Healthy Life Ad
Health Tips

လမ်းလျှောက်တတ်ပါရဲ့လား . . မိတ်ဆွေ

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

“လမ်းလျှောက်တတ်ရဲ့လား”လို့မေးလိုက်ရင် လမ်းပဲ . . လျှောက်တတ်တာပေါ့၊ လျှောက်တတ်လို့ပဲ နေ့တိုင်းသွားလာနေနိုင်တာ. . တစ်နေ့တစ်နေ့ လျှောက်နေတဲ့လမ်းတွေကို မနည်းလှဘူးရယ်လို့ လူအများဖြေကြပါလိမ့်မယ်။ တကယ်တော့ ရောဂါဝေဒနာတွေကို ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက်ဆိုရင် ဒီလို သာမန်နိစ္စဓူဝ လမ်းလျှောက်တတ်ရုံနဲ့တော့ မရပါဘူး။ အထူးသဖြင့် ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ အဝလွန်ရောဂါ စတဲ့နာတာရှည်ရောဂါတွေကို ကာကွယ်နိုင်ဖို့ဆိုရင် လမ်းလျှောက်တဲ့နေရာမှာ အချက်သုံးချက်နဲ့ ပြီးပြည့်စုံဖို့ လိုပါတယ်။

အဲဒီအချက်တွေက-

(၁) မောရမယ်၊

(၂) ရင်တုန်ရမယ်၊

(၃) ချွေးပြန်ရပါမယ် . . ဒါမှသာ လေ့ကျင့်ခန်းလုပ်ရာရောက်သလို ရောဂါကိုလည်း ထိထိရောက်ရောက် ကာကွယ်မှုပေးရာရောက်ပါတယ်။

ရောဂါကာကွယ်နိုင်တဲ့ ဒီလမ်းလျှောက်နည်းကို ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး ပါမောက္ခဦးကိုကိုက ပြောကြားထားတာဖြစ်ပါတယ်။ “ဆီးချိုသွေးချိုရောဂါကို ကာကွယ်ဖို့အတွက် လေ့ကျင့်ခန်းအနေနဲ့ လမ်းလျှောက်ပေးရပါမယ်။ တစ်ပတ်ကိုငါးရက်၊ တစ်ကြိမ်မှာ မိနစ် ၃၀ လျှောက်ပေးဖို့ လိုပါတယ်။ လမ်းလျှောက်ရင်လည်း အချက်သုံးချက်နဲ့ ပြည့်စုံဖို့လိုပါတယ်။ အဲဒါတွေက မောရမယ်၊ ရင်တုန်ရမယ်၊ ချွေးပြန်ရမယ် . . ဒီအချက်သုံးချက်နဲ့ပြည့်စုံရင် လေ့ကျင့်ခန်းလုပ်ရာရောက်ပါတယ်။ အစာစားပြီးရင် လှုပ်ပေးဖို့လိုပါတယ်။ အဲဒီလို လှုပ်ရှားမှုလုပ်တာကြောင့် ဆီးချိုသွေးချိုရောဂါကို ကာကွယ်ရာရောက်ပါတယ်” လို့ ပါမောက္ခဦးကိုကိုက ပြောပါတယ်။

အရင်က ဆီးချိုရောဂါဟာ အသက်ကြီးတဲ့သူတွေနဲ့သာဆိုင်တဲ့ရောဂါလို့ ကျွန်မတို့ထင်ခဲ့ကြပါတယ်။ အဲဒီတုန်းကလူငယ်တွေမှာ သိပ်အဖြစ်မများခဲ့တာလည်း ပါပါလိမ့်မယ်။ ဒါပေမဲ့ အခုအခါမှာတော့ အမျိုးအစား(၁)နဲ့ (၂) ဆိုပြီး နှစ်မျိုးရှိတဲ့ ဆီးချိုသွေးချိုရောဂါက အသက်ငယ်ငယ်ရွယ်ရွယ်မှာရော အသက်ကြီးသူတွေမှာပါ ဖြစ်တတ်တယ်ဆိုတာ သတိပြုမိလာပါပြီ။ “အခုနောက်ပိုင်း ဆရာတို့တွေ့လာရတာက အသက် ၁၂ နှစ်အရွယ် ခပ်ဝ၀ကလေးလေးတွေက ဆီးချိုသွေးချိုရောဂါဖြစ်နေတာကို တွေ့နေရပါတယ်။ ဒါကို အတော်စိုးရိမ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်တူ၊ ကိုယ့်သား၊ ကိုယ့်မြေးတွေဝနေရင် ဆီးချိုသွေးချိုရောဂါဖြစ်ဖို့ အခွင့်အလမ်းက အတော်များနေလို့ပါ”လို့ ပါမောက္ခဦးကိုကိုက ဆိုပါတယ်။

ဆီးချိုသွေးချိုရောဂါနဲ့ပတ်သက်ပြီး လူတိုင်းမဖြစ်မနေ သိထားသင့်တဲ့အချက်သုံးချက်က ဒီရောဂါဟာ –

(၁) ဆင်းရဲချမ်းသာမရွေးဖြစ်တယ်၊

(၂) အသက်ကြီးငယ်မရွေးဖြစ်တယ်၊

(၃) တောရောမြို့ပါမကျန် အကုန်ဖြစ်နေပါတယ်ဆိုတာပါပဲ။

သုတေသနပြုလုပ်ထားတဲ့ မှတ်တမ်းအရ မြန်မာနိုင်ငံမှာ လူ ၁၀ဝ ဆိုရင် ခြောက်ယောက်က ဆီးချိုရောဂါရှိနေတယ်လို့ တွေ့ရကြောင်းသိရပါတယ်။

“ဘယ်သူတွေ ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်သလဲဆိုရင် မျိုးရိုးရှိတဲ့သူတွေ ဖြစ်နိုင်တယ်။ အဖေ၊ အမေ၊ အဘိုး၊ အဘွားတွေမှာ ဆီးချိုရောဂါရှိရင် ကိုယ့်မှာဖြစ်ဖို့များတယ်။ လူနာတွေကို “မျိုးရိုးထဲမှာ ဆီးချိုရှိလား”လို့ မေးလိုက်ရင် “ရှိတယ်၊ ကျွန်မယောကျာ်း”လို့ ပြန်ဖြေတတ်ကြပါတယ်။ ဆီးချိုရောဂါက ဒီလိုနည်းနဲ့တော့ မကူးပါဘူး”

“ဘယ်သူတွေ ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်သလဲဆိုရင် မျိုးရိုးရှိတဲ့သူတွေ ဖြစ်နိုင်တယ်။ အဖေ၊ အမေ၊ အဘိုး၊ အဘွားတွေမှာ ဆီးချိုရောဂါရှိရင် ကိုယ့်မှာဖြစ်ဖို့များတယ်။ လူနာတွေကို “မျိုးရိုးထဲမှာ ဆီးချိုရှိလား”လို့ မေးလိုက်ရင် “ရှိတယ်၊ ကျွန်မယောကျာ်း”လို့ ပြန်ဖြေတတ်ကြပါတယ်။ ဆီးချိုရောဂါက ဒီလိုနည်းနဲ့တော့ မကူးပါဘူး” လို့ ဆရာက ဟာသနှောပြီး ပြောပြခဲ့ပါတယ်။ ပုံမှန်ဆိုရင် သွေးတွင်းသကြားဓာတ်က ဘယ်အချိန်စစ်စစ် ၂၀ဝ မကျော်ရပါဘူး။ ၂၀ဝ ကျော်နေရင် သံသယနည်းနည်းရှိတာကြောင့် ဆရာဝန်နဲ့ပြသင့်နေပြီဖြစ်ပါတယ်။

“အထူးသဖြင့် မျိုးရိုးရှိတဲ့သူ၊ အဝလွန်တဲ့သူ၊ သွေးတိုးရှိတဲ့သူတွေ စစ်သင့်ပြီး ဘာရောဂါမှမရှိရင်တောင် အသက် ၄၅ နှစ်ကျော်တာနဲ့ စစ်သင့်နေပါပြီ။ အသက် ၄၅ နှစ်ကျော်လာသူတိုင်းဟာ လက္ခဏာရှိရှိ၊ မရှိရှိ စစ်ဖို့အကြံပြုချင်ပါတယ်။ ဆီးချိုသွေးချိုရောဂါရှိသူတချို့မှာ ရေငတ်တာ၊ ဆီးအများကြီးသွားတာ၊ ပိန်ကျသွားတာ၊ ဆီးမှာပရွက်ဆိတ်အုံတာ စတဲ့လက္ခဏာတွေ ရှိတတ်ပေမယ့် ဘာလက္ခဏာမှ မရှိဘဲနဲ့လည်း ဆီးချိုသွေးချိုရှိနေနိုင်ပါတယ်။ ဒါကြောင့် ဆရာတို့အကြံပြုချင်တာက အသက် ၄၅ နှစ်ကျော်လာသူတိုင်း ဆီးချိုသွေးချိုရောဂါ ရှိ၊ မရှိ စစ်ကြည့်ဖို့ အကြံပေးချင်ပါတယ်”လို့ ပါမောက္ခဦးကိုကိုက အကြံပြုစကားဆိုပါတယ်။
မျိုးရိုးရှိတိုင်း ဆီးချိုရောဂါဖြစ်မှာလား၊ ဆီးချိုရောဂါက ကာကွယ်လို့ရသလားဆိုတာ သိချင်နေကြသူတွေအတွက် ဆရာက-“ဆီးချိုရောဂါကို ကာကွယ်လို့ရပါတယ်။ ကာကွယ်ချင်ရင် C သုံးလုံးကို မှတ်ထားသင့်ပါတယ်။

C-Count the calorie

ပေါက်စီတစ်လုံးစားလိုက်တယ်ဆိုရင် ဒီကယ်လိုရီပြန်ကြေဖို့ တစ်ကီလိုမီတာခွဲလောက် လမ်းလျှောက်ပေးဖို့လိုပါတယ်။ ဟမ်ဘာဂါတစ်ခုစားလိုက်ရင် ကယ်လိုရီ ၃၀ဝ ရတဲ့အတွက် ဒါကိုပြန်ကြေဖို့ တစ်နာရီတိတိ လမ်းလျှောက်ရပါမယ်။ ဟမ်ဘာဂါတစ်လုံးစားတိုင်း တစ်နာရီလမ်းလျှောက်ရမယ်။ ဒါကြောင့် ကိုယ်စားမယ့်အစားအသောက်ရဲ့ ကယ်လိုရီကို သတိထားပါ။

C-Choose the diet

ချိုလွန်း၊ ငန်လွန်း၊ အဆီများလွန်းတဲ့ အစားအသောက်တွေကို မစားသင့်ပါဘူး။ ကိုယ်ဘာစားနေသလဲဆိုတာ သိဖို့ကောင်းပါတယ်။ ရေဆာရင်ရေပဲသောက်ပါ။ အချိုရည်မသောက်ပါနဲ့။ ဘီယာမသောက်ပါနဲ့။ အချိုရည်သောက်တာကြောင့် ဆီးချိုသွေးချိုရောဂါဖြစ်ဖို့ အားပေးပါတယ်။

C- Comply လိုက်နာပါ

ဒီလိုစားသောက်နေထိုင်နည်းတွေကို ပုံမှန်လိုက်နာပေးဖို့ လိုပါတယ်” လို့ ရှင်းပြခဲ့ပါတယ်။

ဒီနေ့ခေတ်မှာ အလုပ်၊ ကျောင်း၊ သင်တန်း စသဖြင့် အချိန်မီရောက်ဖို့ သွားသုတ်သုတ်၊ လာသုတ်သုတ်နဲ့ စိတ်ရောကိုယ်ပါ ဖိစီးမှုများလှပါတယ်။ ဒီဖိစီးမှုကိုလည်း စိတ်ထဲမှာအကြာကြီးမထားဘဲ အမြန်ဆုံးပြေပျောက်အောင် လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ အရေးကြီးတဲ့အချက်အနေနဲ့ စိတ်ဖိစီးမှုများရင်လည်း ဆီးချိုရောဂါဖြစ်ဖို့ အားပေးတဲ့အတွက် တစ်နေ့ကို မိနစ် ၃၀၊ တစ်ပတ်မှာ မိနစ် ၁၅၀ လမ်းလျှောက်ပေးလိုက်ပါ။ ဒါဆိုရင် စိတ်ဖိစီးမှုလည်း လျော့ပါးစေ၊ ကယ်လိုရီအပိုတွေလည်း ကျစေတဲ့အပြင် ဆီးချိုသွေးချိုရောဂါကို ၃၅-၄၀ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ လမ်းလျှောက်တဲ့အခါမှာ အထူးသတိပြုရမယ့် အချက်သုံးရပ်ကတော့ မောရမယ်၊ ရင်တုန်ရမယ်၊ ချွေးပြန်ရပါမယ် . .

ကဲ.. မိတ်ဆွေ လမ်းလျှောက်တတ်ပါပြီလား။

Most Popular

Healthy Life Ad
To Top