Healthy Life Ad
Q & A

မိခင်လောင်းတို့ သိလိုသည့် မေးခွန်းများ

ကလေးတစ်ယောက်ကို ချောချောမောမောမွေးနိုင်တာ ဘဝရဲ့ ကံကောင်းခြင်းလက်ဆောင်ပါ . .

Q. ကလေးတစ်ယောက်ကို ချောချောမောမောမွေးနိုင်တာက ကံကောင်းတယ်လို့ ပြောကြပါတယ်။ အခုခေတ်မှာ ကလေးတွေ မွေးနေကြတာပဲဆိုတော့ မှန်ပါသလား ဆရာ။

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

A. မနေ့ညက မွေးလူနာအမျိုးသမီးဟာ ကလေးလေးလိုချင်လွန်းလို့ မကြာခဏပျက်ကျလိုက်၊ ပြန်ကြိုးစားလိုက်နဲ့ နောက်ဆုံးလေးခါမြောက် ပျက်ကျပြီးချိန်မှာ ကလေးလေးတစ်ယောက်ကို သန္ဓေတည်ပြီး ငါးလကျော်- ခြောက်လထဲ အရောက်မှာ လိပ်ခေါင်းရောဂါခံစားရတယ်။ အဲဒီတော့ ကလေးထိခိုက်မှာကို စိုးရိမ်လို့ လိပ်ခေါင်းရောဂါကို ကြိတ်မှိတ်ခံစားတယ်။ နောက်ဆုံး လမ်းတောင်လျှောက်လို့မရတဲ့အတွက် ခွဲစိတ်ဆရာဝန်နဲ့ သွားပြခဲ့တယ်။ ခွဲစိတ်ဆရာဝန်က ‘လိပ်ခေါင်းက မခွဲလို့မရတော့ဘူး၊ ပိုးတွေလည်းဝင်နေပြီ’ လို့ပြောတော့ ‘ခွဲလိုက်ရင် ကျွန်မကလေးလေး ထိခိုက်သွားမလား’ လို့ ကိုယ်ဝန်ဆောင်မိခင်ကမေးတယ်။ အဲဒီမှာ ခွဲစိတ်ဆရာဝန်က ကျွန်တော့်ဆီလွှဲလိုက်တယ်။ လူနာကလည်း ကလေးလေးကိုလိုချင်လွန်းလို့ မရမကယူထားရတာ၊ ဒါပေမဲ့ သူရဲ့လိပ်ခေါင်းကလည်း မခွဲလို့မရဘူး၊ မခွဲရင် ပိုးတွေကပျံ့ပြီး ပိုဆိုးကုန်မယ် . . အဲဒီအခါကျတော့လည်း ကလေးကိုထိခိုက်နိုင်တယ်။ အဲဒါကြောင့် ကလေးလေးထိခိုက်မှုမရှိအောင် ဆေးတွေပေးရတယ်။ အဲဒီလိုနဲ့ လိပ်ခေါင်းခွဲစိတ်ပြီး မနေ့ညက ကျွန်တော့်ဆီရောက်လာတယ်။ ဗိုက်ထဲမှာ လေတွေပွနေတယ်၊ ခွဲထားတဲ့ဒဏ်ရာက ကောင်းပေမယ့် ဘာကြောင့်မှန်းမသိဘဲ လေတွေပွနေတယ်လို့ ပြောတယ်၊ ဒါနဲ့ ကလေးမထိခိုက်စေမယ့် လေဆေးပေးရတယ်။

အဲဒီလိုနဲ့ အိမ်ပြန်ပြီး ခြောက်ထပ်အမြင့်ကို တက်သွားတယ်။ အဲဒီမှာ ဘယ်လို ဖြစ်မှန်းမသိဘူးဆိုပြီး ဆေးရုံကို ပြန်ပြေးလာတယ်။ ဆေးရုံရှေ့လည်းရောက်ရော အော်ဟစ်နေတာနဲ့ တက္ကစီပေါ်ကိုကြည့်လိုက်တော့ ကလေးလေးက ခေါင်းလေးထွက်နေပြီ၊ ကလေးလေးက တကယ့်ကို သေးသေးလေး၊ ဆရာလည်း ကလေးလေးကိုယူပြီး ချက်ကြိုးဖြတ်လိုက်တယ်။ အမေက ကလေးလေးကိုကြည့်ပြီး ငိုပါလေရဲ့။ ကလေးလေးကို ရန်ကင်းဆေးရုံကို အမြန်ဆုံးပို့လိုက်ရတယ်။ ဒါပေမဲ့ ဆရာတို့က သိနေပါပြီ၊ ကလေးက ငါးလပဲရှိသေးတယ်၊ သားယောကျာ်းလေး လှုပ်နေပြီ. . ဒါပေမဲ့ ငါးလဆိုတဲ့ မွေးကင်းစကလေးလေးက အသက်ရှင်ဖို့ အလွန်ခက်ခဲပါတယ်။ ကလေးအမေကို “အရမ်းကြီး မမျှော်လင့်ထားဖို့” ဆရာတို့ အားပေးရတယ်။ အဲဒီကလေးလေးကို ကိုင်လိုက်ရတဲ့ခံစားချက်ကြောင့် ဆရာဆိုရင် တစ်ညလုံး တော်တော်နဲ့ အိပ်လို့မပျော်ဘူး။ ကလေးလိုချင်လွန်းလို့ ကြိုးစားပမ်းစား စောင့်ရှောက်ပါရဲ့နဲ့ ကလေးလေးက ပေါင်မပြည့်၊ လမစေ့ဘဲ မွေးဖွားလာခဲ့တယ်။ ဒီအဖြစ်အပျက်လေးကို ကြည့်လိုက်ရင် သားသမီးရတနာလေးကို ချောချောမောမော မွေးဖွားနိုင်တာက “ဘဝရဲ့ ကံကောင်းခြင်းလက်ဆောင်” လို့ ပြောလို့ရပါတယ်။ ဘယ်လောက်ပဲ လိုချင်ပါစေ၊ သားသမီးလေးကို မရနိုင်တဲ့ မိခင်တွေ အများကြီးရှိပါတယ်။ အောင်အောင်မြင်မြင်နဲ့ မိခင်ဘဝ ပိုင်ဆိုင်လာသူတွေကို အဖိုးတန်တဲ့ အမျိုးသမီးတွေလို့ ပြောလို့ရပါတယ်။ ဒါကြောင့် မိခင်ဘဝလေးမှာ ကျန်းမာဖို့၊ အသိရှိဖို့၊ လှပတဲ့ ကလေးတစ်ယောက် မွေးဖွားနိုင်ဖို့ သိပ်ကိုအရေးကြီးပါတယ်။

ကိုယ်ဝန်တစ်ခါ ပျက်ဖူးရင် နောက်ကိုယ်ဝန်မှာ ပျက်ကျနိုင်သလား . . .

Q. ကျွန်မပထမကိုယ်ဝန်ကို ခွဲမွေးခဲ့တာပါ။ အခုဆိုရင် ကလေးက ၃ နှစ်ရှိပါပြီ၊ ပထမကိုယ်ဝန်တုန်းက ဘာပြဿနာမှ မရှိခဲ့ပါဘူး။ ကလေးနှစ်နှစ်မှာ ဒုတိယကိုယ်ဝန်ဆောင်တယ်။ ကိုယ်ဝန် ၁၀ ပတ်မှာ အာထရာဆောင်းသွားရိုက်တော့ ကလေးက နှလုံးမခုန်တော့ဘူးဆိုတာနဲ့ သားအိမ်ခြစ်လိုက်ရတယ်။ အခု တတိယကိုယ်ဝန်ဆောင်တာပါ။ ကိုယ်ဝန် ၅ ပတ်မှာ အာထရာဆောင်းရိုက်တော့ ကိုယ်ဝန် ၅ ပတ်သားမှာ ၃ ပတ်သားပဲရှိတယ်၊ သိပ်မကြိုက်ဘူးလို့ အိုဂျီကပြောပါတယ်။ အခု ကိုယ်ဝန် ၆ ပတ်ရှိသွားပြီဆိုတော့ နောက် ၂ ပတ်နေမှ အာထရာဆောင်းရိုက်ရမယ်လို့ ပြောပါတယ်။ ကျွန်မသိချင်တာက ပထမကိုယ်ဝန်မှာ ဘာမှမဖြစ်ဘဲ ဒုတိယနဲ့ တတိယကိုယ်ဝန်မှာ ဘာလို့ဒီလိုဖြစ်ရတာလဲ။ အခု အသက် ၃၇ နှစ်ရှိပါပြီ။

A. ကိုယ်ဝန်အစောပိုင်းမှာ ပျက်ကျတယ်ဆိုတာ မိခင်တွေ အရမ်းကြောက်တာပေါ့။ ကမ္ဘာတစ်ဝန်းမှာ ကိုယ်ဝန် ၄-၅ ယောက်ဆောင်တိုင်း တစ်ယောက်က အမြဲပျက်ကျလေ့ရှိပါတယ်။ ဒီတော့ ကိုယ်ဝန်ပျက်ကျတိုင်း သုတေသနတွေက စမ်းသပ်စစ်ဆေးတဲ့အခါ သဘာဝတရားကြီးက လုပ်ပေးတဲ့ အရာတွေရှိတယ်။ အဲဒါ ဘာလဲဆိုတော့ မိခင်နဲ့ဖခင် မျိုးဗီဇပေါင်းစပ်တဲ့အချိန်မှာ ကလေးဆီမှာ ပုံမမှန်တဲ့ မျိုးဗီဇတွေ သွားပေါင်းမိသွားတတ်တယ်၊ အဲဒီလို ပေါင်းမိပြီဆိုရင် အဲဒီကလေးလေးကို အသက်မရှင်အောင် သဘာဝတရားက လုပ်ပေးတတ်ကြတယ်။ ဆရာ့ဆီမှာ လာပြတဲ့အထဲ ဒီလိုကိုယ်ဝန်ဆောင်တွေရှိတယ်။ ပထမတစ်ခါ ကိုယ်ဝန်ဆောင်လို့ ကလေးပျက်ကျရင် နောက်ကိုယ်ဝန်ဆောင်တဲ့အခါ အလုပ်လည်းမလုပ်တော့ဘူး၊ အလုပ်ထွက်ပစ်လိုက်တယ်၊ အိမ်မှာဘယ်မှမသွားဘဲ ကုတင်ပေါ်မှာ ငုတ်တုပ်ထိုင်နေတယ်။ လှုပ်လိုက်ရင် ကလေးထွက်သွားမှာစိုးလို့။ ကလေးတစ်ခုခု ဖြစ်သွားမှာစိုးရိမ်နေရှာတဲ့ ဒီမိခင်တွေ အရမ်းသနားဖို့ကောင်းပါတယ်။ ဒီလောက်ဂရုစိုက်နေတဲ့ကြားထဲ ကလေးပျက်သွားပြီဆိုရင် ငိုလိုက်တာလေ။ “ဆရာရယ် . . ကျွန်မလေ . .အိပ်ရာပေါ်ကတောင်မထပါဘူး၊ ဘာလို့ ကလေးပျက်ရတာလဲ” လို့ မေးတတ်ကြတယ်။

ဒီလိုကိုယ်ဝန်ပျက်တဲ့သူ ၁၀ ယောက်မှာ ၈ ယောက်-၉ ယောက်လောက်က မျိုးရိုးဗီဇလေးတွေမမှန်လို့ အသက်မရှင်နိုင်ဘဲ သူ့အလိုလို ပျက်ကျသွားတာပါ။ စဉ်းစားကြည့်ပါ . . ကိုယ်ဝန်မပျက်ဘဲ အဲဒီကလေးလေးတွေမွေးလာရင် လောကကြီးမှာ ပုံမမှန်တဲ့ကလေးတွေ အများကြီးဖြစ်နေမှာပေါ့။ အဲဒီလိုမဖြစ်အောင် သဘာဝတရားက ဖျက်ချပေးလိုက်တာပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်ပြီဆိုရင် မိခင်က ကိုယ်လုပ်သင့်တာ အကုန်လုပ်၊ အစားအသောက်အနေအထိုင် ဂရုစိုက်၊ အနားယူပြီး စိတ်ထားသဘောထား မှန်အောင်နေရမယ်။ တချို့ကိစ္စတွေက ကိုယ်ဘာမှ မတတ်နိုင်ဘူး၊ အထူးသဖြင့် မိခင်ရဲ့ အသက် ၃၅ နှစ်-၄၀ ကျော်လာရင် မျိုးရိုးဗီဇမမှန်တဲ့ ကလေးမွေးနိုင်ခြေ ပိုများသွားပါတယ်။ အဲဒီအတွက် ကိုယ်ဝန်ကို သေချာဂရုစိုက်ရဲ့သားနဲ့ အဲဒီလို ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ဝမ်းမနည်းပါနဲ့။ အဲဒီကလေးမွေးလာရင် ပိုပြီးစိတ်ထိခိုက်စရာ ကောင်းပါတယ်။ တစ်ခါတလေကျရင် အာထရာဆောင်းရိုက်တဲ့အခါ ကလေးလေးက သူ့ဘာသာသေးနေတာ ဖြစ်တတ်ပါတယ်၊ ရက်တွက်မှားတာလည်း ဖြစ်တတ်ပါတယ်။ အခုချိန်မှာတော့ အိုဂျီပေးတဲ့ ဆေးလေးတွေသောက်၊ နားနားနေနေနေပါ၊ နောက် ၂ ပတ်-၃ ပတ်နေလို့ အာထရာဆောင်းရိုက်ကြည့်မှ ရလာတဲ့ရလဒ်အပေါ် မူတည်ပြီး ရင်ဆိုင်ရမှာပါ။ အခုလောလောဆယ်မှာ ဘာမှမသေချာတဲ့အချိန်မှာ စိတ်မပူပါနဲ့၊ စိတ်ပူတာက ဘာမှအကျိုးမရှိပါဘူး။ ဒီတော့ စိတ်အေးအေးထားပါလို့ ပြောချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top