Healthy Life Ad
Life Style

၀ူဟန်ကော်ရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် နှာခေါင်းစည်း အသုံးပြုသူတို့ မလုပ်သင့်သည့် အမှား (၅) ခု

– ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

ဝူဟန်ကော်ရိုနာဗိုင်းရပ်စ်ဟာ အသက်ရှူလမ်းကြောင်းကနေ ဝင်ရောက်ကူးစက်တတ်တဲ့ ရောဂါဖြစ်ပါတယ်။ ရောဂါရှိသူ ချောင်းဆိုးတာ၊ နှာချေတာ၊ နှာရည်ညှစ်တာ၊ ထွက်လာတဲ့ တံတွေးနဲ့ သလိပ် စတာတွေကတစ်ဆင့် ကူးနိုင်ပါတယ်။

ဒါကြောင့် နေမကောင်းသူက ချောင်းဆိုး၊ နှာချေတဲ့အခါ လက်ကိုင်ပဝါ၊ တစ်ရှူး စတာတွေ အုပ်ဆိုးရင်၊ နှာခေါင်းစည်းတပ်ထားရင် တခြားသူတွေဆီ ပိုးပျံ့နှံ့ နိုင်ခြေနည်းပါတယ်။ ဒါပေမဲ့ နှာခေါင်းစည်း (Mask) တပ်တဲ့အခါ တချို့လူတွေဟာ အမှုမဲ့အမှတ်မဲ့ အမှားလေးတွေ ပြုလုပ်တတ်ကြပါတယ်။

– အမှား (၁) လက်မဆေးဘဲ နှာခေါင်းစည်း ကိုင်ခြင်း

နှာခေါင်းစည်းကို ကိုင်တွယ်တပ်ဆင်တဲ့အခါ လက်ကို အရင်ဆုံး စင်ကြယ်စွာဆေးရပါမယ်။ တချို့ လူတွေက နှာခေါင်းစည်းကို ချက်ချင်းမသုံးဘဲ ဟိုနေရာတင်၊ ဒီနေရာတင် လုပ်တတ်ပါတယ်။ တကယ်တော့ အိတ်သန့်သန့်တစ်လုံးနဲ့ အလုံပိတ်ပြီး ထည့်ထားရမှာပါ။

– အမှား (၂) နှာခေါင်းစည်းကို နှာခေါင်းပေါ်ပဲမှာ အုပ်ခြင်း

နှာခေါင်းစည်းလို့ သုံးပေမယ့် နှာခေါင်းကော ပါးစပ်ကိုပါ အုပ်ရမှာပါ။ နှာခေါင်းစည်းတပ်တဲ့အခါ စကားပြောရတာ အားမရလို့လားမသိ၊ ပါးစပ်ဖော်ပြီး နှာခေါင်းကိုပဲ အုပ်ထားတဲ့သူ၊ မေးစေ့မှာပဲ တပ်ထားတဲ့သူတချို့ကို တွေ့နေရပါတယ်။ နောက်တစ်ခုက N95နှာခေါင်းစည်းဆိုရင် နာရီဝက်ထက် ပိုမတပ်နိုင်ပါဘူး။ အချိန် ၂-၃ နာရီထက်ပိုပြီး တပ်ထားနိုင်တယ်ဆိုရင် ဒါက မလုံလို့ပါ။

– အမှား (၃) နှာခေါင်းစည်းအတွင်းပိုင်း ကိုင်တွယ်တပ်ဆင်ခြင်း

နှာခေါင်းစည်းကို ကြိုး ဒါမှမဟုတ် ဘေးဘက်ကနေ သန့်ရှင်းတဲ့လက်နဲ့ ကိုင်တွယ်တပ်ဆင်ရမှာပါ။ တချို့က မျက်နှာနဲ့ ထိမယ့် နှာခေါင်းစည်းအတွင်းပိုင်းကို မသန့်တဲ့လက်နဲ့ ကိုင်ပြီး တပ်နေတာ မှားပါတယ်။

– အမှား(၄) တပ်လိုက်၊ ဖြုတ်လိုက် လုပ်ခြင်း

နှာခေါင်းစည်းကို လူများတဲ့ နေရာမှာ တပ်မယ်ဆိုရင် တောက်လျှောက်တပ်ပြီး အိမ်ပြန်ရောက်မှ ဖြုတ်ရမှာပါ။ တချို့က လူများတဲ့ နေရာမှာတင် ဖြုတ်လိုက်၊ ရေသောက်လိုက်၊ ပြန်တပ်လိုက်၊ မုန့်စားလိုက်၊ ပြန်တပ်လိုက်၊ စကားပြောလိုက် လုပ်တာ တွေ့ရပါတယ်။ ဆော့တတ်တဲ့ ကလေးတွေဆိုရင် မိဘတွေက သေချာပြောပြထားဖို့ လိုပါတယ်။

– အမှား (၅) လက်မဆေးဘဲ နေခြင်း

နှာခေါင်းစည်းတပ်တာပဲဆိုပြီး လက်မဆေးဘဲ နေတဲ့အကျင့်ပါ။ တကယ်တော့ လက်ဆိုတာ အငြိမ်မနေတတ်သလို ပိုးမွှားအကပ်ငြိနိုင်ဆုံး နေရာတစ်ခုပါ။ ဒီလက်တွေကတစ်ဆင့် ပါးစပ်၊ နှာခေါင်းကနေ ပိုးဝင်ကာ ရောဂါကျရောက်နိုင်တာကြောင့် လက်ကို စင်စင်ကြယ်ကြယ်ဖြစ်အောင် မကြာခဏ ဆေးကြောဖို့ အရေးကြီးလှပါတယ်။

Most Popular

Healthy Life Ad
To Top