Healthy Life Ad
Health Tips

အသက်ကြီးလာသော်လည်း အိုမင်းမှုကို နှေးကွေးစေနိုင်သည့် သောက်သုံးစရာ ၁၀ မျိုး

——၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊——-

အိုမင်းမှုက ရှောင်လွှဲလို့ မရပါဘူး။ ဆံပင်ဖြူတာ၊ ဆံပင်ကျွတ်တာနဲ့ မလိုချင်တဲ့ အရေးကြောင်းထင်တာတို့လို သိသာတဲ့ လက္ခဏာတွေ ပေါ်လာနိုင်ပါတယ်။ ဒီလိုအိုမင်းတဲ့ လက္ခဏာတွေ ပြေလျော့ဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှုပုံစံအတိုင်း နေထိုင်တာ၊ ကောင်းမွန်မျှတတဲ့ အစားအသောက်တွေကို စားသောက်တာတို့ လုပ်ဆောင်နိုင်ပါတယ်။ အသားအရေ တင်းရင်းစေဖို့ ရွေးချယ်သောက်သင့်တဲ့ အရည်တွေ ရှိပါတယ်။


(၁) ကော်ဖီ

ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်က ခန္ဓာကိုယ်ကို နာတာရှည်ရောင်ရမ်းမှုမရအောင် ကာကွယ်ပေးပါတယ်။ ကော်ဖီသောက်တာကြောင့် အရေပြားကင်ဆာဖြစ်နှုန်း လျော့ကျစေပါတယ်။ ဥရောပဂျာနယ်ရဲ့ လေ့လာမှုတစ်ခုအရ တစ်နေ့မှာ ကော်ဖီတစ်ခွက်သောက်တာက အရေပြားကင်ဆာဖြစ်နှုန်းကို ၁၀ ရာခိုင်နှုန်းခန့် လျော့ကျစေတယ်လို့ သိရပါတယ်။


(၂) သစ်သီးဒိန်ချဉ်

ဒိန်ချဉ်ထဲမှာ ငှက်ပျောသီး၊ စတော်ဘယ်ရီသီးတို့လို သစ်သီးတွေထည့်ပြီး သောက်တာက အိုမင်းမှုကို ဟန့်တားပေးပါတယ်။ ငှက်ပျောသီးမှည့်မှာပါတဲ့ ပက်တင်ဓာတ်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။ ပက်တင်က ကိုယ်တွင်းမှအန္တရာယ်ရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ဘယ်ရီသီးတွေမှာလည်း ဗီတာမင်စီ ပါဝင်မှုများတာကြောင့် အသားအရေကို နူးညံ့ပျော့ပျောင်းပြီး တောက်ပစေပါတယ်။


(၃) ဝိုင်

ဝိုင်တွေကို အလွန်အမင်းသောက်တာက အသည်းကို အလွန်အမင်းထိခိုက်စေနိုင်ပြီး သင်ထင်ထားတာထက် အိုမင်းစေနိုင်ပါတယ်။ အရက်ကို အသင့်အတင့်သောက်တာက ရောင်ရမ်းမှုကို လျော့ကျစေပြီး အိုမင်းမှုနဲ့ ဆက်စပ်နေတဲ့ ရောဂါတွေရဲ့ ဖြစ်နှုန်းကို လျှော့ချပေးပါတယ်။ အမျိုးသားဆိုရင် ဝိုင် တစ်နေ့နှစ်ဖန်ခွက်၊ အမျိုးသမီးဆိုရင် ဝိုင် တစ်နေ့တစ်ဖန်ခွက် သောက်ပေးတာက အယ်လ်ဇိုင်းမားရောဂါနဲ့ သူငယ်ပြန်မှတ်ဉာဏ်လျော့နည်းရောဂါ ဖြစ်နှုန်းကို တွန်းလှန်ပေးနိုင်ပါတယ်။ ဝိုင်မှာ ရက်စ်ဗာရထရော ပါဝင်တာကြောင့် ကောင်းကျိုးရှိစေလို့ပါ။


(၄) ရေ

အရွယ်ရောက်တဲ့ လူ့ခန္ဓာကိုယ်မှာ ရေ ၆၅ ရာခိုင်နှုန်းခန့် ပါဝင်ပြီး ရေဓာတ်ပြည့်ဝတာက ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေရဲ့ လုပ်ငန်းဆောင်တာတွေအတွက် ကောင်းကျိုးရှိပါတယ်။ ရေဓာတ်မပြည့်ဝရင် အရေပြားခြောက်သွေ့ပြီး အရေးကြောင်းထင်လွယ်စေပါတယ်။ ရေသောက်တာကြောင့် ကိုယ်တွင်းအဆိပ်အတောက်တွေကို ကင်းစင်စေပြီး အသားအရေ နုပျိုလန်းဆန်းစေပါတယ်။


(၅) လက်ဖက်စိမ်းလက်ဖက်ရည်

လက်ဖက်စိမ်းလက်ဖက်ရည်မှာ အိုမင်းမှုတား အင်တီအောက်ဆီးဒင့် ပါဝင်မှုများတာကြောင့် အရေးကြောင်းမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ မျက်နှာကို လက်ဖက်စိမ်းလက်ဖက်ခြောက်မှုန့်နဲ့ နှပ်ထားတဲ့ လက်ဖက်ရည်ကြမ်းတို့ရောပြီး သန့်စင်ပေးပါ။ လေ့လာမှုအမျိုးမျိုးအရ လက်ဖက်စိမ်းနဲ့ လက်ဖက်ခြောက်တွေကို မှန်မှန်သောက်သုံးသူတွေက နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။


(၆) ဥနီဖျော်ရည်

ဥနီမှာပါတဲ့ နိုက်ထရိတ်ဓာတ်က ဦးနှောက်ရဲ့အခန်း (Frontal Lobe)ဆီ သွေးစီးဆင်းမှုကောင်းစေပြီး အသက်ကြီးလို့ဖြစ်တဲ့ မှတ်ဉာဏ်ထိခိုက်မှုကို လျော့ကျစေပါတယ်။ ဥနီမှာပါတဲ့ အင်တီအောက်ဆီးဒင့်က ခန္ဓာကိုယ်ကို ဖရီးရယ်ဒီကယ်တွေ မကျရောက်အောင် ကာကွယ်ပေးပြီး အရေးကြောင်းတွန်းလှန်ပေးပါတယ်။


(၇) ဂရိတ်ဖရုဖျော်ရည်

ဂရိတ်ဖရုသီးမှာပါတဲ့ ဗီတာမင်စီက ကော်လာဂျင်ထွက်စေပြီး အသားအရေကို နူးညံ့ပျော့ပျောင်းစေပါတယ်။ ဂရိတ်ဖရုသီးမှာ ဗီတာမင်စီများစွာ ပါဝင်တာကြောင့် တစ်ဖန်ခွက်သောက်ပေးရင် အရေးကြောင်းကင်းစေပြီး နုပျိုစေပါတယ်။ အင်တီအောက်ဆီးဒင့် ရက်တီနောပါဝင်မှု များတာကြောင့် ဂရိတ်ဖရုသီးက အရေပြားထိခိုက်မှုကို ပြန်လည်ပြုပြင်ပေးပြီး အရေပြားရောင်ခြယ်ပစ္စည်း ထွက်ရှိမှုကို ကုသပေးပါတယ်။


(၈) အုန်းရေ

အုန်းရေမှာ သတ္တုဓာတ်တွေနဲ့ ဓာတ်ဆားပါဝင်မှု များတာကြောင့် အမိုင်နိုအက်စစ်၊ အဆီနဲ့ ကာဗိုဟိုက်ဒရိတ်တွေကို ချေဖျက်ရာမှာ အသုံးဝင်ပါတယ်။ အုန်းရေမှာ ဆိုင်တိုကိုင်နင်လို့ခေါ်တဲ့ အပင်ဟော်မုန်းတစ်မျိုး ပါဝင်တာကြောင့် ဆဲလ်ကြီးထွားမှု အားကောင်းစေပါတယ်။ ဆိုင်တိုကိုင်နင်က ကင်ဆာကို ဟန့်တားပေးပါတယ်။


(၉) ရှားစောင်းလက်ပပ်ဖျော်ရည်

ရှားစောင်းလက်ပပ်မှာ အမိုင်နိုအက်စစ်နဲ့ အာဟာရဓာတ်များစွာ ပါဝင်တာကြောင့် ကော်လာဂျင်ထုတ်လုပ်မှု တိုးစေပါတယ်။ ရှားစောင်းလက်ပပ်ဖျော်ရည်မှာပါတဲ့ အင်တီအောက်ဆီးဒင့်က အရေပြားကို အားဖြည့်ပေးပြီး အသားအရေ ပျော့ပျောင်းစေပါတယ်။


(၁၀) နွားနို့

လေ့လာမှုအရ အသက် ၃၀ အရွယ်မှာ နွားနို့သောက်တာကြောင့် ခန္ဓာကိုယ်အဆီ လောင်ကျွမ်းစေပြီး ကြွက်သားထုထည်ကို အားကောင်းစေတယ်လို့ သိရပါတယ်။

Most Popular

Healthy Life Ad
To Top