Healthy Life Ad
Child

မိခင်နို့စို့တဲ့ကလေးနဲ့ နို့မှုန့်သောက်ပြီး ကြီးပြင်းလာတဲ့ကလေး ဘာကွာခြားသလဲ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)

မိခင်နို့ပုံမှန်စို့ရတဲ့ကလေးက ကြီးထွားလာတဲ့အခါ ကျစ်ကျစ်လျစ်လျစ်နဲ့ ကျန်းမာသန်စွမ်းပါတယ်။ နို့မှုန့်နဲ့ကြီးလာရတဲ့ ကလေးကတော့ နည်းနည်းဝကစ်ကစ်လေး ဖြစ်နေတာပေါ့။ တချို့မိခင်တွေဆို ကလေးကို လေးလလောက်နို့တိုက်ပြီးရင် ဆက်မတိုက်ချင်တာမျိုး ဖြစ်လာပါတယ်။ တချို့ကျတော့လည်း အလုပ်ပြန်ဝင်ရတာကြောင့် ကလေးကို သေသေချာချာ နို့မတိုက်နိုင်တော့တာမျိုး ဖြစ်တတ်ပါတယ်။ ဒီတော့ သုံးလ၊ လေးလလောက်ဆိုရင် နို့မှုန့်အစားထိုးပြီး တိုက်ကြပါတယ်။ အဓိကကတော့ ဒီခြောက်လအတွင်း မိခင်နို့တစ်မျိုးသာ ဂရုတစိုက်တိုက်မယ်ဆိုရင် နို့မှုန့်ဖိုးလည်းသက်သာသလို ကလေးရော၊ မိခင်ပါ ကျန်းမာရေးနဲ့ ညီညွတ်မှာပါ။

နို့တိုက်မိခင်အတွက် အာဟာရများ

ကလေးမှာ ကောင်းမွန်ပြည့်ဝတဲ့ အာဟာရရရှိဖို့ မိခင်ကိုယ်တိုင်ကလည်း အာဟာရပြည့်ဝနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် မိခင်က ကလေးမွေးပြီးတာနဲ့ စွပ်ပြုတ်ရည်သောက်ပေးရပါမယ်။ စွပ်ပြုတ်ရည်လို့ ဆိုတဲ့နေရာမှာ အရင်က ကြက်စွတ်ပြုတ်လို့ ပြောလိုက်ရင် ကြက်သားတစ်မျိုးတည်းကို ပြုတ်ကြပါတယ်။ တကယ်တော့ ကြက်သားအပြင် ရွှေဖရုံသီးထည့်တာ၊ ကျောက်ဖရုံသီးထည့်တာ၊ အရွက်ဆိုလည်း မုန်ညင်းရွက် ထည့်ပြုတ်တာမျိုး ပြုလုပ်ပြီး တစ်ခါသောက်ရင် ၁၀ဝ ဂရမ်လောက် တစ်နေ့ကို ခြောက်ခွက်ပုံမှန် သောက်ပေးရပါမယ်။

တစ်ခါတလေ စွပ်ပြုတ်ပဲသောက်ရလို့ ငြီးငွေ့လာတဲ့အခါ ဟင်းခါးတွေ ပြောင်းသောက်တာမျိုး ရှိပါတယ်။ ဒီနေရာမှာ တစ်ခုသတိထားရမှာ အများ

“အာဟာရဆိုင်ရာ ဟောပြောပွဲစာတမ်းတစ်ခုမှာဆိုရင် ပဲစွပ်ပြုတ်- Bean Soup (Lentil Soup) က မိခင်နို့ထွက်တဲ့နှုန်းကို အားပေးတယ်လို့ သိရပါတယ်။ ဒါကြောင့် နို့တိုက်မိခင်တွေအနေနဲ့ ပဲဟင်းချိုကို တစ်ပတ်တစ်ခါလောက်တော့ ပုံမှန်သောက်ပေးသင့်ပါတယ်” . . .

အားဖြင့် ဟင်းခါးချက်ရင် ပုစွန်ခြောက်ထည့်ပြီး ခတ်တတ်ပါတယ်။ ဆရာမပြောချင်တာက ပုစွန်ခြောက်လုံးဝမသုံးဖို့ပါပဲ။ ပုစွန်ခြောက်ထည့်မယ့်အစား ငါးအစိုနဲ့ချက်ပေးပါ။ ငါးနဲ့ပြုတ်ရလို့ အနံ့မကြိုက်ဘူးဆိုရင် ငရုတ်ကောင်းထည့်ခပ်တာမျိုးလုပ်ပြီး သောက်ပေးနိုင်ပါတယ်။ ကြာစွယ်၊ ကြာရိုး၊ ပိန်းဥ၊ ပဲနီလေးနဲ့ ကြာဆံစတာတွေကို သောက်ပေးနိုင်ပါတယ်။ ဆရာမအရင်လက တက်ရောက်ခဲ့တဲ့ အာဟာရဆိုင်ရာ ဟောပြောပွဲစာတမ်း တစ်ခုမှာဆိုရင် ပဲစွပ်ပြုတ်- Bean Soup (Lentil Soup) က မိခင်နို့ထွက်တဲ့နှုန်းကို အားပေးတယ်လို့ သိရပါတယ်။ ဒါကြောင့် နို့တိုက်မိခင်တွေအနေနဲ့ ပဲဟင်းချိုကို တစ်ပတ်တစ်ခါလောက်တော့ ပုံမှန်သောက်ပေးသင့်ပါတယ်။ ဒါမှ ကလေးအတွက် လိုအပ်တဲ့အာဟာရ အပြည့်အဝရရှိနိုင်သလို ကလေးတွေ အသက်ကြီးလာတဲ့အခါ ပဲတွေနဲ့ ဓာတ်မတည့်တာဖြစ်တာမှလည်း ကာကွယ်ပြီးသား ဖြစ်စေပါတယ်။ ရှေးတုန်းက အယူအဆတွေအရဆို ပဲစားရင်ဝမ်းလျှောတယ်၊ ကလေးဗိုက်နာမှာလို့ပဲထင်ပြီး ကိုယ်ဝန်ဆောင်တွေကို ပဲနဲ့ပတ်သက်တာတွေ မကျွေးဘဲတားကြပါတယ်။ ဒါဟာ မှားယွင်းတဲ့အယူအဆလို့ အခုနောက်ဆုံး လေ့လာချက်တွေမှာ ဖော်ပြထားတာကြောင့် ပဲဟင်းချိုတိုက်ပေးလို့ ရပါတယ်။ အသားဆိုလည်း မနက်သုံးတုံး၊ ညသုံးတုံးစားပေးရပါမယ်။ ကလေးမွေးပြီးပြီးချင်း တစ်လခွဲအချိန်မှာ အသားဓာတ်အလွန်ကြွယ်ဝတဲ့ အစာ (High Protein Diet) တွေ စားကိုစားပေးရပါမယ်။

တခြား အာဟာရဓာတ်များ

နို့တိုက်ချိန်မှာ အင်တီအောက်ဆီးဒင့်ဓာတ် လိုချင်တာကြောင့် တစ်နေ့ကို သစ်သီးဖျော်ရည် နှစ်ခွက်သောက်ပေးရပါမယ်။ ပန်းသီးဖျော်ရည်၊ လိမ္မော်ရည်၊ ရှောက်ရည်၊ နာနတ်ရည်၊ ထောပတ်သီးဖျော်ရည်၊ ဖရဲသီးဖျော်ရည် အစရှိသဖြင့် ကြိုက်နှစ်သက်တဲ့ဖျော်ရည်တွေ သောက်နိုင်ပါတယ်။ ည ၆ နာရီတစ်ခွက်၊ ၈နာရီတစ်ခွက် သောက်ပေးရပါမယ်။ ဒီတော့ စွပ်ပြုတ်က တစ်နေ့ခြောက်ခွက်၊ အသီးဖျော်ရည်က တစ်နေ့နှစ်ခွက်၊ စုစုပေါင်းတစ်နေ့ကို အရည်ရှစ်ခွက် သောက်ပေးရပါမယ်။ တကယ်လို့ အားနည်းနေသလို ဖြစ်နေမယ်၊ နို့ထွက်လည်းနည်းနေမယ်၊ ခေါင်းမူးနောက်နောက် ဖြစ်နေမယ်ဆိုရင်တော့ မနက်ပိုင်းမှာ နွားနို့တစ်ခွက်လောက် သောက်ပေးနိုင်ပါတယ်။ နွားနို့သောက်တဲ့အခါမှာလည်း ဒီအတိုင်း နွားနို့စစ်စစ်ကို သောက်နိုင်သလို ကိုယ်ဝန်ဆောင်တွေအတွက် ထုတ်လုပ်ထားတဲ့ ဖော်မြူလာနို့မှုန့်တွေလည်း သောက်နိုင်ပါတယ်။ ထမင်းနဲ့ တခြားအစာတွေကိုလည်း စားနိုင်သလောက်စားပါ။ ဒီလို ပုံမှန်အတိုင်း အနည်းဆုံးအချိန် ခြောက်ပတ်ထိယူပြီး ဒီအတိုင်း စားသောက်နိုင်ပါတယ်။ ဒါဆိုရင်တော့ မိခင်အတွက် အာဟာရပြည့်ပြီး ကလေးအတွက်လည်း အမေနို့အပြည့်အဝရရှိပြီး ကျန်းမာမှာဖြစ်ပါတယ်။

နို့တိုက်နေချိန် ရှောင်ရှားသင့်သည့် အစားအစာများ

ရှောင်သင့်တဲ့အစာတွေကတော့ မိခင်တွေအနေနဲ့ ကလေးမွေးပြီး တစ်ပတ်အတွင်းမှာ ကဖင်းဓာတ်များတဲ့ အစာတွေ၊ ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်သုပ်၊ ရေနွေးကြမ်း၊ ငါးပိကြော်၊ ငါးခြောက်ကြော်၊ ငါးခြောက်၊ ငါးမန်းတောင်ဟင်းချို စတဲ့အစာတွေဖြစ်ပါတယ်။ အရင်တုန်းကဆို လူနာတွေက ငါးခြောက်ဖုတ်နဲ့ ဟင်းခါးကို လူနာစာဆိုပြီး စားတတ်ပါတယ်။ အခုခေတ်မှာတော့ ဆရာမတို့က လုံးဝမကျွေးတော့ပါဘူး။ ငါးခြောက်ဖုတ်မှာ ယမ်းစိမ်းတွေပါတာကြောင့် ကလေးမွေးပြီး အနည်းဆုံး တစ်ပတ်တိတိ ရှောင်ရပါတယ်။ မိခင်တွေစားသမျှ အာဟာရတွေက မိခင်နို့ကနေတစ်ဆင့် ကလေးဆီရောက်မှာဖြစ်တာကြောင့် သတိထားစားသောက်တာ အကောင်းဆုံးပါပဲ။

တစ်ပတ်တိတိ ရှောင်ရမယ့် အစားအစာတွေ ပြီးတော့ တစ်လတိတိ ရှောင်ရမယ့် အစာတွေကို ဆက်ပြောမယ်ဆိုရင် Lipo ၊ ကျွဲရိုင်းတို့အပြင် ကဖီးဓာတ်ပါတဲ့ ကိုလာတွေ-ပက်စီကိုလာ၊ ကိုကာကိုလာ စတဲ့ အအေးတွေကို တစ်လတိတိ ရှောင်ရပါမယ်။ နောက်ပြီး အရက်၊ ဘီယာ၊ ဝိုင်ပေါ့။ တချို့က ကျွဲရိုင်းအအေးကို အရမ်းကြိုက်လို့ မသောက်ရမနေနိုင်တာမျိုး ရှိပါတယ်။ တချို့အားဖြည့်အချိုရည်တွေမှာ အန်ဖီတမင်းဓာတ်တွေ ပါဝင်တတ်တာကြောင့် ကလေးရဲ့ဦးနှောက်ထဲ ရောက်သွားနိုင်တာကြောင့် ရှောင်ဖို့ပြောဖြစ်ပါတယ်။ အမြဲရှောင်ဖို့လည်း မဟုတ်ပါဘူး။ ကလေးကျန်းမာရေးနဲ့ ညီညွတ်အောင် တစ်လလောက်တော့ ရှောင်ဖြစ်အောင် ရှောင်ပေးပါ။

တချို့တရုတ်လူမျိုးတွေမှာဆိုရင် ဖယောင်းလုံးဆိုတဲ့ ဆေးတစ်မျိုးကျွေးတာ ရှိပါတယ်။ ဖယောင်းလုံးနဲ့ အရက်နဲ့ကို မီးဖွားပြီး ၁၅ ရက်နေလို့ရှိရင် ကျွေးပါတယ်။ အဲဒါလည်း တကယ်တော့ လုံးဝအဆင်မပြေပါဘူး။ ထုံးစံဖြစ်နေလို့ မဖြစ်မနေသောက်ရမယ်ဆိုရင်လည်း တစ်လကျော်မှ သောက်ရပါမယ်။

Most Popular

Healthy Life Ad
To Top