Healthy Life Ad
International

သီချင်းသံစဉ်များနားထောင်ခြင်းက လေဖြတ်ဝေဒနာကို ပြန်လည်ကောင်းမွန်လာစေနိုင်

ကိုထက်

အင်္ဂလန်နိုင်ငံရှိ လေ့လာသူတွေဟာ လေဖြတ်ဝေဒနာနဲ့ ဂီတကုထုံးတွေအကြောင်း လေ့လာမှုပြုလုပ်လျက်ရှိပါတယ်။ ၄င်းတို့ရဲ့ လေ့လာချက်တွေအရ သီချင်းနားထောင်ခြင်းက လေဖြတ်ဝေဒနာ ခံစားနေရသူတွေကို ပြန်လည်ကောင်းမွန်လာစေဖို့ များစွာအထောက်အကူပြုတာကို တွေ့ရှိခဲ့ကြတယ်လို့ လေ့လာသူတွေက ထောက်ပြခဲ့ကြပါတယ်။

အင်္ဂလန်နိုင်ငံမှာ လေဖြတ်ခြင်းကြောင့် လှုပ်ရှားသွားလာမှု မပြုလုပ်နိုင်တော့သူနဲ့ သေဆုံးသူဦးရေ များပြားလျက်ရှိတယ်လို့ သိရပါတယ်။ စကားပြောဆိုရခက်ခဲခြင်း၊ မှတ်ဉာဏ်ပိုင်းဆိုင်ရာ ပြဿနာတွေ စတဲ့စိတ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲ ဝေဒနာတွေလည်း တွေ့ကြုံခံစားနေကြရပါတယ်။ ဂီတကုထုံးကို ပညာရှင်များစွာက လေ့လာလျက်ရှိကြပြီး လက်ရှိလေ့လာမှုအရ တူရိယာတစ်ခုခုတီးခြင်း၊ သီချင်းနားထောင်ခြင်း စတာတွေ ပြုလုပ်ပေးစေတာကြောင့် လေဖြတ်နေသူရဲ့ ဦးနှောက်လုပ်ငန်းဆောင်တာတွေကို အလုပ်လုပ်စေကာ ပြန်လည်ကျန်းမာသာစွမ်းလာရေးကို များစွာအထောက်အကူ ဖြစ်စေတယ်လို့ လေ့လာသူတွေက ထုတ်ပြန်ခဲ့ကြတာဖြစ်ပါတယ်။

အဲဒီလေ့လာမှုကို အန်ဂလီယာရုကင် တက္ကသိုလ်မှ ဒေါက်တာအဲလစ်စတွီက ဦးဆောင်ခဲ့တာဖြစ်ပြီး ကန်းဘရေ့ရှိ လေဖြတ်ခြင်းကြောင့် အိပ်ရာထဲလဲနေရတဲ့ လူနာ ၂၆ ယောက်ကို စနစ်တကျ သုတေသနပြုလုပ်ခဲ့ကြတာ ဖြစ်တယ်လို့သိရပါတယ်။ အာရုံကြောဆိုင်ရာ ဂီတကုထုံးကို စိတ်ပိုင်းဆိုင်ရာကုသမှုတွေမှာ အသုံးပြုနေပြီးဖြစ်ပါတယ်။ မှတ်တမ်းတွေအရ နှစ်နှစ်အတွင်း လူနာ ၁၇၇ ယောက်ကို ဂီတကုထုံးကုသမှုပေါင်း ၆၇၅ ကြိမ် ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ ပျမ်းမျှအားဖြင့် လူနာ ၁၃၉ ယောက်ကတော့ အလွန်ကောင်းမွန်တဲ့ ရလဒ်တွေရရှိခဲ့ကြပြီး ၅၂ ယောက်ခန့်ကတော့ ၄င်းတို့ မူလခံစားနေရတဲ့ မကောင်းတဲ့ စိတ်ခံစားချက်တွေ လျော့ကျသွားပြီး အဆင်ပြေတဲ့အနေအထားကို ပြန်လည်ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

ဂီတကုထုံးရဲ့ သိသာတဲ့ရလဒ်ကတော့ စိတ်ဓာတ်ကျနေတာ၊ ဝမ်းနည်းတာ စတဲ့ခံစားချက်တွေကို သိသိသာသာလျော့ကျစေပြီး စိတ်ကြည်နူးမှုကို ပြန်လည်ခံစားလာစေနိုင်တာဖြစ်တယ်လို့ ဆိုပါတယ်။ ဂီတကုထုံး ၅ ခါခံယူပြီးတိုင်း ကိုယ်လက်လှုပ်ရှားမှု တစ်ခါပြုလုပ်ပေးခြင်းဖြင့် လှုပ်ရှားမှုပိုင်းဆိုင်ရာမှာ တိုးတက်လာတာကို သတိထားမိနိုင်တယ်လို့ သိရပါတယ်။

ကိုယ်တိုင်တူရိယာတွေကို ကိုင်တွယ်တီးခတ်ပါက ပိုပြီးထိရောက်မှုရှိစေတယ်လို့ ဂီတကုထုံးနဲ့ ကုသပေးနေတဲ့ ဆရာဝန်သူနာပြုတွေက ပြောပြခဲ့ပါတယ်။ ကိုယ်တိုင်တီးခတ်လိုက်ပြီး သံစဉ်တွေကို ကိုယ်တိုင်ပြုလုပ်ဖန်တီးလိုက်တဲ့အခါ ၄င်းတို့ရဲ့ စိတ်အာရုံတုန့်ပြန်မှုက ပိုမိုကောင်းမွန်စေတာကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။ ‘‘ဂီတကုထုံးကို ပညာရှင်တော်တော်များများက လက်ခံပြီး စမ်းသပ်ကုသမှု ပြုလုပ်ပေးနေကြပါတယ်၊ လေဖြတ်နေသူတွေအတွက် ဂီတကုထုံးကို သီးခြားကုထုံးတစ်ခုအနေနဲ့ သတ်မှတ်ဖို့ကတော့ ပိုပြီးတိကျတဲ့ စမ်းသပ်မှုရလဒ်တွေ လိုအပ်နေပါသေးတယ်။ လက်ရှိမှာတော့ တခြားကုထုံးတွေနဲ့ တွဲဖက်ပြီးတော့သာ ကုသပေးသင့်ပါတယ်’’လို့ ဦးဆောင်မှုကို လေ့လာခဲ့သူ ဒေါက်တာရေ့ချက်က ပြောပြခဲ့ပါတယ်။

(Ref;DM)

Most Popular

Healthy Life Ad
To Top