Healthy Life Ad
Health Tips

ချစ်သူနဲ့ ဆုံတွေ့ချိန်မှာ …

လရိပ်မေ

ကျန်းမာရေးကောင်းမွန်တာက ဘဝမှာကံကောင်းတာ၊ တောင်းဆုပြည့်တာထက် ပိုကောင်းတဲ့ ဆုလာဘ်တစ်ခုပါ။ အဲဒီလို ကောင်းမွန်တဲ့ ဆုလာဘ်ကို ပိုင်ဆိုင်နိုင်စေဖို့ သင့်ချစ်သူနဲ့ ဆုံတွေ့ချိန်တိုင်း ပြုလုပ်သင့်တဲ့ ကျန်းမာရေး အကျင့်ကောင်းတွေရှိပါတယ်။

(၁) သီချင်းဆိုပါ၊ သီချင်းနားဆင်ပါ

တေးဂီတရဲ့ စိတ်အေးချမ်းတည်ငြိမ်စေတဲ့ အစွမ်းက အားကောင်းလှပါတယ်။ သီချင်းဆိုတာကြောင့် သွေးတိုးကျဆေးသောက်သလိုမျိုး သွေးတိုးကိုကျစေတယ်လို့ သိရပါတယ်။ အဆစ်ရောင်နာကို ပြုစုစောင့်ရှောက်မှုဆိုင်ရာဂျာနယ်မှာ ဖော်ပြထားချက်အရ သွေးတိုးနေတဲ့အတွက် ခွဲစိတ်ဖို့မဖြစ်နိုင်တဲ့ လူနာအမျိုးသမီးတစ်ဦးဟာ သီချင်းဆိုတာကြောင့် သွေးဖိအားပုံမှန်ပြန်ဖြစ်ပြီး ခွဲစိတ်ကုသမှုကို ဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် သင့်ချစ်သူကို စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိစေလိုတယ်ဆိုရင် အတူတူသီချင်းဆိုပါ။ ဒါမှမဟုတ် တေးသီချင်းနားထောင်ပါ။ သီချင်းဟာ စိတ်ဓာတ်တက်ကြွစေပြီး နာကျင်မှုကိုလျော့ကျစေကာ သွေးဖိအားကို ပုံမှန်ဖြစ်စေပါတယ်။

(၂) ချောကလက် စားပါ

အထူးသဖြင့် ကိုကိုးပါတဲ့ချောကလက်ဟာ သင့်နှလုံး၊ သင့်ကျန်းမာရေးနဲ့ စိတ်ခွန်အားကိုတက်ကြွစေပြီး အာရုံစူးစိုက်မှုကို သိသိသာသာကောင်းမွန်စေပါတယ်။ နေ့တိုင်း ကိုကိုး ၂၀ဝ မီလီဂရမ်မှီဝဲရင် နှလုံးအကျိုးပြု ဖလေဗိုးနွိုက်တွေကို ရရှိစေပါတယ်။ ဖလေဗိုးနွိုက်က စိတ်ခံစားချက်ကို ကောင်းမွန်စေရုံသာမက သွေးကြောကျန်းမာရေးကို ကောင်းစေကာ နှလုံးကိုလည်း ကျန်းမာစေပါတယ်။

(၃) ချစ်ခင်ကြင်နာပါ

ကြင်နာပြီး ညှာတာတဲ့ အပြုအမူနဲ့ သင့်ချစ်သူကို အံ့အားသင့်အောင်လုပ်ပါ။ ဆိုလိုတာက ကြီးကျယ်တဲ့အရာမဟုတ်ပေမယ့် သင့်ချစ်သူလုပ်စေချင်တဲ့အရာကို လိုက်လျောပေးတာမျိုးပါ။ Valentine’s Day နေ့မှာ ဆေးလိပ်ဖြတ်တာမျိုးက သင့်ကျန်းမာရေးကို ကောင်းမွန်စေရုံသာမက သင့်ချစ်သူရဲ့ဆန္ဒကို ချစ်ခင်ကြင်နာမှုနဲ့ လိုက်လျောပေးရာရောက်ပါတယ်။ ကြင်နာမှုကြောင့် သင်ရောသင့်ချစ်သူပါ စိတ်ခံစားမှုကောင်းမွန်တဲ့ အောက်ဆီတိုစင် အထွက်တိုးပြီး သွေးတိုးကျနေပါလိမ့်မယ်။

(၄) မျက်ရည်ကျသည်အထိ ရယ်မောပါ

တစ်နေ့ အနည်းဆုံးတစ်ကြိမ်လောက် ဟက်ဟက်ပက်ပက် ရယ်မောတာက စိတ်ခံစားမှု ကောင်းမွန်စေရုံသာမက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ ဒါကြောင့် သင့်ချစ်သူနဲ့ ဆုံတွေ့တဲ့အခါ ဟာသတွေပြောပြီး မျက်ရည်ကျတဲ့အထိ ရယ်မောလိုက်ပါ။ ပျော်ရွှင်မှုကြောင့် ကိုယ်ခံစွမ်းအားစနစ်ရဲ့ လုပ်ငန်းဆောင်တာတွေကို လှုံ့ဆော်ပေးပြီး သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။

(၅) အတူ လမ်းလျှောက်ပါ

သင့်ခန္ဓာကိုယ်က ကိုယ်အလေးချိန်များတာ၊ အရက်အလွန်အကျွံသောက်တာ စတဲ့ကျန်းမာရေးနဲ့မညီတဲ့ အလေ့အထရှိနေရင် ကျန်းမာပေါ့ပါးနိုင်ဖို့ မလွယ်ပါဘူး။ ဒီတော့ ကျန်းမာဖို့ရာအတွက် ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။ အထူးသဖြင့် သင့်ချစ်သူနဲ့အတူ လမ်းလျှောက်တာကြောင့် စိတ်ခံစားမှုကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ကာ နှလုံးသန်စွမ်း ကျန်းမာစေပါတယ်။ တစ်နေ့ မိနစ် ၂၀ ခန့် လမ်းလျှောက်တာကြောင့် နှလုံးကျန်းမာပြီး စိတ်ချမ်းသာစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top