Healthy Life Ad
Child

ကလေးငယ်ကို မဖြစ်မနေ သင်ပေးရမည့် တစ်ကိုယ်ရေသန့်ရှင်းရေး

စူး (ဆေးဝါးတက္ကသိုလ်)

သင့်တင့်တဲ့ သန့်စင်ထိန်းသိမ်းမှု နည်းလမ်းနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထတွေက ကလေးတွေကို မဖျားနာအောင် ကာကွယ်ပေးနိုင်ပြီး စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် ကလေးတွေကို တစ်ကိုယ်ရေသန့်ရှင်းရေး ကောင်းမွန်ဖို့ ငယ်ငယ်ကတည်းက သေချာသင်ပေးထားသင့်ပါတယ်။လက်ဆေးတာ၊ သွားတိုက်တာ၊ ပလုတ်ကျင်းတာ၊ ရေချိုးသန့်စင်တာ စတဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထတွေဟာ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စတွေကို ကင်းစင်စေပြီး မဖျားနာစေပါဘူး။ ဒါကြောင့် နေ့စဉ် သင့်ကလေး သန့်ရှင်းစင်ကြယ်နေအောင် ဒီနည်းလမ်းတွေကို သင်ကြားပေးသင့်ပါတယ်။

တစ်ကိုယ်ရေသန့်ရှင်းမှသာ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုရှိမှာ ဖြစ်တယ်ဆိုတာ သင့်ကလေးကို ပြောပြပေးပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး မကောင်းတဲ့သူတွေက ဆံပင်တွေက ညစ်ပတ်ပြီး အဝတ်အစားတွေက သန့်ပြန့်မှုကင်းကာ ခန္ဓာကိုယ်က အနံ့နံတာ၊ ခံတွင်းအနံ့ဆိုးထွက်တာ၊ ဖျားနာလွယ်တာ စတာတွေ ဖြစ်နေတတ်တာကြောင့် လူကြားထဲမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိ သွားလာလှုပ်ရှားနိုင်ဖို့ မလွယ်ပါဘူး။ ကူးစက်ပိုးတွေ မရအောင်နဲ့ ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာနေအောင် ကလေးကို ရေမှန်မှန်ချိုးပေးပါ။ နေ့စဉ်ခေါင်းလျှော်ဖို့ မလိုအပ်ပေမယ့် ဆံပင်တွေကို မညစ်ပတ်ခင်မှာ ခေါင်းလျှော်ပေးဖို့ လိုအပ်ပါတယ်။ ကလေးရဲ့လက်သည်း/ခြေသည်း မှန်မှန်ညှပ်ပေးပါ။ လက်သည်း/ခြေသည်းတွေကို သေချာညှပ်ပြီး သန့်ရှင်းခြောက်သွေ့အောင် ထားပေးတာက ပိုးဝင်မှုကင်းစေပါတယ်။

နံနက်တစ်ကြိမ်နဲ့ ညအိပ်ရာမဝင်ခင်တစ်ကြိမ်မှာ ကလေးကို သွားတိုက်ဖို့ မဖြစ်မနေပြောပေးပါ။ အစာစားပြီးတဲ့အခါတိုင်း သွားမတိုက်ပေးနိုင်ရင် ပလုတ်ကျင်းပေးပါ။ သွားတိုက်တာက သွားတွေပေါ် မှာ ကပ်ညိနေတဲ့ ဘက်တီးရီးယားပိုးတွေကို ကင်းဝေးစေပြီး သွားပိုးစားတာနဲ့ သွားဖုံးရောဂါတွေကို ကင်းဝေးစေပါတယ်။ သွားကြားပွတ်ကြိုးသုံးတာက သွားဖုံးတွေကို ကျန်းမာခိုင်မာစေပါတယ်။ သွားဖုံးရောဂါကို ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေက နှလုံးဆီကိုရောက်ရှိပြီး အလွန်ပြင်းထန်တဲ့ နှလုံးရောဂါကို ခံစားရစေနိုင်ပါတယ်။ သွားဖုံးနဲ့ သွားတွေမကောင်းရင် သွားနဲ့တာကို ဖြစ်စေပြီး အစားအစာတွေကို ကောင်းကောင်းကြိတ်ဝါးကာ မျိုချနိုင်စွမ်းကို လျော့ကျစေပါတယ်။ သွားနဲ့ခံတွင်း ကျန်းမာသန့်ရှင်းဖို့အတွက် သင့်ကလေးကို သွားဆရာဝန်ဆီ ခြောက်လတစ်ကြိမ် ခေါ်သွားသင့်ပါတယ်။

ကလေးရဲ့လက်ကို မကြာခဏ ဆေးကြောပါ။ အစာမစားခင်၊ အစာစားပြီး၊ အိမ်သာကအထွက်၊ ချောင်းဆိုးနှာချေအပြီးနဲ့ အမှိုက်သရိုက်တွေကို ကိုင်တွယ်ပြီးချိန်တွေမှာ လက်တွေကို စင်ကြယ်အောင် ဆေးကြောပေးသင့်ပါတယ်။ လက်ဆေးဖို့အတွက် ဆပ်ပြာနဲ့ရေကို အလွယ်တကူမရပါက အယ်လ်ကိုဟော အခြေခံလက်ဆေးဆပ်ပြာကို ဆောင်ထားခိုင်းပြီး အဲဒီဆပ်ပြာနဲ့ ဆေးကြောသန့်စင်ဖို့ သင်ပေးပါ။ ကလေးရဲ့ ခေါင်းအုံးစွပ်၊ အိပ်ရာခင်း၊ စောင်၊ ခြင်ထောင်တို့ကို မှန်မှန်လျှော်ဖွပ်ပါ။ ခေါင်းအုံးစွပ်နဲ့ အိပ်ရာခင်းတို့ကို တစ်ပတ်တစ်ကြိမ် လျှော်ဖို့လိုပြီး စောင်နဲ့ခြင်ထောင်တွေကို နှစ်ပတ်တစ်ကြိမ်လောက် လျှော်ပေးပါ။

ကလေးကို အိပ်ရေးဝ၀ အိပ်ခိုင်းပါ။ ညမအိပ်ခင် ကိုယ်လက်သန့်စင်ပြီး အိပ်ရေးဝ၀ အိပ်စက်အနားယူတာက နံနက်ခင်းမှာ လန်းလန်းဆန်းဆန်း နိုးထစေပါတယ်။ အိပ်ရေးမဝတာက ကလေးရဲ့ခန္ဓာကိုယ် ကိုယ်ခံအားစနစ်ကို ထိခိုက်စေကာ ဖျားနာလွယ်ပြီး အလွယ်တကူ စိတ်ဓာတ်ကျစေပါတယ်။ တချို့သူတွေက စိတ်ဓာတ်ကျတာနဲ့ ဝမ်းနည်းတာတို့ ခံစားနေရရင် ကိုယ့်ကိုယ်ကိုယ် လျစ်လျူရှုကာ နေချင်သလို နေတတ်ကြပါတယ်။ အဲဒီအခါ နောက်ဆက်တွဲ ဝေဒနာတွေကို ခံစားရရှိတတ်ပါတယ်။ ဒါကြောင့် တစ်ကိုယ်ရေသန့်ရှင်းရေးရဲ့ အရေးပါပုံကို သိနားလည်ပြီး ကိုယ့်ကိုယ်ကိုယ် ကျန်းမာသန့်ရှင်းအောင် အမြဲဂရုစိုက်ပေးတာက စိတ်ဓာတ်ကျတာနဲ့ ဝမ်းနည်းတာကို ကင်းဝေးစေပြီး ရွှင်လန်းကာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိ ရပ်တည်နိုင်လာပါလိမ့်မယ်။

Most Popular

Healthy Life Ad
To Top