Healthy Life Ad
Child

ကလေးစကားပြောနှေးခြင်း (Speech and Language Delay and Disorder)

ဒေါက်တာတင့်ဆွေ

Q. ဆရာခင်ဗျား ကျွန်တော့်သားဟာ အခု ၃ နှစ်ရှိပါပြီ။ ဒါပေမဲ့ တခြားကလေးတွေလို စကားမသွက်ပါဘူး။ ဖေဖေမေမေနဲ့ တချို့စကား (ဥပမာ – ရေရေ၊ ဘဘ၊ မမ၊ ပေးပါစတာ) တွေပဲ ပြောပါတယ်။ စိုးရိမ်ရပါသလားဆရာ။ စကားသွက်အောင် ဘယ်လိုလုပ်ရမလဲခင်ဗျာ။ ကလေးဉာဏ်ရည်နဲ့ ဆိုင်ပါသလား။ ကျေးဇူးပြုပြီး ဖြေကြားပေးပါခင်ဗျာ။ လေးစားစွာဖြင့်။

ကလေးမှာ တခုခုလိုနေပုံရတယ်။ ကလေးစကားပြောအခက်အခဲက ၅-၁၀% သော ကျောင်းမထားမီ အရွယ်တွေမှာဖြစ်တယ်။ အထူးကုသဘို့ လိုနိုင်တယ်။ အခြေခံသဘောသိအောင် နည်းနည်းရေးပါရစေ။

Speech နဲ့ Language မတူပေမဲ့ ထပ်နေကြတယ်။ (၁)သူများပြောတာကို နားလည်ပြီး၊ (၂) ကိုယ်ပြောချင်တာကို ကျိုးကြောင်းဆီလျှော်စွာ ဖော်ထုတ်တတ်ခြင်းကို “စကားပြောတတ်တယ်”လို့ ခေါ်ပါလို့၊ နားလည်ခြင်း ၂ မျိုးပါတယ်။ Language အခက်အခဲရှိတဲ့ ကလေးဟာ စကားလုံးတွေ အသံထွက်ဖို့ ခက်နေတယ်။ ၂ လုံးထက်မရဘူး။ ကလေးကတော့ သူဆိုလိုချင်တာကို အမှန်တော့ပြောတာဘဲ၊ နားထောင်သူတွေက နားလည်နိုင်အောင်အထိ မကောင်းဘူး။ တချို့ကလေးက ကောင်းကောင်းတော့ပြောပေမဲ့၊ Instruction ခိုင်းတဲ့အတိုင်း မလိုက်နိုင်ဘူး။

Speech ဆိုတာ အသံထွက်တာ၊ သူများကနားလည်အောင် မပြောနိုင်ရင် အခက်အခဲရှိနေတာ။ အသံမပီတာလဲပါမယ်။

Language ဆိုတာက အဓိပ္ပါယ်ရှိတဲ့အသံ။ ဉာဏ်ရည်အလိုက် စကားတတ်တယ်၊ သိပ်မတတ်ဘူးဖြစ်နိုင်တယ်။

Language delays တွေဟာ Speech problems ထက် ပြဿနာကြီးတယ်။ တိုးတက်လာတာမှန်ပေမဲ့ နှေးနေတာလဲပါတယ်။

ကလေးဟာ –

၁ နှစ်မပြည့်ခင် အသံပေးတာကို တုံ့ပြန်ရမယ်။ ကလေးဆီကလဲ ဘယ်လိုအသံဖြစ်ဖြစ် ထွက်လာရမယ်။

၁၂ လကျော်ရင် (ဘိုင့်ဘိုင်)ဆိုတာကို တနည်းနည်းနဲ့ ကလေးက တုံ့ပြန်တတ်မယ်။

၁၈ လမှာ (ဘိုင်ဘိုင်)ကို စကားနဲ့မဟုတ်ဘဲ လက်ဘဲလှုပ်ချင်နေရင်တော့ အားနည်းနေပြီမှတ်ပါ။ အသံကို လိုက်တုတတ်ရမယ်။ ရိုးရိုးရှင်းရှင်းလေးခိုင်းတာကို ကလေးနားလည်နိုင်ရမယ်။

၂ နှစ်သားရောက်လို့ စကား-အမူအယာသင်ပေးတာကို သင်တဲ့အတိုင်းထက်ပိုပြီး သူ့အလိုလို စကားလုံး၊ စကားစုမထွက်ရင်၊ ပြောတဲ့စကားက ထပ်ထပ်သာပြောနေပြီး၊ သူအရေးတကြီးလိုချင်-ရချင်နေတာကို ထုတ်မပြောတတ်သေးရင်၊ ရိုးရိုးလေးခိုင်းတာကို လိုက်မလုပ်တတ်သေးရင်၊ ထွက်တဲ့အသံကလည်း ပုံမှန်လိုမဟုတ်ဘဲ အောနေမယ်၊ နှာခေါင်းသံထွက်နေမယ်ဆိုရင်၊ စကားအရာမှာ အားနည်းနေပြီ။

တိတိကျကျ စစ်ရအောင်။

မွေးမွေးချင်း = ငိုမယ်။

၂-၃ လ = ငိုပုံငိုနည်းမတူတော့။ သူမကြိုက်တာဆိုရင် အများကြီး၊ နည်းနည်းမကြိုက်ရင် နည်းနည်းငိုမယ်။ ချော့ရင်တိတ်မယ်။

၃-၄ လ = ဘူးမှုတ်မယ်။

၅-၆ လ = ဘူးမှုတ်တာ စည်းချက်ကျလာမယ်။

“မိဘတွေက လုပ်စရာတွေ အများကြီးရှိတယ်။ မျိုးရိုးဗီဇသန်တာ၊ နှေးတာရှိတယ်။ ပါတ်ဝန်းကျင်ကလည်း အများကြီးသက်ရောက်ပါတယ်။ ကလေးနဲ့နေဖို့ အချိန်ပေးပါ။ စကားပြော၊ သီချင်းဆို၊ အမူအယာလုပ်ပေးပါ။ အတုလိုက်နိုင်အောင် အားပေးပါ။ ကလေးနားမှာ စာဖတ်ပြပါ။ စာအုပ်ထဲက အရုပ်တွေပြပါ။ အရုပ်နာမယ်တွေ ပြောပြပါ။”

၆-၁၁ လ = စကားသံလို ဘူးမှုတ်သံတူလာမယ်။ အမူအယာလဲပြမယ်။

၁၂ လ = စကား ၁-၂ လုံးပြောမယ်။ နာမည်တွေမှတ်မိလာမယ်။ ရင်းနှီးတဲ့အသံမျိုး အတုလုပ်လာမယ်။ ရိုးရိုးလေးခိုင်းတာကို နားလည်လာမယ်။

၁၈ လ = စကားလုံး ၅-၂၀ လောက် နားလည်လာမယ်။ နာမည်တွေပါတယ်။

၁-၂ နှစ် = စကားလုံး ၂ ခုပါ စာကြောင်း။ ဝေါဟာရပိုကြွယ်။ (ဂွတ်ဘိုင်) လုပ်တတ်။ ရင်းနှီးတဲ့ တိရစ္ဆာန်အသံမျိုး လိုက်တုတတ်လာ။ လိုချင်တာ ပိုတောင်းတတ်၊ မလိုချင်တာ ငြင်းတတ်။

၂-၃ နှစ် = ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ ပြတတ်။ နာမည်သာမက ကိုယ့်ဖါသာကိုယ် သားသား-မီးမီး လို့ပြောတတ်။ Noun နာမ်နဲ့ Verb ကိရိယာ တွဲသုံးလာ။ ဝေါဟာရ ၄၅၀ လောက်တတ်။ Short sentence စာကြောင်းတိုပြောတတ်။ အရောင် ၃-၄ မျိုးခွဲတတ်။ အကြီး-အငယ်ခွဲခြားတတ်။ ကြားပြီးသားပုံပြင်ကို ထပ်ကြားချင်။

၃-၄ နှစ် = ပုံပြင်ပြောတတ်။ စကားလုံး ၄-၅ လုံးပါစာကြောင်း။ ဝေါဟာရ ၁၀ဝ၀ လောက်တတ်။ လမ်းနာမည်သိ။ ကဗျာ-သီချင်းတချို့တတ်။

၅-၆ နှစ် = ဝေါဟာရ ၂၀ဝ၀ လောက်တတ်။ ထူးခြားတဲ့ဆက်စပ်မှုမျိုး ပိုဝေး-ပိုကြီး ဆိုတာသိလာ။ လိပ်စာသိလာ။ မတူတာနဲ့ တူတာသိလာ။ ပိုက်ဆံမှန်းသိလာ။ ၁၀ မျိုးအထိရေတတ်။ ဘယ်-ညာ သိလာ။ စာကြောင်းစုံတတ်။

၄-၅ နှစ်= အတိတ်ကာလ past tense သိလာ။ ဝေါဟာရ ၁၀ဝ၀ လောက်တတ်။ အရောင်တွေခွဲတတ်။ “ဘာလို့-ဘာ့ကြောင့်” မေးခွန်းတွေ ထပ်ထပ်မေးလာမယ်။

အကြောင်းတွေရှာရအောင်

အများကြီးပါဘဲ။ ဦးနှောက်ထဲက စကားပြော (စင်တာ) မှာ မဖွံ့ဖြိုးနေရင် နှုတ်ခမ်း၊ လျှာ၊ မေးတွေကို ကောင်းကောင်းအသုံးမပြုနိုင်ဘဲ ဖြစ်နေမယ်။ စကားအရာသာ မဟုတ်ဘဲ တခြားဟာတွေ ဥပမာ အစားကြွေးရတဲ့ အခက်အခဲမျိုးပါ တွဲဖြစ်နေတာလည်း ရှိနိုင်တယ်။ နားကြားမှုချို့ယွင်းနေတာကြောင့် ဖြစ်တာလည်း စစ်ရပါမယ်။ မွေးရာပါမဟုတ်ဘဲ နားမှာ ပိုးဝင်-ရောင်-ပြည်ယိုနေတာတွေ့ရင်ကုသပါ။

အထူးဘာသာရပ်အနေနဲ့ တိတိကျကျ ရောဂါနာမည်တွေ ခွဲထားသေးတယ်။

Structural problems (Cleft lip or Cleft palate) မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊

Learning disability လေ့လာမှုချို့ယွင်းခြင်း၊

Hearing loss နားမကြားခြင်း၊

Intellectual disability ဉာဏ်ချို့ယွင်းခြင်း၊

Prematurity လမစေ့မွေးခြင်း၊

Auditory processing disorder နားကကြားသော်လည်း အဓိပ္ပါယ်ဖွင့်ရန် နှေးခြင်း၊

Neurological problems (Cerebral palsy, Muscular dystrophy, Traumatic brain injury) ဦးနှောက်၊ အာရုံကြော၊ ကြွက်သားရောဂါ၊ ခိုက်မိတာတခုခုရှိနေခြင်း။

Autism ဦးနှောက်မှာ သူရနေတဲ့ Information သတင်းအချက်အလက်တွေကို ကောင်းကောင်း Process အသုံးမပြုနိုင်သေးတာကြောင့် အမူအယာ၊ ပြောဆိုဆက်ဆံမှု၊ စတာတွေ ပုံမှန်ကလေးလို မဖြစ်သေးတဲ့ရောဂါ။ ၃ နှစ်မတိုင်ခင်ကလေးမှာ စဖြစ်တယ်။

ဘယ်လိုကုမလဲ

ဆေးတိုက်တာနဲ့ ရမှာမဟုတ်ပါ။ မိဘကနေ ကိုယ့်ကလေးကို ပုံမှန်ထက် ပိုမျှော်လင့်နေတာမျိုးလည်း ရှိတယ်။ Speech-language pathologist ဆိုတဲ့အထူးကုသမှု လိုနိုင်တယ်။ ဒါနဲ့လဲ မလုံလောက်ပါ။ မိဘတွေက လုပ်စရာတွေ အများကြီးရှိတယ်။ မျိုးရိုးဗီဇသန်တာ၊ နှေးတာရှိတယ်။ ပါတ်ဝန်းကျင်ကလည်း အများကြီးသက်ရောက်ပါတယ်။ ကလေးနဲ့နေဖို့ အချိန်ပေးပါ။ စကားပြော၊ သီချင်းဆို၊ အမူအယာလုပ်ပေးပါ။ အတုလိုက်နိုင်အောင် အားပေးပါ။ ကလေးနားမှာ စာဖတ်ပြပါ။ စာအုပ်ထဲက အရုပ်တွေပြပါ။ အရုပ်နာမယ်တွေ ပြောပြပါ။ ကလေးချော့ ကဗျာ၊ သီချင်း၊ ဆိုပြပါ။ နေ့စဉ်တဓူဝ အလုပ်တွေတိုင်းမှာ သင်ပေးပါ။ စားစရာ၊ ကစားစရာ၊ အခန်းထဲကပစ္စည်းတွေ၊ ကား၊ ရထား။ Nature and Nurture သဘာဝနဲ့ ပြုစုမှု ၂ မျိုးတွဲလိုတယ်။

ကလေးအထူးကုကို အရင်ပြပါ။ သူကနေ ဆက်ညွှန်ဖို့လိုရင် ညွှန်ပါလိမ့်မယ်။

ကလေးရော လူကြီးပါ ကျန်းမာ-ချမ်းသာကြပါစေ။

Most Popular

Healthy Life Ad
To Top