Healthy Life Ad
Child

သင့်ကလေး ငိုနေပါသလား

“ငိုတတ်တဲ့ကလေး နို့စို့ရတယ်”ဆိုတဲ့ စကားလိုပဲ ကလေးလေးတွေငိုတဲ့အခါ သူတို့ဘာလိုအပ်တယ်ဆိုတာ မိဘတွေက သတိပြုမိသွားလေ့ရှိပါတယ်။ မွေးကင်းစကလေးတွေက သူတို့လိုအပ်ချက်ကို ငိုကြွေးမှုကတစ်ဆင့် ပြသတဲ့အခါ မိခင်တွေက ဖြည့်ဆည်းပေးရင်းနဲ့ မိခင်နဲ့ကလေးကြား သံယောဇဉ်ကို ခိုင်မြဲသွားစေပါတယ်။ ကလေးတွေ ငိုကြွေးတဲ့အခါ ဝမ်းနည်းစိတ်မကောင်း ဖြစ်နေတတ်တဲ့ မိဘတွေစိတ်သက်သာရာရစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

ပထမဆုံး မျက်ရည်၏ အရေးပါပုံ

“အူဝဲ”ဆိုတဲ့ ငိုကြွေးသံကို ကြားလိုက်ရကတည်းက လူ့လောကထဲကို သင်တို့ကလေးလေး ရောက်ရှိလာပြီလို့ သိမှတ်နိုင်ရုံသာမက သင်တို့မိသားစုအတွက်လည်း ဘဝသစ်ဖြစ်ကြောင်း ဖော်ပြနေပါတယ်။ ဒီလိုပထမဆုံး ငိုကြွေးတာက ကလေးတွေ အသက်ဝ၀ရှူသွင်းနိုင်အောင် ကူညီပေးပြီး အဆုတ်သန်စွမ်းစေတဲ့ နည်းဖြစ်ပါတယ်။ ကလေးရဲ့ ပထမဆုံးငိုသံကို သင်ကြားလိုက်ရပြီဆိုရင် သင့်ကလေးကျန်းမာနေတယ်ဆိုတဲ့အသိနဲ့ သင့်ကိုလည်း သက်သောင့်သက်သာ နေနိုင်စေပါတယ်။

ဆက်သွယ်မှု ကောင်းမွန်စေခြင်း

မွေးကင်းစကလေးက ငိုကြွေးမှုမရှိရင် ကလေးဘာလိုအပ်တယ်ဆိုတာ သင်သိနိုင်မှာ မဟုတ်ပါဘူး။ ကလေးငိုကြွေးတာက သက်သောင့်သက်သာ မရှိတာကို ပြသတဲ့သဘောဖြစ်သလို ဂရုစိုက်တာကို ခံချင်လို့လည်း ဖြစ်ပါတယ်။ အများအားဖြင့် ဗိုက်ဆာတဲ့အခါ၊ အနှီးလဲပေးဖို့ လိုအပ်တဲ့အခါ၊ ပူအိုက်နေတဲ့အခါ၊ နေမကောင်းဖြစ်တဲ့အခါ၊ အေးနေတဲ့အခါနဲ့ ထွေးပွေ့စေလိုတဲ့အခါတွေမှာ ကလေးက ငိုကြွေးတတ်ပါတယ်။ မိဘတွေအနေနဲ့လည်း ကလေးငိုလိုက်မှသာ ဘာလုပ်ပေးရမလဲဆိုပြီး အာရုံစိုက်မိသွားကြပါတယ်။

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်ခြင်း

လူကြီးမိဘအများစုက ငိုနေတဲ့ကလေးကို လျစ်လျူရှုမထားတတ်ပါဘူး။ မွေးကင်းစကလေးတွေကလည်း လူကြီးမိဘတွေရဲ့ အာရုံစိုက်အလေးထားမှုကို လိုလားတတ်ပါတယ်။ မိဘတွေရဲ့ ပွေ့ဖက်နှစ်သိမ့်မှုကိုရတဲ့အခါ ကလေးတွေက လုံခြုံဘေးကင်းတဲ့ စိတ်ခံစားမှုကို ရရှိတတ်ပါတယ်။ ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်မှုတို့နဲ့ ကြီးပြင်းလာတဲ့ကလေးဟာ လျစ်လျူရှုခံရတဲ့ ကလေးထက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုပြီး ရှိကြပါတယ်။ အချိန်တိုင်း လျစ်လျူရှုခံရတဲ့ ကလေးတွေက တိတ်ဆိတ်ငြိမ်သက်နေတတ်ပြီး အဆိုးမြင်တဲ့ ခံစားချက်ရှိတတ်ကြပါတယ်။

ဆွဲဆန့်ကြွက်သားများကို သန်စွမ်းစေခြင်း

ငိုနေတဲ့ကလေးကို အနီးကပ်ကြည့်လိုက်ရင် တစ်ကိုယ်လုံးကြွက်သားတွေ သန်စွမ်းနေတာကို တွေ့မြင်နိုင်ပါတယ်။ မွေးကင်းစကလေးတွေ ငိုကြွေးတာက ကျန်းမာရေးမကောင်းတာ ဒါမှမဟုတ် လေထတာကြောင့်ချည်း မဖြစ်နိုင်ပါဘူး။ ဒီလိုပြောလို့ ငိုနေတဲ့ကလေးကို အကြာကြီးပစ်မထားသင့်ပါဘူး။

စိတ်ဖိစီးမှုဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကို သက်သာစေခြင်း

မျက်ရည်ကျတာဟာ ကလေးတွေအတွက် စိတ်ခံစားမှုဆိုင်ရာ အပိုဝန်ထုပ်ဝန်ပိုးကို ကင်းစင်စေပါတယ်။ ကလေးက ဒေါသကြီးပြီး သူ့အလိုမလိုက်ရင် ငိုကြွေးတဲ့နည်းနဲ့ စိတ်ခံစားမှုကို ဖြေလျှော့ပါလိမ့်မယ်။ မစိုးရိမ်ပါနဲ့။ ကလေးငိုနေချိန် သူ့ဆန္ဒကိုနားထောင်ပြီး သူ့ကိုစိတ်ပြေပျောက်ကာ နားလည်စေမယ့် စကားတွေကို ပြောပြပေးလိုက်ပါ။ ကလေးငယ် စိတ်သက်သာရာ ရသွားပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top