Healthy Life Ad
Real Life

သင်သဘောအကျဆုံး ကျောက်တုံးလေးက ပြောပြနေသည့် သင့်အကြောင်း

—-၊ ကိုထက် ၊—-

ပုံမှာပြထားတဲ့ ကျောက်တုံးလေးတွေကို ကြည့်လိုက်ပြီး အများကြီးမတွေးဘဲနဲ့ သင့်စိတ်ထဲမှာ သဘောကျဆုံးလို့ ခံစားမိတဲ့ ကျောက်တုံးလေးတစ်တုံးကို ရွေးချယ်လိုက်ပါ။ ပြီးရင်တော့ သင်ရွေးလိုက်တဲ့ ကျောက်တုံးလေးဟာ သင့်ကို ဘယ်လိုစိတ်နေစိတ်ထား ရှိသူလဲဆိုတာ ပြသပေးမှာဖြစ်လို့ ဖတ်ကြည့်ပါဦး။

နံပါတ် (၁) Opalite ကျောက်တုံး

ပထမဦးဆုံး ကျောက်တုံးလေးကို ရွေးချယ်သူတွေဟာ အများအားဖြင့် အတွင်းစိတ်အေးချမ်းသူတွေပါ။ နေ့စဉ်နေ့တိုင်း ရှုပ်နေတဲ့အလုပ်တွေ၊ ဆူညံသံတွေနဲ့ စိတ်ညစ်စရာတွေရဲ့ အဝေးကို ထွက်သွားချင်နေပြီး အေးချမ်းတိတ်ဆိတ်တဲ့ ဘဝနေထိုင်မှုလေးကို တောင့်တနေသူတွေ ဖြစ်ပါတယ်။ ငြိမ်းချမ်းမှုကို တန်ဖိုးထားတတ်ပြီး ကိစ္စရပ်တိုင်းကို လေးလေးနက်နက် ဆင်ခြင်ဆုံးဖျက်ပြီး ဆောင်ရွက်တတ်လေ့ ရှိကြပါတယ်။ ရသမျှအခွင့်အရေးတွေ အကုန်လုံးကို အေးအေးချမ်းချမ်း နေထိုင်ခွင့်ရရေးအတွက် အသုံးချလေ့ရှိပါတယ်။

နံပါတ် (၂) Malachite ကျောက်တုံး

ဒီအစိမ်းရောင် ကျောက်တုံးလေးကို ရွေးချယ်ကြတဲ့ သူတွေရဲ့ စိတ်နေသဘောထားကတော့ စိတ်ကူးယဉ်ဆန်တတ်ကြပါတယ်။ စိတ်ထားနူးညံ့သူတွေလဲ ဖြစ်ကြပါတယ်။ နေ့ရက်တိုင်းမှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာဖို့သာ မျှော်လင့်နေတတ်ကြသူတွေ ဖြစ်ပါတယ်။ လုပ်ငန်းကိစ္စတွေမှာ အပြောင်းအလဲတွေအတွက် ကိုယ်တိုင်ဆုံးဖြတ်ချက်ချဖို့ အခွင့်အရေးရရှိခဲ့ပါက စိတ်အေးလက်အေးနှင့် သေချာစဉ်းစားပြီး ဆောင်ရွက်တတ်ပြီး အောင်မြင်မှုတွေရရှိစေမယ့် ဆုံးဖြတ်ချက်တွေကို ချပေးနိုင်သူတွေ ဖြစ်တတ်ကြပါတယ်။

နံပါတ် (၃) Sun Stone ကျောက်တုံး

အကောင်းမြင်ဝါဒီရှိပြီး စိတ်ထားကောင်းရှိသူ အများစုက ဒီကျောက်တုံးကို ရွေးချယ်လေ့ရှိကြပါတယ်။ အရာရာကို အကောင်းဖက်ကကြည့်ပေးပြီး နားလည်နိုင်စွမ်း ကောင်းကြသူတွေ ဖြစ်ကြပါတယ်။ ပျော်ပျော်နေတတ်ပြီး ခွင့်လွတ်နားလည်ပေးနိုင်စွမ်းလဲ မြင့်မားကြပါတယ်။ ပြဿနာတွေ ကြုံတွေ့လာပါက သေသေချာချာ လေ့လာစဉ်းစားပြီးမှ ဖြေရှင်းလေ့ရှိကြပါတယ်။ အကောင်းမြင်ပေးတတ်ပြီး နားလည်ပေးနိုင်စွမ်းတွေ ရှိတဲ့အတွက် ဘဝကအေးချမ်းပြီး ပျော်ရွှင်နေကြရတဲ့သူတွေ ဖြစ်ပါတယ်။

နံပါတ် (၄) Mahogany Obsidian ကျောက်တုံး

လေးခုမြောက်ကျောက်တုံးလေးကို ရွေးချယ်လိုက်တဲ့သူတွေဟာ ဖြတ်ထိုးဉာဏ်ရှိသူတွေလို့ ဆိုရမှာဖြစ်ပါတယ်။ စိတ်ခံစားချက်နဲ့ ဝါသနာပါတဲ့ အရာတွေကိုသာ ဂရုစိုက်လုပ်ဆောင်မယ်ဆိုရင် အောင်မြင်မှုတွေ ရရှိနိုင်မယ့်သူတွေပါ။ ပျင်းရိတတ်တဲ့ အကျင့်စရိုက်လေးတွေရှိနေပြီး တခြားသူတွေချပေးတဲ့ လမ်းကြောင်းကိုပဲ လျှောက်နေတတ်တဲ့အတွက် အောင်မြင်သင့်သလောက် မအောင်မြင်ပဲ ဖြစ်နေတတ်ကြပါတယ်။ ဒါကြောင့် စိတ်ဝင်စားတဲ့အရာကို သေချာတွေးတောပြီး တစိုက်မတ်မတ် ကြိုးစားသင့်တဲ့သူတွေ ဖြစ်ပါတယ်။

နံပါတ် (၅) Howlite ကျောက်တုံး

ငါးခုမြောက် အပြာရောင်ကျောက်တုံးလေးကို စိတ်ထဲက သဘောကျမိသွားတယ်ဆိုရင်တော့ သင်ဟာ ရှေးလူကြီးသူမတွေရဲ့ ဆုံးမစကားတွေ၊ ဆိုရိုးတွေ၊ တဘောင်၊ လင်္ကာ စတာတွေကို ယုံကြည်သက်ဝင်သူတွေ ဖြစ်တတ်ကြပါတယ်။ နေ့ရောညအချိန်မှာပါ စိတ်ကူးယဉ်နေတတ်ကြပါတယ်။ စိတ်ကူးယဉ်အိပ်မက်တွေ မက်နေတာ၊ အတွေးတွေ နယ်ချဲ့နေတာကြောင့် တိုးတက်မှုတွေ နှေးကွေးနေတတ်ပေမယ့် လူကြီးသူမတွေရဲ့ ဆုံးမစကားတွေကို နားထဲစွဲနေတတ်တဲ့ အကျင့်တွေကြောင့် အကျပ်အတည်းတွေ အခက်အခဲတွေ ကြုံတွေ့လာချိန်မှာတော့ အဆင်ပြေသွားအောင် ကောင်းကောင်းဖြေရှင်းနိုင်သူတွေ ဖြစ်ကြပါတယ်။

နံပါတ် (၆) Dalmatian Jasper ကျောက်တုံး

နောက်ဆုံးကျောက်တုံးလေးကို ရွေးချယ်သူတွေကတော့ ပျော်ပျော်နေတတ်သူတွေ ဖြစ်ကြပါတယ်။ သည်းထိတ်ရင်ဖို ကိစ္စတွေကို သဘောကျနှစ်သက်လေ့ ရှိကြပါတယ်။ အမြဲတက်တက်ကြွကြွ နေလေ့ရှိပြီး အပေါင်းအသင်းတွေ၊ ပျော်ပွဲရွှင်ပွဲတွေ ရှိနေပါက ဘယ်တော့မှမပင်ပန်းတတ်တဲ့သူပဲ ဖြစ်ပါတယ်။ စွန့်စားရတာကို သဘောကျနှစ်သက်ပြီး ကိစ္စရပ်တိုင်းကို မြန်မြန်ဆုံးဖြတ်ချက်ချပြီး ဆောင်ရွက်လေ့ရှိတဲ့အတွက် အမှားအယွင်းတွေ ဖြစ်တတ်ပေမယ့်လဲ သူများထက်တော့ အမြဲလက်ဦးနေလေ့ ရှိတတ်ကြပါတယ်။

Most Popular

Healthy Life Ad
To Top