Healthy Life Ad
International

၁၈နှစ်ကတည်းက လေ့ကျင့်ခန်းလုပ်တဲ့အကျိုးကြောင့် ၃၀ နှစ်လို့ထင်ရအောင် နုပျိုသန်စွမ်းသည့် ၆၇ နှစ်အရွယ်အမျိုးသား

ကိုထက်

ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့က မစ္စတာဖန်ဟာ နှစ် ၅၀ နီးပါး လေ့ကျင့်ခန်းလုပ်ခဲ့တဲ့အတွက် အခု အသက် ၆၇ နှစ်အရွယ်မှာ ၃၀ အရွယ်လူငယ်လို နုပျိုသန်စွမ်းနေပါတယ်။

မစ္စတာဖန်းက အရပ် ၁ ဒသမ ၇၅ မီတာရှည် ပြီး ကိုယ်အလေးချိန် ၈၇ ကီလိုရှိကာ မိသားစုနဲ့အတူ နေထိုင်သူပါ။ အသက်ကြီးလာတဲ့အခါ လူ့ခန္ဓာကိုယ်ရှိ အရေပြား၊ အရိုးတွေမှာ ပြဿနာမျိုးစုံရှိလာပြီး ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေရဲ့ လုပ်ငန်းဆောင်တာ ထိခိုက်လာပါတယ်။ ဒါပေမဲ့ ၆၇ နှစ်အရွယ် မစ္စတာဖန်ကတော့ ပဋိဇီဝပိုးသတ်ဆေးတစ်လုံးတောင် မသောက်ဖူးသူ၊ ဆေးရုံတောင် မသွားဖူးသူပါတဲ့။ သူရဲ့ကျန်းမာရခြင်း လျှို့ဝှက်ချက်ကတော့ နေ့စဉ်နေ့တိုင်း လေ့ကျင့်ခန်းလုပ်တာပဲ ဖြစ်တယ်လို့ သူကဆိုပါတယ်။

နေ့စဉ် မနက် ၆ နာရီအိပ်ရာထပြီး ၄၀ မိနစ်ကနေ တစ်နာရီကြာ အိမ်နားကပန်းခြံထဲမှာ လမ်းလျှောက်ပါတယ်။ ပြီးရင် အားကစားခန်းမကိုသွားပြီး နှစ်နာရီကြာ လေ့ကျင့်ခန်းလုပ်ပါတယ်။ အသက် ၁၇ နှစ်အရွယ်မှာ မစ္စတာဖန်းက သူ့ခန္ဓာကိုယ်ပိုကျစ်လျစ်ဖို့ လက်ဝှေ့ထိုးသင်တန်းနဲ့ ဆက်သွယ်ခဲ့ပြီး နောက်ပိုင်းမှာ ခန္ဓာကိုယ်ကြံ့ခိုင်အောင် အားကစားခန်းမကို သွားခဲ့ပါတယ်။

“အားကစားခန်းမဟာ ကျွန်တော့်ဘဝရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ မနက်ဆိုရင် အဲဒီကိုသွားပြီး လေ့ကျင့်ခန်းလုပ်တယ်။ အိမ်မှာနေရတာပျင်းစရာကြီး” လို့ မစ္စတာဖန်းက ဆိုပါတယ်။ အားကစားခန်းမမှာ အသက်ကြီးဆုံးဧည့်သည်ဖြစ်တဲ့ မစ္စတာဖန်းက ပုံမှန်အလာဆုံး လေ့ကျင့်ခန်းလုပ်သူလည်းဖြစ်ပါတယ်။ မိုးရွာရင်တောင် လေ့ကျင့်ခန်းလုပ်ဖို့ မပျက်ကွက်သူပါတဲ့။ အခုအခါမှာ သူ့ခန္ဓာကိုယ်က ပျော့ပျောင်းသန်စွမ်းပြီး ကီလို ၇၀ လေးတဲ့အရာကို တွန်းဖို့တောင် ယုံကြည်ချက်ရှိသူပါ။ မစ္စတာဖန်းကတော့ သူလေ့ကျင့်ခန်းလုပ်ခြင်းရဲ့ အဓိကရည်ရွယ်ချက်ဟာ သန်စွမ်းဖို့နဲ့ ပျော့ပျောင်းဖို့ ဖြစ်တယ်လို့ ဆိုထားပါတယ်။

(Ref;Feedytv 9-1-19)

Most Popular

Healthy Life Ad
To Top