Healthy Life Ad
International

မိန်းမကို ကျောက်ကပ်လှူပေးခဲ့သည့် အသက် ၅၁ နှစ်အရွယ် အမျိုးသား

ကိုထက်

ကျောက်ကပ်အစားထိုးကုသမှု မခံယူပါက အသက်ဆုံးရှုံးရတော့မယ့် အသက် ၇၄ နှစ်အရွယ် အမျိုးသမီးကို သူရဲ့အမျိုးသားဖြစ်သူ အသက် ၅၁ နှစ်အရွယ်အမျိုးသားက ကျောက်ကပ်လှူဒါန်းပေးခဲ့ပါတယ်။ ပီဂျီနီပါဟာ သူရဲ့မျိုးရိုးကြောင့် ကျောက်ကပ်မှာ ပြည်နဲ့သွေးခဲတွေ ပြည့်နေတဲ့အနာတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ကာလကြာမြင့်လာတဲ့အလျောက် သူရဲ့ကျောက်ကပ်က ပိုမိုပျက်စီးလာခဲ့ပါတယ်။ သူ့ကျောက်ကပ်ရဲ့ ၁၄ ရာခိုင်နှုန်းသာ လုပ်ငန်းလုပ်ဆောင်နိုင်တော့တဲ့အချိန်မှာ ကျောက်ကပ်အမြန်ဆုံး အစားထိုးဖို့ ဆရာဝန်တွေက တိုက်တွန်းခဲ့ကြပါတယ်။ ပီဂျီနီပါရဲ့ မိခင်ဖြစ်သူဟာ ဒီရောဂါနဲ့ သေဆုံးခဲ့တာဖြစ်ပြီး အစ်ကိုဖြစ်သူကလည်း ဒီရောဂါနဲ့ ရင်ဆိုင်နေရသူ ဖြစ်ပါတယ်။ ကျောက်ကပ်အတွင်း အရည်အိတ်တွေ၊ သွေးအိတ်တွေကြောင့် ကျောက်ကပ်ပုံစံကိုလည်း ပြောင်းလဲစေပြီး အချိန်နဲ့အမျှ ကျောက်ကပ်ကို ပျက်စီးစေတဲ့ မျိုးရိုးလိုက်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ သူနဲ့ကိုက်ညီမယ့် ကျောက်ကပ်အလှူရှင်ကို ရှာဖွေကြချိန်မှာ အမျိုးသားဖြစ်သူမိုက်က ကိုယ်တိုင်စစ်ဆေးမှု ခံယူပြီးနောက် ကိုက်ညီတာကို တွေ့ရှိခဲ့ကြပါတယ်။

“ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် သေအတူရှင်မကွာ လက်တွဲကြမယ်လို့ ကတိပေးကြသလိုပဲ ကျွန်တော်အသက်ရှင်မယ့်ရက်တွေ လျော့သွားပါစေ၊ သူ့အတွက်မျှပေးချင်ပါတယ်”လို့ မိုက်က ပြောပြခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ဆီးချိုသွေးချို၊ အစာခြေလမ်းကြောင်းနှင့် ကျောက်ကပ်ဆိုင်ရာအဖွဲ့မှ လက်ရှိအမေရိကန်လူမျိုး ခြောက်သိန်းခြောက်သောင်းခန့်ဟာ ကျောက်ကပ်ပျက်စီးတဲ့ ဝေဒနာခံစားနေရတယ်လို့ ထုတ်ပြန်ထားပါတယ်။ ကျောက်ကပ်အစားထိုး ကုသမှုခံယူဖို့ ၅ နှစ်ကနေ ၁၀ နှစ်လောက်အထိ အလှူရှင်ကို စောင့်နေသူဦးရေ ကိုးသောင်းသုံးထောင်ရှိတယ်လို့လည်း သိရပါတယ်။

တူညီတဲ့ ကျောက်ကပ်အလှူရှင်ရဖို့က အလွန်ခက်ခဲပြီး မိုက်နဲ့ပီဂျီတို့ဟာ သွေးအမျိုးအစားတင်သာမက တခြားအချက်များစွာလည်း တူညီမှုရှိကာ အလွန်ကိုကိုက်ညီတဲ့ အလှူရှင်နဲ့ အလှူခံသူတွေဖြစ်တယ်လို့ ဆရာဝန်တွေကဆိုပါတယ်။ ၄င်းတို့ ကုသမှုကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့ ပြုလုပ်ခဲ့ကြပြီး ကုသမှုအောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ “ကျွန်မတစ်ဘဝလုံး သူ့ဆီက ဘာလက်ဆောင်မှထပ်ပြီး မျှော်လင့်မိမှာမဟုတ်တော့ပါဘူး၊ သူနဲ့အတူရှိနေရတာကိုက ပြည့်စုံနေပါပြီ”လို့ ပီဂျီက ပြောပြခဲ့ပါတယ်။ ၄င်းတို့နှစ်ဦးလုံး အခုအခါ ကျန်းမာနေတဲ့အခြေအနေ ရောက်နေပြီဖြစ်တယ်လို့ သိရပါတယ်။

(Ref:DM 1-12-19)

Most Popular

Healthy Life Ad
To Top