Healthy Life Ad
News

အလုပ်လုပ်တဲ့ မိခင်ရဲ့ကလေးတွေက ဘာကြောင့် ပိုပျော်ရွှင်သူတွေ ဖြစ်လာကြတာလဲ

အလုပ်လုပ်တဲ့ မိခင်တွေက သူတို့ကလေးတွေကို ချစ်ခြင်းမေတ္တာ၊ ကြင်နာခြင်းနဲ့ ဂရုစိုက်မှု အပြည့်အဝ မပေးနိုင်မှာကို စိုးရိမ်ပူပင်မှုတွေ ဖြစ်တတ်ကြပါတယ်။ သတင်းကောင်းအနေနဲ့ အလုပ်လုပ်တဲ့ မိခင်တွေရဲ့ သားသမီးတွေက အိမ်မှာ အချိန်ပြည့်နေတဲ့ မိခင်တွေရဲ့ သားသမီးတွေထက် အရွယ်ရောက်ချိန်မှာ ပိုပျော်ရွှင်ပြီး ပိုအောင်မြင်မှု ရရှိတယ်လို့ သုတေသနတွေက ဆိုပါတယ်။ သားတွေနဲ့ သမီးတွေဟာ အလုပ်လုပ်တဲ့ မိခင်ဆီက ရရှိတဲ့ ကောင်းကျိုးတွေရှိလို့ ဖြစ်တယ်ဆိုတာကို လေ့လာသူတွေက အောက်ပါအချက်တွေနဲ့ ပြောပြထားပါတယ်။

အလုပ်လုပ်တဲ့ မိခင်တွေရဲ့ ကလေးတွေက သူတို့နဲ့ သက်တူရွယ်တူတွေထက် စိတ်ဖိစီးမှုကို ပိုမိုလျှော့ချနိုင်တယ် အလုပ်လုပ်တဲ့ မိခင်အများစု တွေ့ကြုံရတာတွေကို ဥပမာပြောရမယ်ဆိုရင် မနက်ခင်းမှာ ကလေးက အမေကို ပွေ့ဖက်ထားချင်တယ်၊ အမေနဲ့အတူ ကစားချင်တယ် . .ဒါပေမဲ့ အမေက ကလေးကို နှုတ်ဆက်အနမ်းနဲ့ မထားချင်ထားချင် ထားခဲ့ပြီး အလုပ်ကို သွားခဲ့ရတယ်။ မိခင်ရဲ့စိတ်ထဲမှာ အပြစ်ရှိသလိုလို၊ လူမှုရေးမကျေပွန်သလိုလို၊ မိခင်ကောင်းမဟုတ်သလိုလို အတွေးတွေနဲ့ ဝမ်းနည်းနေတတ်ပါတယ်။ ပါမောက္ခကက်သလင်းရဲ့ လေ့လာမှုတစ်ခုအရ အလုပ်လုပ်တဲ့ မိခင်တွေဟာ သူတို့သားသမီးတွေရဲ့ ပျော်ရွှင်မှုကို တကယ်မထိခိုက်စေဘူးလို့ သိရပါတယ်။ အလုပ်လုပ်တဲ့ မိခင်တွေရဲ့ သားနဲ့သမီးတွေက ကလေးဘဝမှာ ပျော်ရွှင်သလိုပဲ အရွယ်ရောက်လာချိန်မှာလည်း ပျော်ရွှင်ကြပါတယ်။

နိုင်ငံပေါင်း ၂၉ နိုင်ငံက အမျိုးသားနဲ့ အမျိုးသမီးဦးရေ တစ်သိန်းကျော်ကို လေ့လာခဲ့တဲ့အခါ အလုပ်လုပ်တဲ့ မိခင်တွေဟာ အပြစ်ရှိသလိုလို ခံစားနေကြရပေမယ့် သူတို့ကလေးတွေက စိတ်ဖိစီးမှုကို ရင်ဆိုင်နိုင်ပြီး ပျော်ရွှင်မှုနဲ့ အောင်မြင်မှုကို ပိုစွမ်းဆောင်နိုင်တယ်လို့ သိရပါတယ်။ အလုပ်လုပ်တဲ့ မိခင်တွေရဲ့ သမီးတွေက သူတို့အလုပ်မှာ ပိုအောင်မြင်ပြီး ပိုကောင်းတဲ့လစာ ရရှိကြတယ် အလုပ်လုပ်တဲ့ မိခင်တွေရဲ့ သမီးတွေက အိမ်နေမိခင်တွေရဲ့သမီးတွေထက် အရွယ်ရောက်လို့ အလုပ်လုပ်ချိန်မှာ တစ်နှစ်တာဝင်ငွေပိုများပြီး ပိုကောင်းတဲ့ အလုပ်အကိုင်အခွင့်အလမ်း ရရှိနိုင်ခြေ ပိုများတယ်လို့ ကက်သလင်းရဲ့စစ်တမ်းအရ သိရပါတယ်။ အလုပ်လုပ်တဲ့မိခင်တွေရဲ့ အတွေ့အကြုံက သူ့ဘဝအတွေ့အကြုံ၊ အလုပ်အကိုင်၊ စွမ်းဆောင်မှုတွေနဲ့ ပူးပေါင်းပြီး သူတို့သမီးတွေကို အောင်မြင်တဲ့ အလုပ်အကိုင်ရအောင် ပြုစုပျိုးထောင်ပေးတတ်လို့ပါပဲ။

အလုပ်လုပ်တဲ့ မိခင်တွေရဲ့ သားတွေက သူတို့မိသားစုကို ပြုစုစောင့်ရှောက်လိုစိတ် ပိုရှိတယ် မိခင်အလုပ်လုပ်တဲ့အခါ ဖခင်ဖြစ်သူတွေကလည်း အိမ်အလုပ်တွေကို ကူလုပ်ပေးရတာကြောင့် သားတွေက အိမ်အလုပ်ဆိုတာ သူတို့လည်း လုပ်ရမယ်လို့ သိနားလည်စိတ် ပိုရှိလာတယ်လို့ ဆိုပါတယ်။ လေ့လာမှုအရ အလုပ်လုပ်တဲ့ မိခင်တွေရဲ့ သားတွေက သူတို့ဇနီးတွေကို ကူညီတာနဲ့ မိသားစုဝင်တွေကို စောင့်ရှောက်တာတို့နဲ့ တစ်ပတ်မှာ မိနစ် ၅၀ ခန့် အချိန်ပိုပေးတတ်တယ်လို့ သိရပါတယ်။ အလုပ်လုပ်တဲ့ မိခင်တွေရဲ့ သားတွေနဲ့သမီးတွေက သူတို့မိသားစုဘဝနဲ့ လူမှုဘဝမှာ စာနာညှာတာစိတ် ပိုရှိတတ်တယ် မိဘနှစ်ပါးစလုံးက အလုပ်လုပ်တဲ့ မိသားစုဘဝမှာ ကြီးပြင်းလာတဲ့ သားတွေက အလုပ်လုပ်တဲ့ ဇနီးသည်ကို ရွေးချယ်တတ်ပြီး လုပ်ငန်းခွင်မှာ အမျိုးသမီးတွေကို တန်းတူညီမျှ နေရာပေးတတ်တယ်လို့ လေ့လာမှုအရ သိရပါတယ်။ သမီးတွေဆိုရင်လည်း အလုပ်လုပ်ရတဲ့အတွက် သူတို့ကလေးတွေအပေါ် အပြစ်ရှိသလို ခံစားချက်မျိုးမရှိဘဲ မိခင်ဘဝနဲ့ လုပ်ငန်းခွင်ဘဝကို ဟန်ချက်ညီအောင် လုပ်ဆောင်နိုင်တယ်လို့ သိရပါတယ်။

Most Popular

Healthy Life Ad
To Top