Healthy Life Ad
Health Tips

ကိုယ်ဝန်ဆောင်ကာလ လိုအပ်သောအာဟာရဓာတ်များ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။

အရင်ဆုံး ကိုယ်ဝန်ဆောင်ချိန်ကို ရှင်းပြပါမယ်။ ကိုယ်ဝန်ဆောင်စဉ် ပထမသုံးလပတ်ကာလထဲက အလုံးလေးစဖြစ်မယ်။ အချင်းဖြစ်မယ်။ တဖြည်းဖြည်းနဲ့ ကြီးထွားလာမယ်။ ဒုတိယသုံးလပတ်ကာလဖြစ်တဲ့ ကိုယ်ဝန်ဆောင် ၁၃ ပတ်ကနေ ၂၇ ပတ်အတွင်းမှာ သန္ဓေသားက အကောင်အထည်ပေါ်လာပါပြီ။ အသက်ရှူတာတွေ၊ အင်္ဂါအစိတ်အပိုင်းဖွံ့ဖြိုးတာတွေ ဖြစ်လာပါပြီ။ ဦးနှောက်ကြီးထွားမှုလည်း စဖြစ်လာတာကြောင့် ဒီအချိန်လည်း အရေးကြီးပါတယ်။ တတိယသုံးလပတ်ကာလမှာဆိုရင် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းနဲ့ ခန္ဓာကိုယ်ကြီးထွားနှုန်းတွေက သိပ်ကိုမြန်သွားပါပြီ။ ဒါကြောင့် ဒီလိုအချိန်မှာ အာဟာရပြည့်ဝအောင်စားဖို့ လိုအပ်ပါတယ်။ ဒီလိုစားတဲ့အခါ မိခင်က နဂိုကတည်းက ကိုယ်အလေးချိန်ကျနေတာ၊ ကိုယ်အလေးချိန်များနေတာမျိုးဖြစ်နေရင် ကလေးမှာလည်း အဲဒီအကျိုးဆက်တွေပါသွားနိုင်ပြီး ကလေးကြီးလာတဲ့အခါ ကိုယ်အလေးချိန်နည်းလွန်းတာ ဒါမှမဟုတ် များလွန်းတာတွေ ဖြစ်တတ်ပါတယ်။ နောက်ပြီး နာတာရှည်ရောဂါတွေလည်း ဖြစ်သွားနိုင်ပါတယ်။

လိုအပ်သည့်အာဟာရများ

ကိုယ်ဝန်ဆောင်ချိန်မှာ ဗီတာမင်နဲ့သတ္တုဓာတ်တွေကို ပိုကျွေးဖို့လိုအပ်ပါတယ်။ အာဟာရပြည့်ဝအောင် စားသောက်နေရာမှာ နှစ်ယောက်စာစားဆိုတာကို လူကြီးနှစ်ယောက်စာအတွက် စားရမယ်ထင်ပြီး ကိုယ်ဝန်ဆောင်တွေက အစာများများစားကြပါတယ်။ တကယ်တော့ လူကြီးနှစ်ယောက်စာစားဖို့ မလိုအပ်ပါဘူး။ ကလေးအတွက်နဲ့ ကိုယ့်တစ်ကိုယ်စာအတွက်စားပေးရင် လုံလောက်ပါတယ်။ အများကြီးစားတဲ့အခါ ကိုယ်အလေးချိန်တက်ပြီး အဝလွန်လို့ မွေးဖွားရတာခက်ခဲတာမျိုး ဖြစ်တတ်ပါတယ်။ ဒီတော့ စားတဲ့အခါ ထမင်းတို့၊ ကစီဓာတ်တို့ အများကြီးစားဖို့ မလိုပါဘူး။ စားတဲ့အထဲမှာပါတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေသာ အလုံအလောက်ရရှိဖို့ပဲ လိုအပ်ပါတယ်။ နှစ်ယောက်စာကျန်းမာဖို့သာ အရေးကြီးပြီး နှစ်ယောက်စာအများကြီးစားဖို့တော့ မလိုပါဘူး။

“တချို့ကိုယ်ဝန်ဆောင်သည်တွေမှာ ဗီတာမင်ဒီချို့တဲ့တာမျိုး ဖြစ်တတ်ပါတယ်။ ဗီတာမင်ဒီ လျော့နည်းတဲ့အခါ အရိုးထဲကို ကယ်လ်စီယမ်ဓာတ်တွေ လိုအပ်သလို မပို့နိုင်တော့ပါဘူး။ နွားနို့တော့သောက်လိုက်တယ်။ ဒါပေမဲ့ ဗီတာမင်ဒီမရှိဘူးဆိုရင်တော့ နွားနို့က အချည်းနှီးဖြစ်သွားပါတယ်။ ကျန်တဲ့ဗီတာမင်တွေဖြစ်တဲ့ အေ၊ ဘီ ၁၊ ဘီ ၂၊ ကယ်လ်စီယမ်စတာတွေလည်း အရေးကြီးပါတယ်” . . .

နောက်ပြီး ဖောလစ်အက်စစ် ပုံမှန်သောက်ပေးဖို့ အဓိကလိုအပ်ပြီး အိုမီဂါ ၃ ဖက်တီးအက်စစ်လည်း သောက်ရပါမယ်။ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် DHA လိုအပ်ပါတယ်။ ဗီတာမင်ဒီလည်း လိုပါတယ်။ ဗီတာမင်ဒီကို ငါးသေးသေးလေးတွေစားပေးရင် ရနိုင်သလို၊ နေရောင်ခြည်ကနေလည်း ရရှိနိုင်ပါတယ်။ ဆရာမတို့နိုင်ငံမှာက နေရောင်ခြည် အလွယ်တကူရရှိနိုင်တဲ့ နိုင်ငံဖြစ်တာကြောင့် မနက် ၆ နာရီခွဲကနေ ၈ နာရီခွဲလောက်ထိ မိနစ် ၂၀ လောက် အချိန်ပေးပြီး ဗီတာမင်ဒီဓာတ်ကို ခံယူနိုင်ပါတယ်။

တချို့ကိုယ်ဝန်ဆောင်သည်တွေမှာ ဗီတာမင်ဒီ ချို့တဲ့တာမျိုးဖြစ်တတ်ပါတယ်။ ဗီတာမင်ဒီလျော့နည်းတဲ့အခါ အရိုးထဲကို ကယ်လ်စီယမ်ဓာတ်တွေ လိုအပ်သလို မပို့နိုင်တော့ပါဘူး။ နွားနို့တော့ သောက်လိုက်တယ်။ ဒါပေမဲ့ ဗီတာမင်ဒီမရှိဘူးဆိုရင်တော့ နွားနို့က အချည်းနှီးဖြစ်သွားပါတယ်။ ကျန်တဲ့ ဗီတာမင်တွေဖြစ်တဲ့ အေ၊ ဘီ ၁၊ ဘီ ၂၊ ကယ်လ်စီယမ်စတာတွေလည်း အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဗီတာမင်ဒီဓာတ် အပြည့်အဝရရှိဖို့ လိုအပ်သလို တခြားဓာတ်တွေလည်း မချို့တဲ့အောင် ဂရုစိုက်ပေးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top