပါတယ်။ အဖြူရောင်သကြားဟာ အရေပြားထဲက ကော်လာဂျင်တွေကို အားနည်းစေတာကြောင့် အိုမင်းတဲ့ဖြစ်စဉ်ကို မြန်စေပါတယ်။ သကြားစားသုံးမှုများလွန်းတဲ့ သူတွေက အချိန်မတိုင်ခင် အရေးကြောင်းထင်တာနဲ့ အရေပြားလျော့တွဲကျတာတွေကို ဖြစ်စေနိုင်ပါတယ်။ သကြားအစား နေ့တိုင်း အသီးအနှံနဲ့ ဟင်းသီးဟင်းရွက် များများစားပေးသင့်ပါတယ်။

(၆) သကြားသုံးပြီး ကြေးချွတ်ခြင်း

အိမ်မှာ သကြားဖြူတွေရှိနေရင်လည်း အသုံးမဝင်တော့ဘူးလို့ မထင်ပါနဲ့။ ရေချိုးတဲ့အခါမှာ လက်တွေကို အပျော့စားဆပ်ပြာနဲ့ တိုက်ချွတ်ဆေးကြောပြီး အဖြူရောင်သကြားနဲ့ ကြေးချွတ်ပါ။ ဒီနည်းအတိုင်း တစ်ကိုယ်လုံးကို လုပ်ဆောင်ပေးလိုက်ရင် အသားအရေက ချောမွတ်သန့်စင်သွားပါလိမ့်မယ်။

(၇) မျက်ဝန်းကို ဂရုစိုက်ခြင်း

မျက်ဝန်းတစ်ဝိုက်က အရေပြားနေရာတွေကို သီးခြားဂရုစိုက်ပြီး ထိန်းသိမ်းပေးဖို့ လိုပါတယ်။ မျက်နှာလိမ်းခရင်မ်က အရေးကြောင်းပါးပါးတွေကို ချောမွတ်နုပျိုသွားစေပါတယ်။ ပြီးရင် မျက်ဝန်းကို အိုင်းခရင်မ်လိမ်းပြီး ထိန်းသိမ်းပေးပါ။

(၈) လက်အရေပြားကိုပါ ထိန်းသိမ်းခြင်း

လက်တွေပေါ်က အိုမင်းတဲ့ လက္ခဏာတွေကို စတင်သတိပြုမိတာနဲ့ မျက်နှာအသားအရေကို ထိန်းသိမ်းတဲ့နည်းလမ်းအတိုင်း လက်တွေကိုလည်း ထိန်းသိမ်းပေးသင့်ပါတယ်။ မျက်နှာကို ကြေးချွတ်/ပေါင်းတင်လုပ်တိုင်း လက်အသားအရေကိုလည်း ကြေးချွတ်၊ ပေါင်းတင်တာမျိုး လုပ်သင့်ပါတယ်။

(၉) အနှိပ်ခံတဲ့နည်းနဲ့ ဖိစီးမှုကို မောင်းထုတ်ခြင်း

အနှိပ်ခံလိုက်တဲ့အခါ ပိတ်ဆို့နေတဲ့ စွမ်းအင်တွေက ပွင့်သွားတာကြောင့် နုပျိုသလို ခံစားရစေပါတယ်။ တကယ်လို့ အနှိပ်ခံဖို့ အချိန်ကုန်၊ ငွေကုန် မခံနိုင်ရင် မိနစ် ၂၀ လောက် တရားထိုင်တာ၊ စိတ်တည်ငြိမ်အောင်နေတာနဲ့ ဆွဲဆန့်လေ့ကျင့်ခန်း လုပ်တာတွေကို လုပ်ဆောင်ရင်း အသက်ပြင်းပြင်း ရှူသွင်း/ရှူထုတ်လုပ်ပါ။ အနှိပ်ခံတာလိုမျိုး အကျိုးကျေးဇူးကို ရရှိစေနိုင်ပါတယ်။

(၁၀) ဗီတာမင် လိမ်းခြင်း

ဗီတာမင်စီပါတဲ့ခရင်မ်မှာ အင်တီအောက်ဆီးဒင့် များစွာပါဝင်တာကြောင့် အသားအရေကို နေရောင်ခြည်ဒဏ်ကြောင့် ထိခိုက်မှုကနေ ပြန်လည်ကောင်းမွန်စေနိုင်ပါတယ်။ နေရောင်ကာနိုင်တဲ့ ဗီတာမင်စီခရင်မ်ကို လိမ်းပေးရင် အသားအရေကို ပိုကျန်းမာလှပစေပါတယ်။

(၁၁) မျက်တောင်များကို ဂရုစိုက်ခြင်း

မျက်တောင်တွေကို ခြောက်သွေ့ကြွပ်ဆတ်ပြီး ကျွတ်ထွက်တာမျိုးမဖြစ်အောင် ဂရုစိုက်ပါ။ ညတိုင်း အိုင်းခရင်မ်လိမ်းတဲ့အခါ မျက်တောင်ထိပ်ပေါ်ကို အနည်းငယ်လိမ်းပေးရင် မျက်တောင်တွေသန်စွမ်းကာ ကြည့်ကောင်းနေစေပါတယ်။

Most Popular

Healthy Life Ad
To Top