Healthy Life Ad
Q & A

ခရီးသွားခြင်းကြောင့်ဖြစ်သည့် ခါးဝေဒနာ

Q. ခရီးသွားတဲ့အခါမှာ ဘာကြောင့် ခါးနာတဲ့ဝေဒနာ အဖြစ်များရပါသလဲ ဆရာ။

ပါမောက္ခဦးနေဝင်း (အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

A. ခရီးသွားရင်း တင်ပဆုံနဲ့ခါးရိုးကိုက်တယ်ဆိုတာက ထိုင်တာကြာလို့ဖြစ်တာပါ။ ထိုင်တာကြာရင် ခါးရိုး၊ တင်ပဆုံရိုးတဝိုက်က အဆစ်၊ ကြွက်သားနဲ့ အရွတ်တွေပေါ်မှာ Strain(ဒဏ်) သက်ရောက်မှု ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကားအကြာကြီးစီးရင် ခါးနာတတ်ပါတယ်။ ကိုယ်သွားတဲ့ ခရီးပေါ်မှာလည်း မူတည်ပါတယ်။ လမ်းမကောင်းလို့ ကားဆောင့်ရင် ခါးကပိုနာတတ်ပါတယ်။ သန်မာတဲ့ အမျိုးသားတွေတောင် ကားစီးရင်း ခါးကျိုးတာကို တွေ့ဖူးပါတယ်။ အသက်ကြီးတဲ့ အမျိုးသမီးအများစုတွေကိုတော့ ကားဆောင့်လို့ ခါးကျိုးတာမျိုးကို မကြာခဏတွေ့ဖူးပါတယ်။ ခါးက ဘယ်လောက်ဆိုးဆိုးရွားရွား ကျိုးသလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ ခါးကျိုးသွားလို့ ခါးပုံပန်းသဏ္ဍာန်က ပျက်ယွင်းမှု(Deformity) ဖြစ်ရင် ခါးက ပိုနာတတ်ပါတယ်။ အကြာကြီးထိုင်တာ၊ အလေးအပင်မတာ၊ ကုန်းကုန်းကွကွ လုပ်တာတွေက ခါးကို ပိုနာစေပါတယ်။

Q. ခရီးသွားလို့ ခါးနာတဲ့အခါ သက်သာအောင် နှိပ်တာတွေ လုပ်တတ်ကြပါတယ်။ အဲဒါက သင့်တော်ပါသလား။ တခြား ဘယ်လိုအပြုအမူတွေကို လိုက်နာနေထိုင်သင့်ပါသလဲ ဆရာ။

A. အနှိပ်ခံတဲ့အခါ ခါးကို အထူးဂရုစိုက်ပါ။ ပုံမှန်ရိုးရိုးတန်းတန်းနှိပ်တာက ကိစ္စမရှိပေမယ့် ခါးကိုမလှည့်ဖို့၊ ခါးကို မလိမ်ဖို့၊ ခါးကိုမချိုးဖို့ အရေးကြီးပါတယ်။

“ခရီးသွားတဲ့အခါ အထူးသဖြင့် ကိုယ်ဟန်အနေအထား မမှန်ရင်၊ အလေးအပင်မ,ရင်၊ ကားကြာကြာစီးပြီး ခရီးသွားရရင် ခါးနာတတ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်မှာတော့ မတူပါဘူး။ တချို့လူတွေက ကိုယ်လက်ကြံ့ခိုင်ရေးကောင်းနေတော့ ခံနိုင်ရည်ရှိတတ်ပါတယ်။ တချို့လူတွေက တချို့ရောဂါတွေကို ပိုဖြစ်လွယ်တတ်ပါတယ်” . . .

အထူးသဖြင့် ခါးနာတတ်တဲ့သူတွေက သတိထားပြီးရှောင်ပါ။ အလေးအပင်မ,ရင်လည်း ဂရုစိုက်ပါ။

(၁) ကိုယ်မ,မယ့်အလေးက ကိုယ်နိုင်လား၊ မနိုင်ဘူးလားဆိုတာကို အရင်ကြည့်ဖို့ လိုပါတယ်။ မနိုင်ရင် မ,မပါနဲ့။ အကူအညီခေါ်ပြီး မ,ခိုင်းပါ။

(၂) အလေးမ,ရင် ဘယ်နေရာထားရမလဲဆိုတာကို အရင်စဉ်းစားထားပါ။ ပစ္စည်းကို သယ်ထားပြီး ဘယ်နေရာထားရမယ်မှန်းမသိဘဲ အကြာကြီး သယ်ထားရရင် ပိုဆိုးတတ်ပါတယ်။

(၃) မ,မယ့်ပစ္စည်းက ကိုယ်နိုင်တယ်ဆိုရင် ခါးကိုဆန့်ထားပြီး ဒူးနဲ့ပေါင်ကိုကွေးချရင်း ပစ္စည်းနဲ့ တတ်နိုင်သမျှ ကပ်ထားလိုက်ပါ။ ပြီးရင် တံတောင်ဆစ်ကို ဆန့်ထားပြီး မ,ပါ။ ခရီးရှည်သွားလေလေ၊ ကားစီးရချိန် ပိုကြာလေလေဖြစ်ပြီး ခါးနာနိုင်ခြေပိုများပါတယ်။

ခရီးသွားတဲ့အခါ အထူးသဖြင့် ကိုယ်ဟန်အနေအထား မမှန်ရင်၊ အလေးအပင်မ,ရင်၊ ကားကြာကြာစီးပြီး ခရီးသွားရရင် ခါးနာတတ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်မှာတော့ မတူပါဘူး။ တချို့လူတွေက ကိုယ်လက်ကြံ့ခိုင်ရေးကောင်းနေတော့ ခံနိုင်ရည်ရှိတတ်ပါတယ်။ တချို့လူတွေက တချို့ရောဂါတွေကို ပိုဖြစ်လွယ်တတ်ပါတယ်။ တချို့လူတွေဟာ ခါးပိုနာတတ်ပါတယ်၊ တချို့လူတွေက ခေါင်းပိုကိုက်တတ်ပါတယ်။

Q. ခရီးသွားရင်း ခါးနာတတ်သူတွေကို ထပ်မံပြီး ဘယ်လိုပညာပေးလိုပါသလဲ ဆရာ။

A. လူဆိုတာ မော်တော်ကားနဲ့ တူပါတယ်။ မော်တော်ကားမှာ စက်ပိုင်းဆိုင်ရာတွေ အကုန်လုံးကောင်းဖို့ လိုပါတယ်။ မီးသီးမရှိရင် ညကားမောင်းလို့မရသလို မိုးရွာလို့ဝိုက်ပါမရှိရင်လည်း ကားမောင်းလို့ မရပါဘူး။ လူမှာလည်း အဲဒီအတိုင်းပါပဲ။ ခန္ဓာကိုယ်မှာရှိတဲ့ အစိတ်အပိုင်းတွေ အကုန်လုံးက သူ့ဟာနဲ့သူ အရေးကြီးနေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကျန်းမာရေးကို ဂရုစိုက်နေရမယ်။ ခန္ဓာကိုယ်ကျန်းမာရေးကို အလေးပေးနေရမယ်။ ဒါကို တချို့လူတွေက မသိကြပါဘူး။ ခါးနာမှာကိုမသိဘဲ ခရီးဆောင်အိတ်မတာတို့၊ အလေးအပင်တွေ မတာတို့၊ ကုန်းကုန်းကွကွ လုပ်တာတို့ လုပ်ကြတယ်။ တကယ်တော့ ခါးက သူ့အတိုင်းအတာနဲ့သူရှိပါတယ်။ အလေးအပင်တွေကို မနိုင်ရင် သွားမ,မပါနဲ့။ ခါးနာတတ်ပါတယ်။ ဒါကြောင့် ခါးကို ဂရုစိုက်ပေးဖို့လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top