Healthy Life Ad
International

အိပ်ရာဝင်နောက်ကျပြီး ဆီကြော်စာတွေသာ အစားများသည့် ၂၄ နှစ်အရွယ် ဆရာမလေး အသည်းကင်ဆာ အဆင့် (၃)ဖြစ်ပွား

ကိုထက်

ကင်ဆာရောဂါဟာ လူတန်းစားမရွေး အသက်အရွယ်မရွေး ဖြစ်ပွားတတ်ပြီး သေဆုံးနိုင်ခြေ အလွန်မြင့်မားတဲ့ ရောဂါအမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ အသက်ငယ်ရွယ်သူတွေမှာပါ ကင်ဆာဖြစ်ပွားနှုန်းတွေ မြင့်တက်လာနေပါတယ်။ အသက် ၂၄ နှစ်အရွယ် ဆရာမလေးယွမ်ရဲ့ အဖြစ်အပျက်က အသက်ငယ်ရွယ်စဉ် ကင်ဆာကြောင့် သေဆုံးခြင်းများပြားလာစေတဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုကို သတိထားမိလာစေခဲ့ပါတယ်။

“ကျွန်မအိမ်ထောင်ကျတာ တစ်နှစ်ပဲရှိပါသေးတယ်၊ ကျွန်မက အိမ်မှာတစ်ဦးတည်းသောသမီးပါ၊ ကျွန်မဘဝတစ်လျှောက်လုံး ဆရာမတစ်ယောက်ဖြစ်ဖို့ လမ်းကြောင်းကို တစ်စိုက်မတ်မတ် ကြိုးစားခဲ့ပါတယ်၊ တစ်ချိန်လုံးမှားယွင်းနေခဲ့တဲ့ နေထိုင်စားသောက်မှုပုံစံကြောင့် အခုအားလုံးနီးပါး ပြည့်စုံတဲ့အချိန်မှာတော့ အသည်းကင်ဆာ အဆင့် ၃ ဖြစ်နေပါပြီ၊ ကျွန်မကင်ဆာဖြစ်နေတာကို မိသားစုကိုအသိမပေးချင်ပါဘူး၊ ဒါပေမဲ့ နောက်ထပ်လူငယ်တွေ ကျွန်မလိုမဖြစ်အောင်တော့ အများကြီးသတိပေးပြောပြခဲ့ချင်ပါတယ်” လို့ သူကပြောခဲ့ပါတယ်။

ယွမ်ဟာ ကျန်းမာရေးစစ်ဆေးမှုတွေကို တစ်ကြိမ်တစ်ခါမှ မပြုလုပ်ခဲ့မိဘူးလို့ဆိုပါတယ်။ အသည်းကင်ဆာဟာ အစောပိုင်းအဆင့်တွေမှာ ရောဂါလက္ခဏာ သိပ်ပြီးမပြဘဲ လက္ခဏာပြပြီဆိုရင်တော့ ဒါဟာ နောက်ပိုင်းအဆင့်တွေ ဖြစ်နေပါပြီ။ ယွမ်ဟာ တစ်ကြိမ်တစ်ခါမှ မဖျားနာခဲ့တဲ့အတွက် အခုလိုကင်ဆာဖြစ်ပွားနေတာကို မသိလိုက်ရတာဖြစ်လို့ ဘယ်လောက်ပဲ ကျန်းမာနေပါစေ၊ ပုံမှန်ကျန်းမာရေး စစ်ဆေးမှုတွေပြုလုပ်ကြပါလို့ သူကအကြံပြုထားပါတယ်။

သူဟာ ညစဉ် ၁၂ နာရီကျော်မှ အိမ်ရာဝင်တဲ့အကျင့် ရှိပါတယ်။ တစ်ခါတလေ ၂ နာရီ ၃ နာရီကျော်မှ အိမ်ရာဝင်ပါတယ်။ ဒီလိုအိပ်ရာဝင် နောက်ကျတာကလည်း ကိုယ်ခံအားကို လျော့ကျစေပြီး ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်လာစေနိုင်ပါတယ်။ နောက်ထပ်အရေးအကြီးဆုံးကတော့ အစားအသောက်ပဲဖြစ်ပါတယ်။ သူဟာ ချက်ပြုတ်မစားသောက်ဘဲ အပြင်စာတွေပဲ စားသောက်ခဲ့ပါတယ်။ မကျက်အောင်ချက်ထားတဲ့အသားတွေ၊ အစပ်တွေ၊ ဆိုးဆေးပါတဲ့အချဉ်တွေ အစားအသောက်တွေ၊ ဆီကြော်စာတွေ အလွန်အမင်းစားသောက်ခဲ့တယ်လို့ သိရပါတယ်။ ဒီအစားအသောက်တွေဟာ အသည်းကို အလုပ်များစေပြီး အသည်းထိခိုက်ပျက်စီးမှုတွေ ဖြစ်စေပါတယ်။

“အသည်းကင်ဆာဖြစ်ရတဲ့ အဓိကအကြောင်းကတော့ မှားယွင်းတဲ့ နေထိုင်စားသောက်မှု ပုံစံကြောင့်ပဲဖြစ်တယ်လို့ ထင်ပါတယ်၊ ကျွန်မနေမကောင်းလို့ သွားစစ်ချိန်မှာတော့ အသည်းမှာ အကျိတ်များစွာဖြစ်နေပြီး အကြီးဆုံးအကျိတ်ဆိုရင် ကြက်ဥအရွယ်လောက်တောင်ဖြစ်နေပါပြီ” လို့ ယွမ်က သူရဲ့ အဖြစ်အပျက်တွေကို မျှဝေခဲ့ပါတယ်။

ယွမ်ဟာ စိတ်ဓာတ်မာကျောပြီး အကောင်းမြင်တတ်သူဖြစ်ပါတယ်။ ကင်ဆာဝေဒနာရှင်နဲ့မတူအောင် ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကို ဖြတ်သန်းလျက်ရှိပါတယ်။ သိပ်မကြာခင်မှာ သူဟာ ဓာတ်ရောင်ခြည်ကုထုံးတွေကို စတင်ခံယူတော့မှာ ဖြစ်ပါတယ်။ သူဟာ စိတ်ဓာတ်ကျတာ၊ ဝမ်းနည်းတာတွေမဖြစ်ဘဲ မိသားစုနဲ့အတူတူ ချစ်ချစ်ခင်ခင်နဲ့ ပျော်ပျော်ရွှင်ရွှင်သာ နေထိုင်လျက်ရှိပါတယ်။

“အဆိုးတွေကိုကြုံနေရချိန်မှာ အကောင်းမြင်ဖို့ဆိုတာ ခက်ခဲမှန်း ကျွန်မသိပါတယ်၊ ဒါပေမဲ့ နာကျင်မှာတွေ စိတ်ညစ်စရာတွေ တွေးနေလို့လည်း ဘာမှမထူးဘူးဆိုတာကို မမေ့ပါနဲ့၊ များများပိုစိတ်ပူလေ များများပိုစိတ်ဆင်းရဲရလေပါပဲ၊ အကောင်းမြင်စိတ်လေးနဲ့ အတွေးလေးတွေကပဲ နောက်ဆုံး ကျွန်မတို့တတ်နိုင်တဲ့ မျှော်လင့်ချက်လေးပါ” လို့ သူကပြောပြခဲ့ပါတယ်။

Ref;feedytv

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top