Healthy Life Ad
Health Tips

အရေပြားကင်ဆာ ကာကွယ်နည်းများ

ငွေကြယ်စင်ယံ

(၁) နေရောင်ခြည်ကို ကာကွယ်ပါ

အရေပြားဖုံးအုပ်နေတဲ့ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမဆို အရေပြားကင်ဆာ ဖြစ်နိုင်ခြေရှိပါတယ်။ ဒါပေမဲ့ ခရမ်းလွန်ရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့နေတဲ့ မျက်နှာ၊ လည်ပင်းနဲ့လက်တွေဟာ အရေပြားကင်ဆာ အဖြစ်များဆုံး အစိတ်အပိုင်းတွေပါ။ နေဒဏ်အပြင်းထန်ဆုံးဖြစ်တဲ့ နံနက် ၁၀ နာရီကနေ ညနေ လေးနာရီအထိ အပြင်မှာ ဆော့ကစားတဲ့ ကလေးတွေဟာလည်း နောင်တစ်ချိန်မှာ အရေပြားကင်ဆာ ဖြစ်လာနိုင်ခြေ ရှိနေပါတယ်။ ဒါကြောင့် နေပူရှိန် ပြင်းလွန်းတဲ့အချိန်မှာ အိမ်ပြင်ထွက်တာမျိုး ကိုတတ်နိုင်သမျှ ရှောင်သင့်ပါတယ်။

(၂) အဝတ်အစားကို လုံခြုံစွာဝတ်ပါ

နေကာခရင်မ် လိမ်းလေ့မရှိတဲ့ အရေပြားတွေကို အဝတ်အစားနဲ့ ဖုံးအုပ်ထားသင့်ပါတယ်။ ဦးရေပြားကို နေဒဏ်မှကာကွယ်နိုင်အောင် အနားကျယ်တဲ့ ဦးထုပ်ဆောင်းပါ။ မျက်ဝန်းကို ကာကွယ်နိုင်ဖို့ နေကာမျက်မှန်တပ်ပါ။ အဝတ်အစားတွေက စိုနေတဲ့အခါ ဒါမှမဟုတ် နွမ်းဖတ်နေတဲ့အခါမျိုးမှာ နေရောင်ခြည်ကို ကာကွယ်နိုင်စွမ်း လျော့ကျတတ်ပါတယ်။

(၃) နေကာခရင်မ် လိမ်းပါ

ကမ်းခြေကိုသွားမှ နေကာခရင်မ်ကို လိုအပ်တာ မဟုတ်ပါဘူး။ နေ့စဉ် နေကာခရင်မ်ကို လိမ်းပေးသင့်ပါတယ်။ အသားအရေထိန်းပစ္စည်း အများစုမှာ နေကာနိုင်စွမ်းပါပေမယ့် လိုအပ်တဲ့ SPF ပမာဏထက် လျော့နည်းနေတတ်ပါတယ်။ ဒါကြောင့် အပြင်မထွက်ခင်မှာ SPF ၁၅ဆနဲ့ အထက်ပါတဲ့ နေကာခရင်မ်ကို ရွေးချယ်လိမ်းပေးသင့်ပါတယ်။ ချွေးထွက်တဲ့အခါမှာ နေကာခရင်မ်ကို ထပ်မံလိမ်းပေးဖို့ လိုပါတယ်။

(၄) သင်သောက်နေသော ဆေးဝါးများကို စစ်ဆေးကြည့်ပါ

တချို့ဆေးဝါးတွေက အရေပြားရဲ့ ခရမ်းလွန်ရောင်ခြည် ထိလွယ်ခိုက်လွယ်ဖြစ်မှုကို မြင့်တက်စေတာကြောင့် နေလောင်လွယ်လာပါတယ်။ နေလောင်တာကြောင့် နောက်ပိုင်းမှာ အရေပြားကင်ဆာဖြစ်နှုန်း မြင့်တက်လာပါတယ်။ ဒါကြောင့် သင်သောက်နေတဲ့ ဆေးဝါးတွေကို သတိထားသင့်ပါတယ်။ ပဋိဇီဝပိုးသတ်ဆေး၊ စိတ်ကျကုသဆေး၊ ကိုလက်စထရောကျဆေး၊ ရောင်ရမ်းမှုကျဆေးနဲ့ တချို့လိမ်းဆေး စတာတွေကလည်း နေရောင်ခြည်ကို ထိလွယ်ခိုက်လွယ်တာမျိုး ဖြစ်တတ်ပါတယ်။ တချို့ဆေးတွေက သောက်ထားပြီး နေပူထဲထွက်ရင် နေလောင်တာနဲ့ အရည်ကြည်ဖုပေါက်တာတွေ ဆိုးဆိုးရွားရွား ဖြစ်တတ်ပါတယ်။ ဒါကြောင့် သင်သောက်နေတဲ့ ဆေးတွေက နေရောင်ခြည်နဲ့ တည့်ရဲ့လားဆိုတာ ဆရာဝန်ကို အရင်မေးမြန်းထားဖို့ လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top