Healthy Life Ad
Life Style

မြန်မာပြည်မှာ ဝူဟန်ကိုရိုနာဗိုင်းရပ်စ် (Covid-19) ဘာကြောင့် မဖြစ်သေးတာလဲ . . .

(အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်၏ သုံးသပ်ချက်)

မေး. နိုင်ငံအများစုမှာ ဖြစ်နေတဲ့ ဝူဟန်ကိုရိုနာဗိုင်းရပ်စ် (Covid-19) က မြန်မာနိုင်ငံမှာ ဘာကြောင့် မဖြစ်တာလဲဆိုတာကို လူတွေက အမေးများနေကြပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဆရာ့ထင်မြင်ချက်လေးကို သိပါရစေ ဆရာ။

ဖြေ. ဆရာ့အနေနဲ့ ပြောနိုင်တာကတော့ မြန်မာနိုင်ငံမှာ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပြီး သေဆုံးသူမရှိသေးဘူး။ နောက်တစ်ခုက ဝူဟန်ဗိုင်းရပ်စ်ဖြစ်သူ (Confirm Case) မတွေ့သေးဘူး။ Confirm Case မတွေ့သေးဘူးဆိုတာက ဒီရောဂါပိုးရှိသူ မရှိသေးဘူးလို့ ပြောတာမဟုတ်ဘူး။ ပိုးရှိနေနိုင်တယ်၊ သူ့ဘာသာသူ ပြန်ကောင်းသွားနိုင်တယ်။ ဒါပေမဲ့ ပိုးမတွေ့တာ။ Nasal Swab (နှပ်ရည်)နဲ့ Pharyngeal Swab (သလိပ်)က ယူတဲ့သူတွေက ဘယ်လောက်ရာခိုင်နှုန်းကပဲ Positive တွေ့နိုင်တယ်၊ တချို့လူနာတွေမှာ အပေါ်ပိုင်းမှာ ပိုးရှာလို့ မတွေ့ဘဲ အဆုတ်ထဲရောက်နေတာ။ ဒါမျိုးလေးတွေ ဖြစ်နိုင်တာလည်းရှိတယ်။ ဒီပိုးကတော့ လူတွေကနေ သယ်ဆောင်လာမှာ။

ပိုးရှိတဲ့သူက နှာစေးချောင်းဆိုးမလုပ်ရင် သူ့ဆီကနေ ကူးစက်ဖို့က တော်တော်နည်းသွားပြီ။ ပြောချင်တာက ပိုးရှိတဲ့သူ ရှိနိုင်တယ်။ သမားရိုးကျ အအေးမိတာပဲဖြစ်ပြီး ကံကောင်းစွာနဲ့ ပိုးကို တိုက်ထုတ်နိုင်တာလည်း ဖြစ်နိုင်တယ်။ ပိုးပါတဲ့သူတွေက ကမ္ဘာအနှံ့ ဝင်လိုက်၊ ထွက်လိုက် လုပ်တာနည်းတူ မြန်မာနိုင်ငံမှာလည်း ဝင်လိုက်၊ ထွက်လိုက် လုပ်တဲ့အထဲ ပါလာနိုင်တာပါပဲ။ ဒါပေမဲ့ အဲဒီလူတွေကတစ်ဆင့် ကိုယ့်တိုင်းပြည်က လူတွေဆီ ကူးစက်မှု မရှိသေးတာလား။

ဒါမှမဟုတ် ပိုးမတွေ့တာပဲလား။ ပိုးမတွေ့ပေမယ့် အဆုတ်ရောင်ရောဂါနဲ့ သေသွားတယ်ဆိုရင် ဒီခေတ်ဒီကာလမှာ အကုန်လုံးက သိကြမှာပဲလေ။ ပိုးမတွေ့ဘူးလို့ ဘယ်လိုပဲပြောပြော ဝူဟန်ဗိုင်းရပ်စ်ရှိသူနဲ့ ထိတွေ့ဖူးတဲ့ ရာဇဝင်ရှိခဲ့ဖူးတယ်ဆိုရင် သူ့ကို ဒီပိုးကြောင့် သေတယ်လို့ပဲ သုံးသပ်လိုက်ကြမှာပဲ။ ရင်ခွဲစစ်ဆေးပြီး နည်းမျိုးစုံနဲ့ ရှာလိုက်ရင်တော့ သေပြီးမှတွေ့တာလည်း ဖြစ်နိုင်ပါတယ်။ အခုချိန်မှာ ပြောနိုင်တာကတော့ ပိုးကြောင့် သေဆုံးတဲ့သူ မရှိသေးဘူး။ ပိုးရှာ ဖွေတွေ့တဲ့ Positive Case မရှိသေးဘူး။ လောလောဆယ်က ဒီလောက်ပဲပြောနိုင်ပါတယ်။ ပိုးမရောက်ဘူးလို့ မပြောနိုင်ပါဘူး။

တချို့က သန့်ရှင်းရေးအားနည်းလို့ မြန်မာတွေမှာ မဖြစ်တာလို့ ထင်ကြတယ်။ ဆရာကတော့ ဘာမှမဆိုင်ဘူးလို့ ထင်တယ်။ ကိုရိုနာဗိုင်းရပ်စ်က ဗိုင်းရပ်စ်အသစ်ဖြစ်တဲ့အတွက်ကြောင့် သူ့အတွက် ကိုယ်ခံစနစ် (Antibody)ပေါ်ဖို့ ခက်တယ်။

သူရဲ့မျိုးတူ ဗိုင်းရပ်စ်ဖြစ်တဲ့ ဆားစ်တို့၊ မားစ်တို့ဖြစ်ဖူးသူတွေကသာ အင်တီဘော်ဒီဖြစ်နိုင်တယ်။ ဒါပေမဲ့ ဆားစ်တို့၊ မားစ်တို့တောင်မှပဲ ထွက်လာတဲ့ အင်တီဘော်ဒီက အများဆုံး ၃ လ-၆ လလောက်ပဲခံပြီး ဒုတိယအကြိမ် ပိုးကူးနိုင်ခြေရှိတယ်လို့ ပြောထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကလည်း ဒီအတိုင်းပဲ၊ ပျောက်သွားပြီးရင်တောင် ပြန်ဖြစ်နိုင်တယ်လို့ ပြောထားတယ်ဆိုတော့ နဂိုကတည်းက ကိုယ်ခံစနစ် ရသွားတယ်ဆိုတာ ဖြစ်နိုင်ဖို့ ရာခိုင်နှုန်းနည်းပါတယ်။

ပိုးဝင်ပြီး လူ့ခန္ဓာကိုယ်မှာ ဖြစ်နိုင်တဲ့ အခြေအနေ လေးမျိုးရှိတယ်လို့လည်း သုံးသပ်မိပါတယ်။

(၁) ပိုးဝင်သွားတယ်၊ ပိုးဝင်ပြီး ဘာလက္ခဏာမှ မပြတဲ့သူ။

(၂) ပိုးဝင်သွားတယ်၊ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းမှာပဲ ပိုးဝင်ပြီး ချောင်းဆိုး၊ လည်ချောင်းနာ၊ အဖျားငွေ့ငွေ့ရှိတဲ့သူ . .ပြီးရင် ပြန်ပျောက်သွားတယ်။

(၃) ပိုးဝင်ပြီး အသက်ရှူလမ်းကြောင်းအောက်ပိုင်းအထိ ရောက်ရှိရာက အဆုတ်ရောင်တဲ့သူ၊ ဒါကတော့ ပြင်းထန်တဲ့အုပ်စု . .ဒီမှာ ၂ခုပြန်ကွဲတာက အထူးကြပ်မတ်ကုသဆောင်ထဲမှာ ကုသရင်း ပြန်ကောင်းတဲ့အုပ်စုနဲ့

(၄) ကိုယ်အင်္ဂါအစိတ်အပိုင်း ထိခိုက်ပြီး သေဆုံးသွားတဲ့ အုပ်စုဆိုပြီး ဖြစ်နိုင်တဲ့ အခြေအနေ လေးမျိုးရှိတယ်။ မြန်မာနိုင်ငံမှာက ပထမဆုံး အုပ်စုထဲ ပါဝင်တဲ့သူများနေလို့ ပိုးလည်းမတွေ့၊ လက္ခဏာလည်း မပေါ်ဖြစ်နေတာလားလို့လည်း ဆရာ သုံးသပ်မိပါတယ်။

အီရန်၊ အီတလီတို့မှာ ဝူဟန်ဗိုင်းရပ်စ်ပိုးဝင်တဲ့သူတွေက သိပ်မများဘဲနဲ့ သေဆုံးမှုနှုန်းက များနေတယ်။ ဖြစ်တာနဲ့ သိပ်မကြာဘူး၊ သေကုန်တယ်ဆိုတော့ နံပါတ်လေး အုပ်စုထဲပါပြီး သူတို့ကိုယ်ခံစနစ်က သိပ်အားမကောင်းလို့ ပိုးဝင်တာနဲ့ အဆုတ်ထဲ တန်းဝင်သွားတဲ့ သဘောရှိတယ်။

နောက်ဆုံး ပြောစရာက မျိုးဗီဇ (Gene)ပဲ ကျန်တော့တယ်။ ကိုယ်ရဲ့မျိုးဗီဇက ဝူဟန်ဗိုင်းရပ်စ်ပိုး တိုက်ခိုက်နိုင်တဲ့ အင်တီဘော်ဒီထုတ်လုပ်ပေးနိုင်တဲ့ Gene များ ဖြစ်နေသလားဆိုတာ စဉ်းစားစရာရှိပါတယ်။ ဘာနဲ့ ဆက်စပ်စဉ်းစားမိသလဲဆိုတော့ ဘီပိုးဝင်ရင် ဝင်တဲ့သူ ၁၀ ယောက်မှာ ၈ ယောက်က ပြန်တိုက်ထုတ်နိုင်တဲ့ အင်တီဘော်ဒီထွက်တယ်၊ နှစ်ယောက်က နာတာရှည် အသည်းရောင်ဘီရောဂါ ဖြစ်သွားတယ်။ ၂ ယောက်မှာ ဘီပိုးကို တိုက်ထုတ်နိုင်တဲ့ ကိုယ်ခံအားစနစ် တစ်နေရာမှာ ချို့ယွင်းအားနည်းနေလို့ပါ။

ဘယ်ဗိုင်းရပ်စ်မဆို ခန္ဓာကိုယ်ထဲဝင်လာရင် တချို့တွေက ပြန်တိုက်ထုတ်နိုင်တယ်၊ တချို့တွေက ပြန်တိုက်မထုတ်နိုင်ဘူးဆိုတာ ဖြစ်နိုင်တယ်။ ဆရာတို့ မျိုးဗီဇမှာကိုက ကိုရိုနာဗိုင်းရပ်စ်ဝင်ပြီး ဝင်တဲ့သူမှာ လက္ခဏာမပြခင်နိုင်အောင် တိုက်ထုတ်နိုင်တဲ့ ကိုယ်ခံစနစ်ပမာဏကပဲ များသွားလို့ ဝူဟန်ဗိုင်းရပ်စ်ကြောင့် အဆုတ်ရောင်တဲ့အဆင့်အထိ ရောက်မလာဘဲ ရှိနေတာလားပေါ့။ ဒါက ဒီနေ့အထိ သုံးသပ်ချက်ပါပဲ။ နောက်ရက်တွေကျရင် ပြောင်းချင်ပြောင်းသွားနိုင်ပါတယ်။ ဒါနဲ့ ဆက်စပ်ပြီး ပြောရရင် ကမ္ဘာပေါ်မှာ HIV ပိုးမကူးတဲ့ လူမျိုးစုတစ်စုရှိတယ်လို့ ဖတ်ဖူးတယ်။ သူတို့မျိုးဗီဇမှာ HIVပိုး တွယ်တဲ့ Receptorမရှိလို့ပါတဲ့။

ဘာပဲဖြစ်ဖြစ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးကတော့ လုပ်ရပါမယ်။ အဲဒါတွေကတော့-

– မကြာခဏ လက်ဆေးပါ၊

– နှာချေ၊ ချောင်းဆိုးတဲ့အခါ နှာခေါင်းနဲ့ ပါးစပ်ကို တစ်သျှူး ဒါမှမဟုတ် လက်တံတောင် စတာတွေနဲ့ အုပ်ကာလိုက်ပါ။

– တတ်နိုင်သမျှ လူထူထပ်တဲ့ နေရာတွေကို မသွားပါနဲ့။

– ဖျားနာနေတဲ့သူတွေနဲ့ တတ်နိုင်သမျှ ဝေးဝေးမှာနေပေးပါ။ ကိုယ့်ဘေးကလူတိုင်း ဒီပိုးရှိနိုင်တယ်လို့ ယူဆပြီး ဒီနည်းလမ်းတွေကို လူတိုင်းက သေချာလိုက်နာရင် ကာကွယ်နိုင်မှာပါ။

မေး. ဝူဟန်ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကုသဆေးလည်း မပေါ်သေးလို့ ရောဂါဖြစ်တဲ့ လူနာကို ဘယ်လိုဆေးဝါးတွေပေးပြီး ရောဂါထိန်းချုပ်ပုံလေး ရှင်းပြပေးပါဆရာ။

ဖြေ. ဗိုင်းရပ်စ်ပိုးသတ်ဆေးဝါးတွေဖြစ်တာကြောင့် ဆရာဝန်တွေပဲ အသုံးပြုရမှာဖြစ်တဲ့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆရာဝန်တွေကို သတ်မှတ်ညွှန်ကြားပြီးသား ရှိပါတယ်။ အဲဒီမှာ သုံးရမယ့် ဆေးတွေက အပြင်မှာ ဝယ်လို့မရနိုင်တဲ့ ဆေးတချို့လည်း ပါဝင်နေပါတယ်။ ဒါကြောင့် ဝူဟန်ဗိုင်းရပ်စ်ဖြစ်သူရှိလာခဲ့ရင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆရာဝန်တွေကို ညွှန်ကြားပြီးသား စာရွက်ပါ ဆေးဝါးတွေနဲ့ ကုသပေးမှာ ဖြစ်ပါတယ်။

မေး. ကျောက်ပန်းတောင်းအစရှိတဲ့ နယ်မြို့တွေမှာ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်သံသယလူနာရှိနေပြီဆိုတော့ မြို့သူ၊ မြို့သားတွေအနေနဲ့ စိတ်ပူနေကြပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဘယ်လိုကာကွယ်နေထိုင်သင့်ပါသလဲ ဆရာ။

ဖြေ. ဝူဟန်ကိုရိုနာဗိုင်းရပ်စ် သံသယလူနာနဲ့ပတ်သက်ပြီး စောင့်ကြည့်ရမယ့် သတ်မှတ်ထားတဲ့ ကာလရှိပါတယ်။ ဒီကာလအတွင်း သူ့ကို အားပေးသင့်ပါတယ်။ ဒီကာလကျော်သွားရင် ဗိုင်းရပ်စ်ရှိခဲ့ရင်တောင် ဗိုင်းရပ်စ်ကို တိုက်ခိုက်တွန်းလှန်နိုင်သွားပြီ၊ ဗိုင်းရပ်စ်မရှိကြောင်း အဖြေစစ်ဆေးတွေ့ရရင်လည်း စိတ်အေးလို့ရပါပြီ။ ဒီစောင့်ကြည့် ကုသပေးနေတဲ့ ကာလအတွင်းမှာ သူ့ကို ဆေးရုံမှာ သီးသန့်ထားပေးတာက လူနာအတွက်လည်း ကောင်းတယ်၊ ပတ်ဝန်းကျင်ကိုလည်း ကူးစက်နိုင်ခြင်း မရှိတဲ့အတွက် ဘာမှမဖြစ်ပါဘူး။ အထူးသဖြင့် သူနဲ့ ထိတွေ့တဲ့ ပတ်ဝန်းကျင်က လူတွေပဲ အထူးကာကွယ်သင့်တာပါ။ သူနဲ့ ၆ ပေ ကျော်အကွာကလူတွေဆိုရင် ကူးစက်ဖို့ အခွင့်အလမ်းနည်းပါတယ်။ တခြားသူတွေအနေနဲ့ကတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကာကွယ်ရေးနည်းလမ်းတွေကိုပဲ ဆောင်ရွက်ဖို့ လိုပါတယ်။

ဆရာ့အနေနဲ့ကတော့ ဒီလို စောင့်ကြည့်နေတဲ့ သံသယလူနာကို မစိုးရိမ်ရဘဲနဲ့ ပိုးရှိပြီး လက္ခဏာမပြသေးဘဲနဲ့ လူအများကြား သွားလာလှုပ်ရှားနေကြသူတွေဆီကနေ ကူးစက်မှာကို ပိုပြီး စိုးရိမ်ပါတယ်။ ဒါကြောင့် ဘယ်သူမဆို နှာချေ၊ ချောင်းဆိုးရာမှာ သေချာအုပ်ကာဖို့နဲ့ လက်ကို မကြာခဏ ဆေးကြောဖို့ပဲ အရေးကြီးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top