Healthy Life Ad
Health Tips

ရင်သားအတု (Breast Implant)

ဒေါက်တာတင့်ဆွေ

(ကန်တော့ပါ)

၁။ ဆရာရှင့် ကျွန်မအသက်၂၄ နှစ်ပါ။ အိမ်ထောင်ရှိပါတယ်ဆရာ။ ကျွန်မရင်သား အရမ်းသေးနေလို့ ကန်တော့ပါဆရာ။ အဲ့ဒါ ခွဲစိတ်ပြုပြင်ချင်ပါတယ်။ ကျွန်မဆိုးကျိုး၊ ကောင်းကျိုးသိချင်လို့ အရင်လေ့လာတာပါ။ ဆီလီကွန်ထည့်ထားတော့ ကလေးရရင် နို့တိုက်လို့ ရပါသလားဆရာ။ ကင်ဆာရောဖြစ်နိုင်ပါလား။ ထိုင်းမှာ ခွဲစိတ်မှာဆို စရိတ်လေး ခန့်မှန်းပေးနိုင်လားရှင်။ ဆရာက ပိုက်ဆံအကြောင်း ထည့်မမေးရဘူးဆိုတာ သိပါတယ်ရှင့်။ ဒါပေမယ် တခြားနိုင်ငံဆိုတော့ မသိလို့ ဆရာ့ကိုအားကိုးတာပါ။ viva ဆိုပြီး ရင်သားကြီးဆေး ကိုရီးယားနိုင်ငံထုတ်ကော လိမ်းလို့ရပါသလားဆရာ။

၂။ ကျွန်တော့်သမီးက အသက် ၂၉ နှစ်၊ အပျိုပါ။ ၂၀၁၀ ဒီဇင်ဘာမှာ ရင်သား-ကင်ဆာဖြစ်လို့ နှစ်ဖက်စလုံးကို ဖြတ်လိုက်ပါတယ်။ Chemo ဆေးလည်း သွင်းပြီးပါပြီ။ ဓာတ်ရောင်ခြည်ကိုလည်း ၅ ပတ်ပြပြီးပါပြီ။ အခု Tamoxifen သောက်ပြီး Zoladex 10.8 mg ကို ၃ လတစ်ခါ ထိုးနေပါတယ်။ အခုသမီးက ရင်သားအတုတပ်ချင်လို့ ဆရာအနေနဲ့ တပ်သင့်၊ မသင့်နဲ့ ဗဟုသုတအနေနဲ့ ဘယ်လိုခွဲစိတ်ပြီး တပ်ဆင်တယ်ဆိုတာကို သိချင်လို့ ဆရာအားတဲ့အခါ အကြောင်းပြန်ပေးပါခင်ဗျာ။

အတုတွေက အများကြီးအသုံးကျတာ ဆေးပညာမှာရှိတယ်။ ခြေတုလက်တုတွေလို ရင်သားအတုဟာ အသုံးကျတဲ့ ဆေးပညာသုံးပစ္စည်းဖြစ်တယ်။ အရွယ်အစား၊ ပုံပန်းနဲ့ အထိအတွေ့တွေ ကောင်းလာစေဖို့အတွက် ရင်သားအတု လုပ်ပေးနိုင်တယ်။

ဒီလိုလူနာတွေကို လုပ်ပေးနိုင်တယ်။

• ရင်သားမှာ (ကင်ဆာ) ဖြစ်လို့ ခွဲစိတ်ထုတ်ပစ်လိုက်ရလို့၊

• မွေးရာပါ ရင်ဘတ်ပုံပန်း မမှန်ဖြစ်နေလို့၊

• ရင်သားသေးငယ်နေတာကို ပိုပြီးလှပချင်လို့နဲ့၊

• အရင်က ယောကျာ်းလိုလိုကနေ မိန်းမဖြစ်စေအောင် လိင်ပြောင်းပေးရတာတွေအတွက် လုပ်ကြရတယ်။

အခြေခံအားဖြင့် အသုံးပြုပစ္စည်း ၃ မျိုးရှိတယ်။ Saline (စေလိုင်းဆားရည်)၊ Silicone (စီလီကွန်) နဲ့ Composite တခြားအမျိုးအစားတွေ။ (စေလိုင်း) ဆိုတာလည်း (စီလီကွန်) အကာထဲမှာ ဆားရည်ထည့်ပေးထားတာဖြစ်တယ်။ တခြားဟာတွေမှာ Soy oil ပဲပုပ်ဆီ၊ Polypropylene string (ပေါ်လီပရိုပိုင်လင်း) စတာတွေသုံးတယ်။ ဆားရည်နဲ့လုပ်တဲ့ ရင်သားအတုထဲမှာ Salt water 0.90% w/v of NaCl, ca. 300 mOsm/L ဆားရည်ထည့်ထားတယ်။ ပေါ်ကာစတွေတုံးက ယိုတာမျိုး ဖြစ်ခဲ့ပေမဲ့ နောက်ပေါ်တွေက ပိုကောင်းလာတယ်။ ၂၀ဝ၆ လေ့လာမှုအရ (စီလီကွန်) သုံးထားသူကို ထပ်ခွဲပေးစရာလိုရင် ဒီအမျိုးအစားကို သုံးသင့်တယ်လို့ ထောက်ခံချက်ပေးထားတယ်။

(စီလီကွန်) ရင်သားတုဟာ ပဌမမျိုးဆက်ကို ၁၉၆၃ မှာ စသုံးတယ်။ မျက်ရည်ပေါက်ကလေးလို့ တင်စားတယ်။ ဒုတိယမျိုးဆက်က ၁၉၇၀မှာ စတယ်။ ပိုပြီးပါးလာတယ်။ စေးကပ်မှုလည်း လျှော့လိုက်တယ်။ ပေါက်လွယ်ပြန်တယ်။ တတိယနဲ့ စတုတ္ထမျိုးဆက်က ၁၉၈၀ ကျော်မှာလာတယ်။ ပဉ္စမမျိုးဆက်ကတော့ ၁၉၉၀ ကျော်မှာ ပေါ်လာတယ်။ ပိုပြီးမာခဲတာကိုသုံးတယ်။ ပေါက်တာယိုတာ နည်းစေတယ်။ ကိုယ်ရဲ့တခြားနေရာတွေကိုလဲ မရောက်စေဘူး။ ၂၀ဝ၄ နဲ့ ၂၀ဝ၅ လေ့လာမှုတွေအရ အဖုံးလွှာပိန်သွားတာနဲ့ ပေါက်ပြဲတာတွေ လျော့နည်းတာ တွေ့ရတယ်။

ရင်သားအတု ခွဲစိတ်နည်းတွေကို ဘယ်လိုအခြေအနေတွေမှာ သုံးနိုင်သလဲ –

၁။ ကင်ဆာဖြစ်လို့၊ ထိခိုက်ဒဏ်ရာရလို့ ရင်သား-မဖွံ့ထွားနိုင်တဲ့ရောဂါရှိလို့ ပဌမဆုံးအကြိမ် လုပ်ရတယ်။

၂။ နဂိုအနေရင်သားကို ပိုထွား-ပိုလှစေချင်လို့ ပဌမဆုံးအကြိမ်လုပ်ရတယ်။

“ရင်သားအတုတပ်ချင်သူ အမျိုးသမီးတွေဟာ အရွယ်အရ မကြီးကြသေးဘူး။ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုကြောင့် ရင်သားအတု တပ်ချင်စိတ်ဖြစ်ကြတယ်။ ကိုယ့်အလှကို ဒီထက်ပိုစေချင်တယ်။ ပြောင်တာ၊ နောက်တာကို မခံချင်ကြဘူးစသဖြင့်။ ၂၀ဝ၃ သုတေသနတွေအရ ရင်သားတုတပ်တဲ့ အမျိုးသမီးတွေမှာ စိတ်ပိုင်းကုသမှုပါ ခံယူကြရတယ်။”

၃။ အရင်တခါလုပ်ထားက မကောင်းနိုင်လို့ အသစ်ထပ်လုပ်ရတယ်။

ဓါးရာဘယ်လိုပေးရသလဲ၊ ခွဲစိတ်နည်း၊ ခွဲပြီး ဂရုစိုက်စရာတွေကိုလည်း မရေးတော့ပါ။ လုပ်ချင်သူတွေ စဉ်းစားနိုင်ကြအောင် နောက်ဆက်တွဲ ဖြစ်လာနိုင်တာတွေကိုတော့ ရေးပါမယ်။ ခွဲစိတ်မှုတိုင်းမှာ သတိထားစရာတွေဟာ အတူတူပါပဲ။ မေ့ဆေးအတွက် သတိထားစရာတွေ၊ သွေးယို-သွေးခဲတာ၊ မန်းရည်အောင်တာ၊ ပိုးဝင်တာတွေ အတူတူရှိနိုင်တယ်။ ရင်သားအတုထည့်လို့ သန့်သန့်ဖြစ်လာနိုင်တာတွေကတော့ ရင်သားနာမယ်၊ အထိအတွေ့မတူတာဖြစ်မယ်၊ ကလေးနို့တိုက်ရတာခက်မယ်၊ အရေးအကြောင်းတွေ မြင်နေရနိုင်တယ်၊ ဘယ်-ညာ မတူတာတွေ ဖြစ်နိုင်တယ်။ အဓိကပြဿနာတခုက ပေါက်ပြဲခြင်းဖြစ်တယ်။ (စေလိုင်း) တွေမှာ ထည့်ပြီးတဲ့နောက် ၃ နှစ်နေလို့ ပေါက်ပြဲတာ ၃-၅%ရှိတယ်။ ၁၀နှစ်နေရင် ၇-၁၀% ရှိတယ်။ ဆားရည်သုံးတာက ပေါက်နေရင် ပြားချပ်သွားမယ်။ ကိုယ်ကနေစုပ်ယူမယ်။ ထွက်လာတဲ့ (စီလီကွန်) တွေကတော့ တခြားနေရာတွေဆီ ရောက်သွားနိုင်တယ်။ ဥရောပမှာ ဒုတိယမျိုးဆက်က ၁၀ နှစ်အကြာမှာ ပေါက်ပြဲနှုန်း ၈-၁၅% ရှိခဲ့တယ်။

တခြားအတုတွေ ထည့်သလိုပဲ ရင်သားအတုကိုလဲ ကိုယ်ခန္ဓာထဲထည့်ရင် သတိထားစရာတွေရှိတယ်။ အတုပစ္စည်းရဲ့ဘေးမှာ(ကိုလာဂျင်-ဖိုင်ဘာ) တွေကနေလာပြီး ဖုံးအုပ်ကာကွယ်ပေးတယ်။ ရင်သားအတုရဲ့ အဖုံးလွှာကနေ ပုံပြောင်းသွားတာနဲ့ ကိုယ်ခန္ဓာတုံ့ပြန်မှုကြောင့် အဖုံးလိုဖြစ်တာကို ခွဲခြားသိဖို့လိုမယ်။ အာရုံကြောရောဂါတွေနဲ့ (ရူမတွိုက်)ရောဂါတွေ ဖြစ်နိုင်တယ်။ ပလက်တီနမ်သတ္ထုနဲ့ မတည့်တာလဲ သတိထားရတယ်။ ကာယကံရှင်က မကြိုက်ရင်၊ ခွဲစိတ်တာက တစ်ခုခုအဆင်မပြေဖြစ်ရင် ပြန်ပြင်ရတယ်။ ဆေးပြဿနာကနေ ဖြစ်တာတွေ၊ အဖုံးလွှာပုံပြောင်းတာ၊ ပေါက်ပြဲတာနဲ့ ပြားချပ်သွားတာတွေကြောင့် ထပ်ခွဲစိတ်ရတယ်။ ရင်သားတခုလုံး ပြန်လုပ်ရသူတွေမှာ ပိုအဖြစ်များတယ်။ ရင်သားကင်ဆာ ဖြစ်ထားသူတွေမှာလဲ များတယ်။

Silicone Breast Implants ကို ၁၇-၁၁-၂၀ဝ၆ မှာ FDA ကနေ အသိအမှတ်ပြုပေးခဲ့တယ်။ ခြောက်သန်းလောက်လို့ ခန့်မှန်းကြတယ်။ ဒါဆိုရင် အမျိုးသမီးမှန်သမျှရဲ့ ၅% ရှိမယ်။ ၂၀ဝ၈ မှာ စစ်တမ်းတခုကောက်တော့ ၃၀၇၀ဝ ယောက်မှာ ရင်သားကို လှချင်လို့ အတုထည့်ထားကြပြီး ၁၁၁၀ဝ၀ မှာ ရင်သားထုတ်လိုက်ရလို့ဖြစ်ဖြစ် မွေးရာပါချို့ယွင်းနေလို့ဖြစ်ဖြစ် ရင်သားအတုတပ်ထားကြတယ်။ ဒီစာရင်းထဲမှာ တခြားဆရာဝန်တွေကနေ လုပ်ပေးတာတွေ မပါသေးဘူး။

(စေလိုင်း)အမျိုးအစားဟာ ရင်သားကိုလှီးဖြတ်စရာ နည်းတာမျိုးဆို ပိုကောင်းတယ်။ ဓားရာပေးပြီး နောက်မှ ဆားရည်သွင်းပေးလို့ ဓါးရာနဲ့ ချုပ်ရိုးတွေလည်းငယ်မယ်။ Silicone-gel implants ဆိုတာက ကြိုတင်ဖြည့်ထားပြီးသားကို ထည့်ပေးရတယ်။ ဆားရည်အတုပေါက်သွားရင်တော့ ပြားချပ်လာမယ်။ ဆားရည်ကို ကိုယ်ခန္ဓာက စုပ်ယူလိုက်မယ်။ ဆားရည်က (ဆီလီကွန်) ထက်ပိုပြီး အရွယ်အစား၊ ပုံပန်းနဲ့ အထိအတွေ့ဆိုတာတွေမှာ ပိုသာတယ်လို့ ဆိုနိုင်ပေမဲ့ စုတ်ပြဲလွယ်မယ်၊ တွန့်နိုင်တယ်၊ ထိရင်-ကြည့်ရင်သိသာနိုင်တယ်။ ဒါ့ကြောင့် ရင်သားအသစ် ထည့်ရသူတွေအတွက်(စီလီကွန်)သုံးတာ ပိုကောင်းမယ်။ (ဆားရည်)ကို အသက် ၁၈ နှစ်ထက်ကြီးသူတွေ လှချင်လို့လုပ်ဖို့နဲ့ သူတို့ထက်အသက်ကြီးသူတွေ ရင်သားအသစ်လုပ်ဖို့သုံးတယ်။ (စီလီကွန်)တွေကို အသက် ၂၂ နှစ်အထက်ရှိသူတွေ ပိုကြီးချင်လို့လုပ်ဖို့နဲ့ သူတို့ထက် အသက်ကြီးသူတွေ ရင်သားအသစ်လုပ်ဖို့သုံးတယ်။ ၂၀ဝ၈မှာ ရင်သားတစ်ခုလုံး ထည့်ထားသူတွေရဲ့ ၅၃% ဟာ (ဆေလိုင်း) ဖြစ်ပြီး ၄၇% ဟာ (စီလီကွန်) ဖြစ်တယ်။ လှချင်လို့ လုပ်ရသူတွေက ပိုများလို့ဖြစ်မယ်။

အမေရိကားမှာ ရင်သားအတုကို Class III medical device လို့ သတ်မှတ်တယ်။ တခုခုဖြစ်နိုင်စရာ အဆင့် (၃) လို့ဆိုလိုတယ်။ ရင်သားအတုထည့်တာကို အမျိုးသမီးတွေရဲ့ စိတ်ဝင်စားမှုက တက်လိုက်ကျလိုက်နေတယ်။ ရာသက်ပန်ခံမယ်လို့တော့ အာမခံနိုင်ပါ။ ရင်သား-ကင်ဆာကို (မင်မိုဂရမ်) စစ်ဆေးရာမှာ ရှုပ်ထွေးတတ်တယ်။ သူများတွေထက် ပိုဂရုစိုက်ရမယ်။ ရင်သားထွားချင်-လှချင်လို့ လုပ်ထားသူမှာ ကလေးရလို့ နို့တိုက်တာမှာလဲ ခက်နိုင်တယ်။ FDA ကနေ(စီလီကွန်) အတုထည့်ထားပြီး ၃နှစ်ရဲ့နောက်ပိုင်း MRI 2 နှစ်တခါရိုက်ဖို့ အကြံပြုထားတယ်။ အထဲမှာဘာဖြစ်နေသလဲ သိအောင်လို့။ အထဲမှာ ပေါက်နေတာကို အပြင်ကနေ မသိနိုင်ဘူး။ အထဲမှာယိုစိမ့်နေလို့ နောက်ဆက်တွဲ ဖြစ်နိုင်တာတွေထဲမှာ ကင်ဆာတော့မပါ။

ရင်သားအတုတပ်ချင်သူ အမျိုးသမီးတွေဟာ အရွယ်အရ မကြီးကြသေးဘူး။ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုကြောင့် ရင်သားအတု တပ်ချင်စိတ်ဖြစ်ကြတယ်။ ကိုယ့်အလှကို ဒီထက်ပိုစေချင်တယ်။ ပြောင်တာနောက်တာကို မခံချင်ကြဘူး စသဖြင့်။ ၂၀ဝ၃ သုတေသနတွေအရ ရင်သားတုတပ်တဲ့ အမျိုးသမီးတွေမှာ စိတ်ပိုင်းကုသမှုပါ ခံယူကြရတယ်။ သူတို့မှာ ကိုယ့်ကိုယ်ကိုယ် မကျေနပ်ဖြစ်နေတာ၊ စိတ်ဓာတ်ကျနေတာ၊ တချို့ဆိုရင် သတ်သေချင်စိတ်ဝင်တာအထိ ဖြစ်ကြတယ်။ ဆောရီး။

ခွဲစိတ်ပြုပြင်ပေးထားသူတွေကို ထပ်လေ့လာတော့ စိတ်ကျန်းမာရေးရော လူနေမှုဘဝအရည်အသွေးပါ ပိုကောင်းလာကြတာ တွေ့ရတယ်။ ရုပ်သွင်၊ လူမှုရေး၊ ကိုယ့်ကိုယ်ကိုယုံကြည်မှု၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု၊ လိင်ပိုင်းကျေနပ်မှုတွေမှာပါ တိုးတက်လာကြတယ်။ လှချင်လို့လုပ်ထားသူတွေရဲ့ ၉၀-၉၅% က ကျေနပ်တယ်။ ဝေဖန်ရေးတွေ များလွန်းခဲ့တဲ့ ၁၉၉၁ မှာ ၃% အမျိုးသမီးတွေကသာ စိတ်မချတာမို့ ပြန်ထုတ်ချင်ကြတယ်လို့ ဆိုပါတယ်။ လှချင်လွန်းနေသူမှာ သူများထက် စိတ်တွန်းအားက များလွန်းနေရင် သိပ်တွက်ထားတတ်ကြတယ်။ ဖြစ်နိုင်တာထက်ပိုပြီး လှလိမ့်မယ်လို့ တွက်မထားသင့်ပါ။ ရင်သားအတုထည့်တာမှာ ဆရာဝန်နဲ့ လူနာဆွေးနွေးရွေးချယ်ကြပြီး အဆုံးအဖြတ်ကို လူနာကနေ လုပ်ရပါမယ်။

ကြော်ငြာပြီးရောင်းနေတဲ့ ရင်သားလိမ်းဆေးတွေ အများကြီးရှိတယ်။

Naturaful Breast Enlargement Cream $49.00

Naturaful Breast Enlargement/Enhancement Cream for Bigger Breasts $169.75

Niacinamide Vitamin B3 Cream Serum 5% $19.97

Breast Actives All Natural Breast Enhan­cement Supplement Capsules and Cream Combo Ki $45.95

ကျွန်တော်ကတော့ ဘယ်ဟာကိုမှ အာမခံချက် မပေးနိုင်ပါ။

Most Popular

Healthy Life Ad
To Top