Healthy Life Ad
International

ကျောရိုးလိမ်ကာ အသက်အန္တရာယ်ရှိနေသည့်ကလေး ခွဲစိတ်မှုခံယူပြီးနောက် ဖြောင့်ဖြောင့်ရပ်နိုင်လာ

ကိုထက်

ဂျွန်ဆာကိုနားရဲ့ ကျောရိုးက အသက် ၅ နှစ်အရွယ်မှာ မတူညီတဲ့ ကောက်ကြောင်းနှစ်ခုနဲ့ ကောက်နေပါတယ်။ ဒီအခြေအနေက သူ့ကျောပြင်ကို အလွန်အမင်း ကွေးလိမ်နေစေပြီး ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်စေတဲ့ အန္တရာယ်ကို ဦးတည်နေပါတယ်။

ဂျွန်ဟာ သူရဲ့ကလေးဘဝနဲ့ ဆယ်ကျော်သက်အရွယ်တွေကို အလွန်အမင်း နာကျင်မှုဝေဒနာတွေနဲ့ ဖြတ်ကျော်ခဲ့ရတဲ့အပြင် ခွဲစိတ်မှုပေါင်း ၁၈ ကြိမ်ကိုလည်း ပြုလုပ်ခဲ့ရပါတယ်။ ၆လကြာတိုင်း သူ့ကျောရိုးအပြောင်းအလဲကို ပြန်လည်တည့်မတ်ဖို့ တစ်ကြိမ်ခွဲစိတ်မှု ခံယူခဲ့ရတာပါ။

လူပျိုဖော်ဝင်လာချိန်မှာ ဂျွန်ရဲ့ကျောရိုးက အင်္ဂလိပ်အက္ခရာ S ပုံစံနဲ့ C ပုံစံ ကောက်ကွေးနေတဲ့ အခြေအနေတွေ ဖြစ်နေခဲ့ပြီး ဒီအခြေအနေ နှစ်ရပ်စလုံးက သူ့ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းကို ထိခိုက်စေတာကို တွေ့ရှိခဲ့ရပါတယ်။ အသက် ၁၆ နှစ်အရွယ်မှာ အသက်ကောင်းကောင်း မရှူနိုင်တော့ဘဲ နာကျင်မှုဝေဒနာကို အပြင်းအထန် ခံစားခဲ့ရပါတယ်။

နောက်ဆုံးမှာ ကျောရိုးကို ဖြည်းဖြည်းချင်းဖြောင့်တဲ့ ခွဲစိတ်မှုကို ဆရာဝန်တွေက ၁၃ နာရီကြာ ပြုလုပ်ခဲ့ပါတော့တယ်။ အခု ၁၉ နှစ်အရွယ်မှာတော့ ဂျွန်က မတ်မတ်ရပ်နိုင်ပြီး အသက်ရှူရတာ လွယ်ကူလာကာ အားကစားတွေကို ပြန်လည်လုပ်ကိုင်လာနိုင်နေပြီ ဖြစ်ပါတယ်။

“မှန်ကိုကြည့်ပြီး ”ဒါက တကယ်ပဲငါလား”လို့ တွေးမိတယ်။ ဖြောင့်ဖြောင့်မတ်မတ်ရပ်နိုင်တဲ့ ကိုယ့်ကိုယ်ကိုယ်မြင်ရတာ တကယ်ကောင်းတယ်လို့ ခံစားရတယ်”လို့ ဂျွန်က ဆိုပါတယ်။

Ref;DM

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top