Healthy Life Ad
Health Tips

ဆီးချိုသွေးချိုရောဂါနှင့် စိတ်

ယခင်တစ်ပတ်မှအဆက်

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။

စိတ်နဲ့ခန္ဓာ ဆက်စပ်ပုံ

စိတ်ပြောင်းလဲတဲ့အပေါ် မူတည်ပြီး (physiology) ဇီဝဗေဒပြောင်းလဲခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဥပမာ- Autonomic nervous system activation အော်တိုနိုးမိတ်ခ် အာရုံကြောစနစ်တွေကို လှုံ့ဆော်ပေးခြင်း၊ ပြောင်းလဲခြင်းတွေ ဖြစ်စေပါတယ်။ ဥပမာ- စိတ်ပူရင်၊ စိုးရိမ်စိတ်ဖြစ်ရင် အော်တိုနိုးမစ်ခ် အာရုံကြောစနစ်ကို လှုံ့ဆော်ခြင်းကြောင့် နှလုံးခုန်မြန်ခြင်း၊ သွေးတိုးခြင်း၊ သွေးချိုမြင့်တက်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဦးနောက်မှ ဟော်မုန်းထုတ်လုပ်တဲ့ ဟိုက်ပိုသယ်လ်မတ်ဟ် ပီတြူထရီ အဒ်ဒရီနယ်လ်စနစ် (Hypothalamic-pituitary-adrenal system) တွေကို လှုံ့ဆော်ခြင်းကြောင့် သွေးပိုတိုးမယ်၊ သွေးချိုမြင့်မယ်။

ဒါ့အပြင် စိတ်ဟာ ခုခံအားစနစ်(immune function)တွေအပေါ်မှာလည်း သက်ရောက်မှုရှိတာ တွေ့ရပါတယ်။ စိတ်သောကများရင် ခုခံအားကျနိုင်ပါတယ်။ ကျန်းမာရေး ချို့တဲ့နိုင်ပါတယ်။ ဒါ့

“စိတ်ဟာ ခုခံအားစနစ်(immune function)တွေ အပေါ်မှာလည်း သက်ရောက်မှုရှိတာ တွေ့ရပါတယ်။ စိတ်သောကများရင် ခုခံအားကျနိုင်ပါတယ်။ ကျန်းမာရေး ချို့တဲ့နိုင်ပါတယ်။ ဒါ့အပြင် (Inflammation)ဆိုတဲ့ ရောင်ကိုင်းမှုတွေ ပိုဖြစ်စေတယ်။ ဒီရောင်ကိုင်းတဲ့ဖြစ်စဉ်ကြောင့်” . . .

အပြင် (Inflammation)ဆိုတဲ့ ရောင်ကိုင်းမှုတွေ ပိုဖြစ်စေတယ်။ ဒီရောင်ကိုင်းတဲ့ဖြစ်စဉ်ကြောင့် ဆီးချိုနောက်ဆက်တွဲတွေ ပိုဖြစ်နိုင်တယ်။ အိုမင်းလွယ်ခြင်း၊ သူငယ်ပြန်ခြင်း၊ နှလုံးသွေးကြောရောဂါဖြစ်ခြင်း၊ အရိုးပွခြင်း၊ အရိုးကျီးပေါင်းဖြစ်ခြင်း၊ စွမ်းအားကျခြင်း၊ ဆီးချိုဖြစ်ခြင်း၊ ကင်ဆာဖြစ်ခြင်း စတာတွေနဲ့ ဆက်စပ်နေပါတယ်။

ဒါတွေက စိတ်ရဲ့အစွမ်းကြောင့် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ရှိနိုင်တဲ့ ဆက်စပ်မှုတွေကို ဖော်ပြရခြင်း ဖြစ်ပါတယ်။ ကိုယ်ကျန်းမာရေး ဆိုးကျိုးတွေ ဖြစ်လာစေတဲ့ စိတ်ခံစားမှုတွေကတော့ စိတ်ဖိစီးမှု (stress)၊ စိုးရိမ်စိတ်လွန်ကဲခြင်း (anxiety)၊ စိတ်ဓာတ်ကျဆင်းခြင်း (depression) စတဲ့ ခံစားချက်တွေပဲ ဖြစ်ပါတယ်။

ကျန်းမာစွာ နေထိုင်တတ်တဲ့ အလေ့အထတွေ

ဥပမာ- လေ့ကျင့်ခန်းလုပ်ခြင်း၊ သွက်လက်စွာ နေထိုင်ခြင်းတို့ကြောင့် ဦးနောက်မှာ အင်ဒေါ်ဖင်း (Endorphine)လို့ခေါ်တဲ့ ဟော်မုန်းဓာတ်တစ်မျိုးကို ပိုထွက်စေပါတယ်။ ၎င်းဟော်မုန်းဓာတ် များခြင်းကြောင့် စိတ်အားတက်ခြင်း၊ ပျော်ရွှင်ခြင်းနဲ့(sense of elation) ပီတိဖြစ်ခြင်းတွေ ပိုခံစားရစေပါတယ်။ ထိုမှတဆင့် ဒီအလေ့အထတွေကို ဆက်ပြီးကောင်းအောင်လုပ်ဖို့ စိတ်တွန်းအားပေးသလိုဖြစ်ပြီး ပိုကောင်းလာပါမယ်။ ထို့အတူပဲ စိတ်ကမကောင်းတဲ့ဆီကို ဦးတည်နေရင်လည်း ဆက်ပြီး ပိုဆိုးလာပါမယ်။

အပြုအမူ (behavior) ပြောင်းလဲပေးခြင်းနှင့် ဆီးချိုထိန်းသိမ်းခြင်းအကြောင်း

ဆီးချိုရောဂါရှိတဲ့ လူနာတွေအတွက် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေကို ဆီးချိုရှိမှန်း စသိတဲ့နေ့မှစပြီး အမြဲရာသက်ပန်ရရှိနေဖို့ လိုအပ်ပါတယ်။ စိတ်ကိုအရင်ပြုပြင်နိုင်မှသာ အလေ့အကျင့် အပြုအမူတွေကို ပိုပြီးထိရောက်အောင် ပြုပြင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကလည်း လူနာတွေရဲ့ ရှိရင်းစွဲ ပင်ကိုယ်စိတ်ဓာတ်(personality)က အရေးကြီးပါတယ်။ မိမိကိုယ်ကိုယ် ဂရုစိုက်ခြင်း၊ ညွှန်ကြားချက်တွေကို အမြဲလိုက်နာပြီး ဆေးကိုမှန်မှန်သောက်ခြင်းတွေကို လုပ်နိုင်ဖို့လိုပါတယ်။ ဇွဲရှိခြင်း ၊ မဖြစ်ဖြစ်အောင် ကြိုးစားလိုခြင်း၊ အာမလျှော့ခြင်း စတဲ့စိတ်ရှိမှသာ ခက်ခဲစွာပြောင်းလဲရမယ့် နေထိုင်မှုဘဝပုံစံကို အမြဲတမ်း တည်တံ့နေမှာဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ စိတ်နဲ့ ဆီးချိုရောဂါနဲ့ ဆက်စပ်ပုံတွေကို ရှုထောင့်မျိုးစုံမှ ရှင်းပြပြီးပါပြီ။ ဆီးချိုထိန်းသိမ်းတဲ့ ကျန်းမာရေးဌာနတွေ၊ စင်တာတွေမှာ လူနာတစ်ဦးချင်းအတွက် လိုတဲ့စိတ်ပြောင်းလဲခြင်း၊ စိတ်ပြုပြင်ခြင်း၊ စိတ်ကျန်းမာရေးတိုးတက်အောင် ပြုလုပ်ပေးခြင်းတွေပါ ပြုလုပ်ပေးနိုင်ရင် အကောင်းဆုံးဖြစ်ပါမယ်။ လက်တွေ့မှာ ဒီလိုစိတ်ကို ဦးတည်စဉ်းစားပေးတဲ့ ဆီးချိုစောင့်ရှောက်မှုတွေပေးနိုင်ဖို့ သိပ်မလွယ်သေးပါဘူး။ စိတ်ပိုင်းဆိုင်ရာ အထူးပြုပြင်ပေးနိုင်တဲ့ ပညာရှင်နဲ့ တခြားအထောက်အပံ့တွေ အားနည်းနေပါသေးတယ်။ ဆေးကုသပေးသူ ဆရာဝန်တွေ၊ အာဟာရပညာရှင်တွေ၊ ဆီးချိုပညာပေးတဲ့ ပညာရှင်တွေကသာ ပညာပေးဆွေးနွေးရင်း စိတ်ပိုင်းအားပေးမှု၊ စိုးရိမ်စိတ်မလွန်ကဲအောင် ပံ့ပိုး၊ ပြုပြင်ပေးခြင်း ကုသပေးခြင်းတွေ ပြုလုပ်ပေးဖို့ လိုပါတယ်။ သို့မှသာ ဆီးချိုလူနာများအားလုံးသည် မိမိကိုယ်ကို မိမိစောင့်ရှောက်နိုင်ပြီး စိတ်ရောကိုယ်ပါ ကျန်းမာအသက်ရှည်ကြမှာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top