Healthy Life Ad
Q & A

“ဉာဏ်ထိုင်းရောဂါကို ကာကွယ်နိုင်သလား”

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

ကလေးလူငယ် စိတ်ကျန်းမာရေး ဆေးပညာနဲ့ပတ်သက်ပြီး နောက်ဆုံးနှစ် ဆေးကျောင်းသားတွေကို သင်ကြားပေးနေပါတယ်။ “ကလေးသူငယ်တွေမှာ တွေ့ရှိရတဲ့ “အသိဉာဏ်မသန်စွမ်းရောဂါ”( Intellectual Disability) အကြောင်းကို ဆွေးနွေးကြမယ်။ ဉာဏ်ထိုင်းရောဂါအကြောင်း ဆိုပါတော့”

ဆေးကျောင်းသားတိုနီက “အသိဉာဏ်ဆိုတာ ဘာလဲဆရာ”လို့ မေးတယ်။

“အသိဉာဏ်က တွေးတောဆင်ခြင် စဉ်းစားခြင်းစိတ်ဖြစ်စဉ်နဲ့ သက်ဆိုင်ပါတယ်။ အသိဉာဏ်နဲ့သက်ဆိုင်တဲ့ စိတ်စွမ်းအင် လုပ်ငန်းတွေကတော့- သင်ယူတတ်မြောက်နိုင်ခြင်း၊ အကျိုးအကြောင်း ဆက်စပ်စဉ်းစားအဖြေရှာခြင်း၊ အခက်အခဲပြဿနာကို ဖြေရှင်းခြင်း၊ သက်ဆိုင်ရာ အချက်အလက်တွေကို ကောက်ယူထုတ်နှုတ်ပြီး အနက်အဓိပ္ပာယ် ထုတ်ဖော်နားလည်ခြင်း (Abstract Thinking)၊ အနာဂတ်အတွက် ကြိုတင်စဉ်းစား စီမံခန့်ခွဲတတ်ခြင်း စတဲ့အရည်အချင်းတွေဖြစ်ပါတယ်”

“အဲဒီအရည်အချင်းတွေကို ဘယ်လိုတိုင်းတာနိုင်သလဲ”

“အသိဉာဏ်ကို တိုင်းတာတဲ့ နည်းတစ်မျိုးကတော့ “အသိဉာဏ်အစားရလဒ်သင်္ကေတ” (Intellectual Quotient)နဲ့ ဖော်ပြနည်းဖြစ်ပါတယ်။ အတိုကောက် IQ လို့ ခေါ်ပါတယ်။ နောက်တစ်နည်းကတော့ လူတစ်ဦးရဲ့ တွေးတောဆင်ခြင် သင်ယူတတ်မြောက်နိုင်မှု၊ လူမှုဆက်ဆံရေး ကျွမ်းကျင်လိမ္မာမှုနဲ့ လက်တွေ့လုပ်ကိုင်နိုင်မှုစွမ်းရည် စတဲ့အရည်အချင်းတွေကို လေ့လာပြီး အသိဉာဏ်အဆင့်အတန်းကို ခန့်မှန်းတဲ့နည်း ဖြစ်ပါတယ်”

ဆေးကျောင်းသူကေသီက ကြားဖြတ်မေးပါတယ်။

“IQ ဆိုတာ ဘာလဲဆရာ”

“IQ ဆိုတာက ကလေးတစ်ယောက်ရဲ့ အသိဉာဏ်ကို အသက်အရွယ်တူ တခြားကလေးတွေရဲ့ အသိဉာဏ်နဲ့ နှိုင်းယှဉ်ဖော်ပြတဲ့ သင်္ချာကိန်းဖြစ်ပါတယ်။ ပုံသေကိန်းကတော့-(ကလေးရဲ့ဉာဏ်သက် ÷ ကလေးရဲ့အသက် _၁၀ဝ) ဖြစ်ပါတယ်။ ဉာဏ်ရည်တိုင်းတာဖို့အတွက် အသက်အရွယ်အလိုက် ဖြေဆိုနိုင်တဲ့ ဉာဏ်စမ်းပုစ္ဆာတွေ ရှိပါတယ်။ ဥပမာ-၆နှစ်သားလေးရဲ့ အဖြေမှာ ဉာဏ်သက်က ၃ နှစ် အဆင့်ပဲရှိရင် အဲဒီကလေးရဲ့ IQ က ၅၀ ဖြစ်တယ်”

ဆေးကျောင်းသူကေသီက မေးမြန်းတယ်။

“အဲဒီလိုဆိုရင် IQ ဘယ်လောက်ရှိရင် ဉာဏ်ထိုင်းရောဂါလို့ ပြောမလဲ”

စာရေးသူက အကျယ်တဝင့်ရှင်းပြပါတယ်။

“အမေရိကန် စိတ်ကျန်းမာရေးဆရာဝန်များအဖွဲ့က ထုတ်ပြန်ထားတဲ့ စိတ်ရောဂါ ခွဲခြားသတ်မှတ်တဲ့ ကျမ်းစာအုပ် (DSM-V)မှာ “အသိဉာဏ်မသန်စွမ်းရောဂါ”(Intellectual Disability)(ID)ကို အဆင့်(၄)မျိုး ခွဲခြားထားပါတယ်။ ဉာဏ်ထိုင်းရောဂါ အဆင့် (၄)မျိုး ဆိုပါတော့”

“ကလေးငယ်စဉ်ဘဝမှာ ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခြင်း၊ ဦးနှောက်ရောင်ရောဂါနဲ့ ဦးနှောက်အမြှေးရောင် ရောဂါတွေကြောင့် ဉာဏ်ထိုင်းနိုင်တယ်။ ကလေးရဲ့ ဦးနှောက်ထဲမှာ အောက်ဆီဂျင်ဓာတ် နည်းပါးသွားခြင်း (ဥပမာ-ရေနစ်မွန်းခြင်း)ကြောင့် ဉာဏ်ထိုင်းသွားတာကို တွေ့ရတယ်။ ကလေးရဲ့သွေးထဲမှာ ခဲသတ္တုဓာတ်များရင်လည်း ဉာဏ်ထိုင်းစေပါတယ်” . . .

“ရှင်းပြပါ ဆရာ”

“(၁) အနည်းငယ် အသိဉာဏ်မသန်စွမ်းရောဂါ(Mild ID)။ ဒီအဆင့်မှာIQ က ၅၀မှ ၇၀ အတွင်းရှိတယ်။ သိသာထင်ရှားတဲ့ ကိုယ်အင်္ဂါချို့ယွင်းချက် မရှိဘူး။ ကြီးထွားဖွံ့ဖြိုးတိုးတက်မှု အနည်းငယ် နောက်ကျမယ်။ တခြားကလေးတွေနဲ့ ပေါင်းသင်းဆက်ဆံနိုင်တယ်။ နေ့စဉ်ကိစ္စလေးတွေကို သင်ကြားပေးနိုင်တယ်။ ကျောင်းစာညံ့မယ်။ မူလတန်းအဆင့်အထိသာ ကျောင်းစာသင်ကြားနိုင်မယ်။ အသက်အရွယ်ကြီးလာရင် အလုပ်ကြမ်းအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းရှာနိုင်တယ်။ တစ်ယောက်တည်း နေထိုင်နိုင်တယ်။

(၂) အတော်အတန် အသိဉာဏ်မသန်စွမ်းရောဂါ (Moderate ID)။ ဒီအဆင့်မှာ IQ က ၄၀ မှ ၅၀ အတွင်းရှိမယ်။ ကလေးစတင်ထိုင်တာ၊ လမ်းလျှောက်တာ၊ စကားစပြောတာ စတဲ့ဖွံ့ဖြိုးတိုးတက်မှု သိသိသာသာ နောက်ကျမယ်။ ကိုယ်အင်္ဂါချို့ယွင်းမှု အနည်းငယ် တွေ့ရှိနိုင်တယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် သင်ကြားပေးလို့ရတယ်။ နေ့စဉ် လိုအပ်ချက်တွေအတွက် ပြောဆိုဆက်ဆံနိုင်တယ်။ ကျောင်းစာသင်ယူနိုင်မှာ မဟုတ်ဘူး။

(၃) အလွန်အမင်း အသိဉာဏ်မသန်စွမ်းရောဂါ (Severe ID)။ ဒီအဆင့်မှာ IQ က ၂၀ မှ ၄၀ အတွင်းရှိမယ်။ ကြီးထွားဖွံ့ဖြိုးတိုးတက်မှု အလွန်အမင်းနောက်ကျမယ်။ လူကြီးပြောစကားကို နားလည်နိုင်ပေမယ့် ကိုယ်တိုင်ပြောဆိုနိုင်မှု မရှိသလောက် စကားပြောချို့တဲ့နေမယ်။ လွယ်ကူတဲ့ နေ့စဉ်တစ်ကိုယ်ရည်ကိစ္စလေးတွေကို ပြုလုပ်တတ်အောင် သင်ကြားပေးနိုင်တယ်။ လူကြီးတွေရဲ့ ကြီးကြပ်ကွပ်ကဲမှု လိုအပ်မယ်။

(၄) အပြင်းအထန် အသိဉာဏ်မသန်စွမ်းရောဂါ(Profound ID)။ ဒီအဆင့်မှာ IQ က ၂၀ အောက်ပဲရှိမယ်။ တိုးတက်ဖွံ့ဖြိုးမှုအားလုံး အလွန်အမင်း နောက်ကျမယ်။ ဉာဏ်ထိုင်းတဲ့ လက္ခဏာနဲ့အတူ ခန္ဓာကိုယ်အင်္ဂါ ချို့ယွင်းချက်တွေကိုလည်း တွေ့ရှိရမယ်။ အနီးကပ်ကြီးကြပ်ကွပ်ကဲစောင့်ရှောက်ဖို့ လိုအပ်တယ်။ နေ့စဉ်တကိုယ်ရည် ကိစ္စတွေအတွက် အမြဲတမ်းအကူအညီလိုအပ်မယ်”

ဆေးကျောင်းသူ ကေသီက စပ်စုပါတယ်။

“အသိဉာဏ်မသန်စွမ်းရောဂါက ကလေးလူငယ်တွေထဲမှာ ဘယ်လောက်များများရှိသလဲ”

“ကလေးလူငယ်တွေထဲမှာ ဉာဏ်ထိုင်းရောဂါ ဖြစ်ပွားနှုန်းက ၁ မှ ၃ ရာခိုင်နှုန်းအထိ ရှိပါတယ်။ အဲဒီအထဲမှာ အနည်းငယ်ဉာဏ်ထိုင်းခြင်းက ၈၅ ရာခိုင်နှုန်း၊ အတော်အတန်ဉာဏ်ထိုင်းခြင်းက ၁၀ ရာခိုင်နှုန်း၊ အလွန်အမင်းဉာဏ်ထိုင်းခြင်းက ၄ ရာခိုင်နှုန်းနဲ့ အပြင်းအထန် ဉာဏ်ထိုင်းခြင်းက ၁ မှ ၂ ရာခိုင်နှုန်း ပါဝင်တယ်”

ဆေးကျောင်းသားတိုနီက အရေးကြီးတဲ့ မေးခွန်းတစ်ခုကို မေးတယ်။

“အသိဉာဏ်မသန်စွမ်းရောဂါကို ကာကွယ်လို့ ရမလားဆရာ”

“မျိုးဗီဇအိတ် (Chromosomes)နဲ့ မျိုးဗီဇ (Genes)ချို့ယွင်းပြောင်းလဲလို့ ဖြစ်ပွားတဲ့ ဉာဏ်ထိုင်းရောဂါတွေ မဖြစ်ပွားအောင် ကာကွယ်တဲ့နည်းပညာ အခုချိန်အထိ မရှိသေးပါဘူး။ အဲဒီလို မျိုးဗီဇအိတ်နဲ့ မျိုးဗီဇချို့ယွင်းလို့ ဖြစ်ပွားတဲ့ ဉာဏ်ထိုင်းတဲ့ ရောဂါပေါင်း ၃၀ ကျော်ရှိပါတယ်။ “မျိုးဗီဇတည်းဖြတ်နည်းပညာ” (Genes Editing) ကျယ်ပြန့်လာရင်တော့ အဲဒီလိုရောဂါတွေကို ကာကွယ်နိုင်မှာပါ။ ဒါပေမဲ့ ခြွင်းချက်တော့ရှိတယ်။ မျိုးဗီဇတစ်ခု ချို့ယွင်းလို့ ဖြစ်ပွားတဲ့ (Phenylketonuria) (PKU) “ပီကေယူ” ရောဂါရှိတာသိရှိရင် ဉာဏ်ထိုင်းတာကို ကာကွယ်နိုင်တယ်။ ၂ ရက်သားအရွယ် မွေးကင်းစကလေးကို သွေးစစ်ကြည့်ရင် သိနိုင်ပါတယ်။ ရောဂါရှိရင် Phenylketonuria လို့ခေါ်တဲ့ အမီနိုအက်ဆစ် အသားဓာတ်“မပါတဲ့” အစားအစာကိုပဲ ကျွေးရတယ်။ အဲဒီလိုဆောင်ရွက်နိုင်ရင် ဉာဏ်ထိုင်းတာကို ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် အမေရိကန်နိုင်ငံမှာ မွေးကင်းစကလေးတိုင်းကို “ပီကေယူ” ရောဂါရှိ၊ မရှိ ဆေးစစ်ခိုင်းပါတယ်”
ဆေးကျောင်းသူကေသီက မေးမြန်းတယ်။

“မျိုးဗီဇကြောင့်မဟုတ်ဘဲ တခြားအကြောင်းရင်းတွေကြောင့် ဖြစ်ပွားတဲ့ “ဉာဏ်ထိုင်းရောဂါ” ကို ကာကွယ်နိုင်သလား”

“ကာကွယ်နိုင်တယ်လို့ ဆိုရမယ်။ မိခင်လောင်းကိုယ်ဝန်ရှိချိန်၊ သားဖွားချိန်နဲ့ ကလေးငယ်စဉ်ဘဝမှာ ဦးနှောက်ကို ထိခိုက်စေတဲ့ အကြောင်းရင်းတွေကို ကာကွယ်နိုင်တယ်”

“ရှင်းပြပါဆရာ”

“(က) ကိုယ်ဝန်ဆောင်မိခင်မှာ ဝက်သက်ကြီးရောဂါ (Rubella German Measles)၊ ဆစ်ဖလစ်ကာလသားရောဂါ (Syphilis)၊ ရေယုန်နာရောဂါ (Herpes Simplex)၊ HIV-AIDS ရောဂါနဲ့ ဟိုတလောက နာမည်ကြီးနေတဲ့ ဇီကာဗိုင်းရပ်စ်ရောဂါရှိရင် ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေပါတယ်။ အဲဒီရောဂါပိုးတွေက မိခင်မှတစ်ဆင့် သန္ဓေသားကိုကူးစက်ပြီး ဉာဏ်ထိုင်းရောဂါရရှိစေပါတယ်။ အဲဒါကို ကာကွယ်နိုင်တယ်။

(ခ) အရက်စွဲရောဂါရှိတဲ့ မိခင်က မွေးဖွားတဲ့ ကလေးတစ်ထောင်မှာ တစ်ယောက်က “သန္ဓေသား အရက်နာရောဂါ”( Fetal Alcohol Syndrome) ရရှိနိုင်တယ်။ ဉာဏ်ထိုင်းတာက သန္ဓေသားအရက်နာရောဂါရဲ့ လက္ခဏာတစ်ခုဖြစ်တယ်။ ဒါကြောင့် ကိုယ်ဝန်ရှိချိန်မှာ အရက်မသောက်ရင် အကောင်းဆုံးပဲ။

(ဂ) ကိုယ်ဝန်ဆောင်အဆိပ်တက်ရောဂါ (Toxemia of Pregnancy)၊ အချင်းကျရောဂါ (Placenta Previa) ကြောင့် သွေးယိုစိမ့်ခြင်း၊ ချက်ကြိုးခွေကျရောဂါ (Prolapse Cord)စတဲ့ ရောဂါတွေကြောင့် ကလေးရဲ့ဦးနှောက်ကို ထိခိုက်ပြီး ဉာဏ်ထိုင်းစေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်ရဲ့ ကျန်းမာရေးကို ဂရုစိုက်ရင် ကလေးဉာဏ်ထိုင်းတာကို ကာကွယ်နိုင်မယ်။

(ဃ) မွေးကင်းစကိုယ်အလေးချိန်က ၁၀ဝ၀ ဂရမ်(တစ်ကီလိုဂရမ်)လောက်ပဲ ရှိတဲ့ကလေးတွေ ထမြှာ ၂၀ ရာခိုင်နှုန်းက ဉာဏ်ထိုင်းရောဂါ ရရှိနိုင်တယ်။ သားဖွားချိန်မှာ ဦးခေါင်းဒဏ်ရာရရင် ဉာဏ်ထိုင်းရောဂါ ရရှိနိုင်တယ်။

(င) ကလေးငယ်စဉ်ဘဝမှာ ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခြင်း၊ ဦးနှောက်ရောင်ရောဂါနဲ့ ဦးနှောက်အမြှေးရောင်ရောဂါတွေကြောင့် ဉာဏ်ထိုင်းနိုင်တယ်။ ကလေးရဲ့ ဦးနှောက်ထဲမှာ အောက်ဆီဂျင်ဓာတ် နည်းပါးသွားခြင်း (ဥပမာ-ရေနစ်မွန်းခြင်း)ကြောင့် ဉာဏ်ထိုင်းသွားတာကို တွေ့ရတယ်။ ကလေးရဲ့သွေးထဲမှာ ခဲသတ္တုဓာတ်များရင်လည်း ဉာဏ်ထိုင်းစေပါတယ်”

ဆေးကျောင်းသူကေသီက မှတ်ချက်ချတယ်။

“ဒီလိုဆိုတော့ မိခင်နဲ့ကလေးကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းတွေက ဉာဏ်ထိုင်းရောဂါကို ကာကွယ်နိုင်တာပေါ့”

“မှန်ပါတယ်။ လေ့လာတွေ့ရှိချက် စာတမ်းပေါင်း ၅၂ ခုကို သုံးသပ်ထားတဲ့ စာတမ်းတစ်ခုရှိတယ်။ ဉာဏ်ထိုင်းရောဂါ ဖြစ်ပွားနှုန်းက စီးပွားရေးတိုးတက်မှုနိမ့်ကျတဲ့ နိုင်ငံတွေမှာ ပိုမိုများပြားကြောင်း တွေ့ရှိရတယ်”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top