Healthy Life Ad
Q & A

မိခင်လောင်းတို့ သိလိုသည့် မေးခွန်းများ

ကလေးအနေအထားမမှန်ရင် ကလေးက အချင်းကြိုးပတ်နိုင်သလား . . .

Q. ကျွန်မ ကိုယ်ဝန် ၂၆ပတ်မှာ အာထရာဆောင်း ရိုက်တုန်းက ကလေးက တင်ပါးအောက်ရောက်နေတယ်လို့ သိရပါတယ်။ ကလေးက အချင်းကို ပတ်သွားနိုင်ပါသလား ဆရာ။

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။

A. ဆရာက ဆရာ့လူနာတွေကို ပထမတစ်ခါ ကိုယ်ဝန်ရှိရှိချင်း သုံးလမှာတစ်ခါ အာထရာဆောင်း ရိုက်ခိုင်းတယ်။ ပြီးရင် ငါးလမှာတစ်ခါ အာထရာဆောင်း ရိုက်ခိုင်းပါတယ်။ အဲဒီငါးလမှာ ရိုက်တဲ့ အာထရာဆောင်းဓာတ်မှန်က အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကလေးမှာ ကိုယ်လက်အင်္ဂါတွေ အစုံအလင်ရှိရဲ့လား၊ ယောကျာ်းလေးလား၊ မိန်းကလေးလား၊ ကလေးအနေအထား စသဖြင့်သိရတယ်။ အဲဒီအချိန်မှာ သွားရိုက်လိုက်ရင် အာထရာဆောင်းဆရာမက ဘာရယ်မဟုတ်ဘဲ ကလေးက အထဲမှာ အနေအထားမှားနေတယ်၊ တင်ပါးအောက်ရောက်နေတယ်လို့ ပြောလိုက်ရင် မိခင်လောင်းမှာ အိပ်လို့မပျော်တော့ဘူး။ ဒီတော့ ဘာဖြစ်တတ်လဲ သိချင်ကြတယ်။

ကလေးလေးက အစောပိုင်း အမေရဲ့ဗိုက်ထဲမှာ သေးသေးလေး၊ ရေမြွှာရည်တွေက အများကြီးဆိုတော့ သူကနေချင်သလိုနေတယ်၊ တစ်ခါတလေ ကန့်လန့်ဖြစ်တယ်၊ တစ်ခါတလေ ခေါင်းကအပေါ်မှာ၊ တစ်ခါတလေ ခေါင်းကအောက်မှာ။ ဒီအချိန်မှာ ကလေးရဲ့ ဖင်လုံး(တင်ပဆုံ)က ဟိုးအောက်ကိုရောက်နေတာလည်း ဖြစ်တတ်တယ်။ ကိုယ်ဝန် ၂၆ ပတ်မှာ ကလေးရဲ့အနေအထားက မမှန်သေးပါဘူး။ ကလေးကပြန်လည်သွားတတ်တယ်။ လရင့်လာရင် ကလေးရဲ့ခေါင်းက ဖင်လုံးထက်ပိုကြီးသွားတော့ ခေါင်းကလေးပြီး အောက်ပြန်ရောက်သွားတတ်တယ်၊ အနေအထား မှန်သွားတတ်ပါတယ်။

အဲဒီအနေအထားက အထူးသဖြင့် ကိုယ်ဝန်ရှစ်လ-ကိုးလမှာ မှားနေရင်တော့ အရမ်းအရေးကြီးပါတယ်။ ဒီလိုအနေအထားမှာ ရိုးရိုးသဘာဝနည်းနဲ့ ကလေးမွေးရင် အရမ်းခက်တတ်တယ်။ မွေးရင်းဖွားရင်း ကိုယ်လုံးကထွက်ပြီး ခေါင်းက တစ်နေတတ်တယ်။ ဒီလိုအခြေအနေဆိုရင်တော့ ခွဲမွေးရင် ကောင်းမလား၊ ရိုးရိုးမွေးရင်ကောင်းမလားဆိုတာ သေချာတိုင်ပင်ရတယ်။

ကလေးက ချက်ကြိုးပတ်လားဆိုတာကတော့ ကလေးတွေက မိခင်ဗိုက်ထဲမှာ အရမ်းဆော့တယ်။ ကျွမ်းလည်းထိုးတယ်။ သူရဲ့ချက်တိုင်မှာ ချက်ကြိုးလို့ခေါ်တဲ့ ကြိုးတစ်ချောင်းရှိတယ်။ အဲဒီချက်ကြိုးက ရှည်တော့ ကလေးကဆော့ရင်း လည်ပင်းမှာပတ်နေတာ၊ ခြေထောက်မှာပတ်နေတာ ဖြစ်တတ်တယ်။ လည်ပင်းမှာ ချက်ကြိုးငါးပတ်ပတ်နေတဲ့ ကလေးတောင်တွေ့ဖူးတယ်။ အာထရာဆောင်း တကယ်ကောင်းတဲ့ ဆရာမနဲ့ သေချာရိုက်ကြည့်ရင် ပေါ်ပါတယ်။ အဲဒီလို လည်ပင်းမှာ ချက်ကြိုးပတ်နေတဲ့ ကလေးဆိုရင် ရိုးရိုးမွေးဖို့ ဆရာတို့ သိပ်အားမပေးပါ ဘူး၊ မြန်မြန်ခွဲမွေးခိုင်းပါတယ်။ ကိုယ်ဝန်အစောပိုင်း တွေမှာ ချက်ကြိုးပတ်တာ ဘာပြဿနာမှ မရှိပါဘူး။ ကိုယ်ဝန်လရင့်ချိန်မှာပဲ သတိထားရမှာ ဖြစ်ပါတယ်။

“ကလေးလေးက အစောပိုင်း အမေရဲ့ဗိုက်ထဲမှာ သေးသေးလေး၊ ရေမြွှာရည်တွေက အများကြီးဆိုတော့ သူကနေချင်သလိုနေတယ်၊ တစ်ခါတလေ ကန့်လန့်ဖြစ်တယ်၊ တစ်ခါတလေ ခေါင်းကအပေါ်မှာ၊ တစ်ခါတလေ ခေါင်းကအောက်မှာ။ ဒီအချိန်မှာ ကလေးရဲ့ ဖင်လုံး(တင်ပဆုံ)က ဟိုးအောက်ကိုရောက်နေတာလည်း ဖြစ်တတ်တယ်။ ကိုယ်ဝန် ၂၆ ပတ်မှာ ကလေးရဲ့အနေအထားက မမှန်သေးပါဘူး။ ကလေးက ပြန်လည်သွားတတ်တယ်”….

သဘာဝအတိုင်း မွေးဖွားနိုင်ဖို့ ဘယ်လိုနေထိုင်ရမလဲ

Q. ကျွန်မအသက် ၃၂ နှစ်ပါ၊ ကိုယ်ဝန် ၁၈ပတ်ရှိပါပြီ။ ဖောလစ်အက်ဆစ်ကို ပုံမှန်သောက်ပါတယ်။ အာထရာဆောင်းရိုက်တော့လည်း ကလေးက အားလုံးကောင်းတယ်လို့သိရပါတယ်။ ကျွန်မက ကလေးကို ရိုးရိုးပဲမွေးချင်တာပါ။ ရိုးရိုးမွေးနိုင်အောင် ဘယ်လိုနေထိုင်ရမလဲဆရာ။

A. ရိုးရိုးလေး သဘာဝအတိုင်း မွေးဖွားချင်တယ်ဆိုရင် ဘာမှအထွေအထူးလုပ်စရာမလိုပါဘူး။ ကိုယ်ဝန်ကို တတ်ကျွမ်းနားလည်တဲ့ သားဖွားမီးယပ်အထူးကုနဲ့ သေချာအပ်မယ်၊ သူညွှန်ကြားတဲ့အတိုင်း စားသောက်နေထိုင်မယ်၊ အားရှိတဲ့ အစားအသောက်တွေ စားမယ်၊ ပျော်ရွှင်တဲ့ မိခင်တစ်ယောက်အဖြစ် နေထိုင်မယ်ဆိုရင် ရပါတယ်။ ကိုယ်ဝန်ကိုတော့ ဆက်ပြီး စောင့်ကြည့်ပါဦး။ စောင့်ကြည့်သွားပြီး မွေးခါနီးအချိန်မှာ သေချာပြန်ကြည့်ရပါမယ်။ ကလေးက အကြီးကြီးလည်း မဟုတ်ဘူး၊ အနေတော်ပဲ။ အနေအထားကလည်း ခေါင်းလေးက အောက်မှာရောက်နေပြီ။ မိခင်ကလည်း အရပ်မြင့်တယ်ဆိုရင် သဘာဝနည်းအတိုင်း မွေးလို့ရပါတယ်။ တချို့အရပ်ပုပြီး တင်ပဆုံကွင်းကျဉ်းနေရင် သဘာဝအတိုင်း မွေးရခက်ပါတယ်။

အခုခေတ်မှာ ရိုးရိုးမွေးမလား၊ ခွဲမွေးမလားဆိုတဲ့ အတွေးအခေါ်တွေကလည်း တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ ဒီတော့ သဘာဝအတိုင်း ရိုးရိုးမွေးတယ်ဆိုတာ ဟိုးကမ္ဘာဦးကတည်းက ဒီလိုပဲ မွေးလာတာဆိုတော့ ကောင်းပါတယ်။ တစ်ခုပဲ . .မွေးခါနီးမှာ သေသေချာချာပြန်လည် စစ်ဆေးကြည့်ဖို့လိုတယ်။ မွေးဖွားတဲ့နေရာ၊ ဆေးရုံကလည်း အရေးကြီးတယ်။ အခုခေတ်မှာ Painless Labour ဆိုတဲ့ ဗိုက်မနာအောင် ဆေးတွေထိုးပြီး မွေးတာတွေလည်း ရှိနေပါပြီ။ အရေးကြီးတာက ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့အပ်ပြီး စိတ်ချရတဲ့ နေရာမှာ မွေးဖို့ပါပဲ။

Q. ကျွန်မ ကိုယ်ဝန်၉ပတ်မှာ မနက်ပိုင်းဆီးသွားတော့ သွေးနည်းနည်းဆင်းပါတယ်။ အဲဒီမှာ အာထရာဆောင်းရိုက်တော့ ကလေးအနေအထား အကုန်ကောင်းတယ်လို့ ပြောပါတယ်။ အိုဂျီက သားအိမ်ခိုင်ဆေးတစ်လုံးထိုးပေးပြီး တစ်လသောက်ဖို့ ဆေးလည်းပေးလိုက်ပါတယ်။ အဲဒီဆေးတွေက ကျွန်မရိုးရိုးမွေးမယ်ဆိုရင် အဆင်ပြေပါ့မလား၊ သားအိမ်မပွင့်တာမျိုး ရှိနိုင်ပါသလား။

A. ကိုယ်ဝန်အစောပိုင်းမှာ သွေးလေးနည်းနည်းဆင်းတယ်ဆိုတာ ကိုယ်ဝန်ပျက်ချင်တဲ့ အရိပ်အယောင်ပြတာပါ။ အဲဒီလိုပြရင် နားနားနေနေနေခိုင်းတယ်၊ ဆေးလည်းထိုးတယ်၊ သောက်ဆေးလည်းပေးတယ်၊ အဲဒီဆေးတွေက ပရိုဂျက်စတီရုန်းဟော်မုန်းလို့ ခေါ်ပါတယ်။ ဒီဟော်မုန်းဆိုတာ ကလေးကိုးလတိတိ အမေရဲ့ဗိုက်ထဲမှာ ငြိမ်ငြိမ်လေး နေနိုင်ဖို့အတွက် ခန္ဓာကိုယ်ကထုတ်ပေးတဲ့ ဟော်မုန်းတစ်မျိုးပဲ။ အဲဒီဟော်မုန်းကို အပြင်ကနေ ပေးတာပါ။ အဲဒီလိုပေးလိုက်ရင် ကလေးရဲ့ဘေးမှာရှိတဲ့ သားအိမ်နံရံက ငြိမ်ပြီး ညှစ်အားမရှိအောင် လုပ်ပေးပါတယ်။ အခုဒီဆေးသောက်ထားပေမယ့် မွေးခါနီးရင် ဘာဖြစ်မလဲဆိုတာ လုံးဝစိတ်ပူစရာမရှိပါဘူး။ ဒီဆေးတွေရဲ့ သက်တမ်းဆိုတာရှိတော့ ဒီတစ်ရက်သောက်ပြီး ဆေးအာနိသင်မရှိတော့ပါဘူး၊ ဒါကြောင့် နောက်တစ်ရက် ဆက်သောက်ရတာပါ။ ဒီဆေးက ကိုယ်ဝန်ခိုင်သွားအောင် လုပ်ပေးတာဖြစ်ပါတယ်။ အန္တရာယ်မရှိပါဘူး။ မွေးတဲ့အချိန်မှာလည်း မထိခိုက်ပါဘူး၊ ရိုးရိုးမွေးလို့ရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top