Healthy Life Ad
Life Style

နာကျင်ဝမ်းနည်း ကြေကွဲနေလျှင်

စူး (ဆေးဝါးတက္ကသိုလ်)

ချစ်သူနဲ့လမ်းခွဲရချိန်၊ အချစ်ဆုံးသူငယ်ချင်းနဲ့ ဝေးတဲ့အချိန် စတဲ့ဘဝမှာ စိတ်ဖိစီးမှုများပြီး နာကျင်ဝမ်းနည်းကြေကွဲရတဲ့ အခိုက်အတန့်တွေမှာ လူအများစုဟာ စိတ်ထွက်ပေါက်အနေနဲ့ ကယ်လိုရီများတဲ့ အစာတွေကို စားမိတတ်ပါတယ်။ အဲဒီအခါ ကိုယ်အလေးချိန်က မတန်တဆ မြင့်တက်လာတတ်တဲ့အပြင် စိတ်ဖိစီးမှုလည်း လျော့ပါးမှာ မဟုတ်ပါဘူး။ ဒါကြောင့် နာကျင်ဝမ်းနည်းကြေကွဲချိန်မှာ သင့်ကိုဖြေသိမ့်ပေးနိုင်မယ့် အစာတွေကိုသာ ရွေးချယ်စားသင့်ပါတယ်။

သဘာဝဆေး (၁) ဆယ်လ်မွန်ငါးစားခြင်း

ဆယ်လ်မွန်ငါးလို အဆီများတဲ့ငါးတွေက အဒရီနယ်လင်ဟော်မုန်းအဆင့်ကို ထိန်းချုပ်ပေးနိုင်တာကြောင့် စိတ်တည်ငြိမ်စေပါတယ်။ အိုမီဂါ ၃ ဖက်တီးအက်စစ်ဟာ ဆံပင်နဲ့အသားအရေကို ကျန်းမာစေပြီး စိတ်ခံစားချက်ကို ကောင်းမွန်စေပါတယ်။

အခြားစားသင့်သည့်အစာများ – တူနာငါး၊ ဆာဒင်းငါး၊ သစ်ကြားသီး၊ တိုဟူး။

သဘာဝဆေး (၂) Almond သစ်စေ့စားခြင်း

ချစ်သူနဲ့လမ်းခွဲပြီးချိန်၊ အိမ်ထောင်ဖက်နဲ့ကွဲကွာချိန်မှာ စိတ်ဖိစီးမှု မြင့်မားတတ်ပါတယ်။ ကိုယ်ခံအားစနစ် အားကောင်းစေဖို့ အင်တီအောက်ဆီးဒင့် ဗီတာမင်အီးနဲ့ ဇင့်(သွပ်)ဓာတ် ပါဝင်တဲ့ Almond သစ်စေ့ကို စားသင့်ပါတယ်။ Almond သစ်စေ့မှာ ဗီတာမင်ဘီလည်း ပါဝင်တဲ့အတွက် စိတ်ဖိစီးမှုနဲ့ ပူပင်သောကကို ထိန်းချုပ်ပေးနိုင်ပါတယ်။

အခြားစားသင့်သည့် အစာများ – သစ်ကြားသီး၊ Pistachios။

သဘာဝဆေး (၃) ဒိန်ချဉ်

စိတ်ဖိစီးမှုများတဲ့အခါ အစာအိမ်ဝေဒနာ ဖြစ်ပေါ်တတ်သလို ဗိုက်အောင့်တာနဲ့ ဝမ်းပျက်ဝမ်းလျှောတာတို့လည်း ခံစားရတတ်ပါတယ်။ ဒိန်ချဉ်ထဲမှာ အကျိုးပြုဘက်တီးရီးယား ပါဝင်တဲ့အတွက် အစာခြေစနစ်ကို ကျန်းမာစေပါတယ်။ ပရိုတင်းနဲ့ ကယ်လ်စီယမ်ပါဝင်တဲ့ ဒိန်ချဉ်က စိတ်ခွန်အားကို တည်ဆောက်ပေးပါတယ်။

အခြားစားသင့်သည့် အစာများ – အေးခဲနေတဲ့ ဒိန်ချဉ်၊ အချဉ်တည်ထားတဲ့ နို့။

သဘာဝဆေး (၄) အညိုရောင်ချောကလက်

လေ့လာမှုအရ အညိုရောင်ချောကလက်ဟာ စိတ်ဖိစီးမှုဟော်မုန်းအဆင့်ကို လျော့ကျစေတယ်လို့ သိရပါတယ်။ အညိုရောင်ချောကလက်မှာ ပါဝင်တဲ့ သကြားက စိတ်ခံစားမှုကောင်းစေတဲ့ ဆီရိုတိုနင်ဟော်မုန်းဓာတ် အထွက်တိုးစေပါတယ်။

သဘာဝဆေး (၅) အခွံချွတ်မထားသော ကောက်နှံများ

ကာဗိုဟိုက်ဒရိတ် အစာတွေကို စားတာကြောင့် ဦးနှောက်ကနေ စိတ်ခံစားမှုကောင်းစေတဲ့ ဆီရိုတိုနင်ဓာတ် ထွက်ရှိစေပါတယ်။ ကာဗိုဟိုက်ဒရိတ်အစာကို စားတာကြောင့် စိတ်ဖိစီးမှုကို ပြေလျော့စေပါတယ်။

Tip!
အထက်မှာဖော်ပြထားတဲ့ အစာတွေကိုစားရင်း လေ့ကျင့်ခန်းကို တွဲဖက်ပြုလုပ်ပေးပါက စိတ်ခံစားချက်ကို ပိုမိုကောင်းမွန်စေပါတယ်။

Most Popular

Healthy Life Ad
To Top