Healthy Life Ad
International

ကိုရိုနာဗိုင်းရပ်စ်ကို အိမ်မွေးတိရစ္ဆာန်များတွင်လည်း သတိထားသင့်ဟု ဟောင်ကောင်ပညာရှင်များပြောကြား

ကိုထက်

ဟောင်ကောင်ရှိ အိမ်မွေးခွေးတစ်ကောင်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးခံထားရတာကို စစ်ဆေးတွေ့ရှိ ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပြီး ဟောင်ကောင်ရှိ ပညာရှင်တွေက အိမ်မွေးတိရစ္ဆာန်တွေကိုပါ သတိထားဖို့ ထုတ်ပြန်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဗြိတိန်ပညာရှင်တွေကတော့ ဒီအချက်က မမှန်ကန်နိုင်ကြောင်း ငြင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ဟောင်ကောင်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀ဝ ဦးကျော်ပြီဖြစ်ပြီး ၂ ဦးသေဆုံးသွားပြီဖြစ်တယ်လို့ သိရပါတယ်။ ကိုရိုနာကူးစက်ခံထားရသူ တစ်ဦးရဲ့ အိမ်မွေးခွေးကို စစ်ဆေးပြီးနောက် ကိုရိုနာပိုးကို တွေ့ရှိခဲ့ကြတယ်လို့ သိရပါတယ်။ ဒါဟာ လူကတိရစ္ဆာန်ကို ပြန်လည်ကူးစက်တဲ့အဆင့်ဖြစ်တယ်လို့ ဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီအချက်ကို တရားဝင်ထုတ်ပြန်ဖို့အတွက် အငြင်းပွားစရာတွေ ရှိနေကြပါတယ်။

ဗြိတိန်မှ ပညာရှင်တွေက ဒီစစ်ဆေးတဲ့ နမူနာဟာ ခွေးရဲ့အပြင်ပိုင်း နှာခေါင်းနဲ့ ပါးစပ်တဝိုက်မှဖြစ်ပြီး ခွေးရဲ့သွေးကြောအတွင်းမှ နမူနာမဟုတ်တဲ့အတွက် ရလဒ်က အတည်မပြုနိုင်ဘူးလို့ ဆိုထားပါတယ်။ ၄င်းတို့ရဲ့ လက်ရှိအချိန်ထိ စစ်ဆေးမှုတွေအရ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ အိမ်မွေးတိရစ္ဆာန်တွေကို ကူးစက်ခြင်း မရှိသေးကြောင်းနဲ့ အိမ်မွေးတိရစ္ဆာန်တွေမှတစ်ဆင့် လူတွေမှာ ကူးစက်ပြန့်ပွားနိုင်တယ်ဆိုတဲ့အချက် မတွေ့ရသေးကြောင်းကို ထုတ်ပြန်ခဲ့ကြပါတယ်။ တစ်ချိန်ချိန်မှာတော့ အိမ်မွေးတိရစ္ဆာန်တွေကို ကူးစက်တာမျိုးတော့ ဖြစ်လာကောင်း ဖြစ်လာနိုင်ပေမယ့် အချိန်ခဏလေးအတွင်းမှာ သက်ရှိမျိုးစိတ် တစ်မျိုးကနေတစ်မျိုးကို ကူးစက်နိုင်တဲ့ ပိုးအဆင့်ပြောင်းလဲခြင်းဖြစ်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

Canine coronavirus လို့ခေါ်တဲ့ ခွေးတွေမှာ အဖြစ်များပြီး ကူးစက်တတ်တဲ့ ဗိုင်းရပ် feline infectious peritonitis လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့တူပြီး ကြောင်တွေမှာဖြစ်တဲ့ပိုးတွေ စသဖြင့် တခြားပိုးအမျိုးအစားတွေတော့ ရှိပါတယ်။ ဒါပေမဲ့ ဒီပိုးတွေက လူတွေကို မကူးစက်နိုင်ပါဘူးလို့ တိရစ္ဆာန်ကုဆရာဝန်တွေက ထောက်ပြခဲ့ကြပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တာဝန်ရှိသူတွေကလည်း လက်ရှိအချိန်ထိ COVID-19 ဟာ ခွေးတွေ၊ ကြောင်တွေမှာကူးစက်တယ်ဆိုတဲ့ အခြေအနေမရှိသေးပါဘူးလို့ ထုတ်ပြန်ခဲ့ကြပါတယ်။ ဒါပေမဲ့ လူတိုင်းဟာ အိမ်မွေးတိရစ္ဆာန်တွေကို ထိတွေ့ပြီးပါက လက်ကိုဆပ်ပြာနဲ့ သေချာစွာဆေးသင့်ပါတယ်၊ တိရစ္ဆာန်တွေကို ပွေ့ဖက်တာ၊ နမ်းရှုံ့တာတွေ မပြုလုပ်သင့်ပါဘူး၊ တကယ်လို့ မိမိအိမ်မွေးတိရစ္ဆာန်ဟာ ထူးခြားတဲ့ပုံစံ ပြောင်းလဲလာတာ၊ နေထိုင်မကောင်းဖြစ်တာတွေရှိရင်တော့ အမြန်ဆုံးနီးစပ်ရာ တိရစ္ဆာန်ကုဆေးခန်းကို သွားရောက်ပြသပေးပါလို့ အကြံပြုထားပါတယ်။

လက်ရှိအချိန်မှာတော့ ဟောင်ကောင်အစိုးရမှ အိမ်မွေးတိရစ္ဆာန်တွေကိုလည်း သတိထားသင့်ကြောင်းနဲ့ ကိုင်တွယ်ပြီးပါက လက်ကိုသေချာဆေးကြောသင့်ကြောင်းသာ ထုတ်ပြန်ထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရပြီးသူတွေအနေနဲ့လည်း မိမိတို့ရဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ထိတွေ့ခြင်းမပြုလုပ်ကြဖို့လည်း မှာကြားထားပါတယ်။ ထိုခွေးကိုလည်း ၁၄ ရက်သီးခြားစောင့်ကြည့်သွားဖို့ ထိန်းသိမ်းထားတယ်လို့လည်း သိရပါတယ်။

(Ref;DM ၇-၃-၂၀၂၀)

Most Popular

Healthy Life Ad
To Top