Healthy Life Ad
Q & A

မျက်စိတစ်ခုလုံး ဖုံးအုပ်တဲ့အထိ မျက်သားတက်ရောဂါ ရသူ

Q. မျက်သားတက်တာနဲ့ ပတ်သက်ပြီး ဆိုးဆိုးရွားရွား ဖြစ်တဲ့သူတွေရှိပါသလား ဆရာ။ တွေ့ကြုံဖူးရင် ဘယ်လို ကုသမှုပေးခဲ့ရသလဲဆိုတာ ပြောပြပေးပါဦး။

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး) ပါမောက္ခ၊ ဌာနမှူး ရန်ကုန်မျက်စိဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

A. မျက်သားတက်တာက မြို့နဲ့အတော်အလှမ်းဝေးတဲ့ နေရာတွေမှာ နေတဲ့သူတွေ အဖြစ်များပါတယ်။ လူငယ်တွေမှာလည်း သိပ်ဖြစ်လေ့မရှိပါဘူး။ အသက်ကြီးတဲ့သူတွေမှာ အဖြစ်များပါတယ်။ တချို့ကျတော့ လူငယ်ဘဝကတည်းက ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုကများလာပြီး အသက် ၆၀-၇၀ အရွယ် ရောက်လာတဲ့အခါမှာ မျက်သားတက်တာက မျက်စိသူငယ်အိမ်ကို ဖုံးတဲ့အထိဖြစ်လာပြီး မျက်စိကွယ်သွားတဲ့အထိ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အဲလိုဖြစ်တာကိုလည်း သူတို့က အသက်ကြီးလို့ မျက်စိကွယ်တာပဲဆိုပြီး နေနေတတ်ကြတယ်။ ဒီလိုအဆင့်အထိ ရောက်သွားပြီဆိုရင် မျက်သားကို ခွာလို့ရတယ်။ မျက်မြှေးအတွက်ကိုတော့ သန္ဓေသားအချင်း (Amniotic Membrane)ကိုယူပြီး ပြန်ကာရတယ်။

ဒါကလည်း ရုတ်တရက်မမြင်ရဘူး။ နှစ်ပတ်- သုံးပတ်လောက်ကြာမှ ပြန်မြင်ရတယ်။ ဒီလိုအဆင့်အထိ ဖြစ်သွားရင် ကုသရခက်ပါတယ်။ တစ်ခါတစ်ရံမှာ မျက်သားကိုခွာပြီးရင် အမာရွတ်ထင်ပြီး အမာရွတ်ကထူတာကြောင့် မမြင်ရပါဘူး။ အဲဒီအခါ မျက်ကြည်လွှာအစားထိုးတဲ့အဆင့် (Corneal Graft) ကို တောင်လုပ်ရတာမျိုး ရှိပါတယ်။ ဒါပေမဲ့ ဒီလိုအဆင့်မျိုးက သိပ်ရှားပါတယ်။ တစ်ထောင်မှာတစ်ယောက်၊ တစ်သောင်းမှာ တစ်ယောက်တောင်မရှိပါဘူး။ ဒါပေမဲ့ ဒီလိုဖြစ်လာပြီဆိုရင်တော့ ကုသမှုက Challenging (စိန်ခေါ်မှု)ဖြစ်သွားပါပြီ။ မျက်သားတက်တာကို ရိုးရိုးခွာတာကနေ သိပ်ဆိုးတဲ့အခြေအနေမှာဆိုရင် မျက်ကြည်လွှာတစ်ခုလုံး အစားထိုးရတဲ့အဆင့်

“မျက်သားတစ်မီလီမီတာတိုးဖို့ ဆိုရင် နှစ်နဲ့ချီပြီး ကြာတတ်ပါတယ်။ တစ်နှစ် – နှစ်နှစ်လောက်အထိ ကြာတတ်ပါတယ်။ ဒါကြောင့် တချို့အခြေအနေတွေဆိုရင် ဒီနှစ်မကုချင်သေးဘူး၊ နောက်နှစ်မှကုမယ်ဆိုရင် စောင့်လို့ရပါတယ်။ သူငယ်အိမ် (Pupil) အထိ မျက်သားဖုံးအုပ်တာမျိုးဖြစ်တဲ့လူနာက အများအားဖြင့်” . . .

အထိ ဖြစ်သွားတတ်ပါတယ်။ ဆရာ့အနေနဲ့ အဲလိုလူနာမျိုး တစ်ဦးပဲကြုံဖူးပါတယ်။

ပြည်ဘက်ကလာတဲ့ အသက်၂၀ အရွယ် လူငယ်တစ်ဦးပါ။ ရန်ကုန်မှာရှိတဲ့ ဆရာဝန်တစ်ဦးကပဲ ဆရာ့ဆီကို လွှဲပေးလိုက်လို့ ရောက်လာတာပါ။ ဒီလူငယ်လေးရဲ့ မျက်သားတက်ပုံက နေရာသုံးထောင့်ကနေ မျက်သားတက်လာတာမျိုးပါ။ မျက်သားက နားထင်ထောင့်ကလည်း တိုးတယ်၊ နှာခေါင်းထောင့်ကလည်း တိုးတယ်၊ အောက်မျက်ခမ်းကလည်း တိုးတယ်။ ဒါကြောင့် မျက်သားက အထူကြီးဖြစ်နေတယ်။ ဘယ်လိုကြောင့်ဖြစ်သလဲတော့ တိတိကျကျမပြောတတ်ပါဘူး။ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှု (UV light Exposure) က ဖြစ်နိုင်တဲ့အကြောင်းရင်းတစ်ချက်ပဲ ဖြစ်ပါတယ်။ တခြားအကြောင်းရင်းတွေလည်း ရှိပါလိမ့်ဦးမယ်။Localised Stem Cells Deficiency ဖြစ်နေတာကမွေးရာပါဖြစ်တာလား . . စတဲ့အကြောင်းရင်းတွေလည်း ရှိပါလိမ့်မယ်။ ဆရာ့ဆီ ဒီလူနာရောက်လာတဲ့အချိန်မှာ မျက်သားက မျက်စိတစ်ခုလုံးကို အုပ်နေပါပြီ။ သူ့ကိုကုသတဲ့အခါ မျက်သားတွေအကုန်လုံးကို အရင်ဆုံးခွာလိုက်ရပါတယ်။ ပြီးရင် သန္ဓေသားအချင်း (Amniotic Membrane) နဲ့အုပ်ပြီး အချိန်ခြောက်လကျော်လောက် စောင့်ရပါတယ်။ ပြီးမှ မျက်ကြည်လွှာအစားထိုးရပါတယ်။

သူက ကံမကောင်းဘူးလို့ပဲပြောရမယ်။ မျက်သားတက်တာက မျက်စိနှစ်ဖက်စလုံးမှာကို ဖြစ်တာပါ။ သင်ကြားရေးဆရာတစ်ဦးအနေနဲ့ပြောရရင် မျက် သားတက်တယ်ဆိုတာက လွယ်လွယ်လေးပါပဲ။ ဆရာတို့ဆီမှာ Final Part I ကျောင်းသားတွေကိုလည်း မေးလို့ရပါတယ်။ MSC ကျောင်းသားတွေကိုလည်း မေးလို့ရပါတယ်။ ပါရဂူဘွဲ့ သင်တန်းသားတွေကိုလည်း မေးလို့ရပါတယ်။ ဒါပေမဲ့ သူတို့ဖြေတဲ့အဖြေတွေက အတန်းအလိုက်ကွာသွားလိမ့်မယ်။ ဘာလို့လဲဆိုတော့ မျက်သားတက်တာက လွယ်လွယ်လေးဆိုတဲ့ ကုထုံးကနေ အင်မတန်ခက်တဲ့ ကုထုံးအထိ ရောဂါအခြေအနေပေါ် မူတည်ပြီး ကွာခြားသွားလို့ပါ။ အခုအချိန်အထိလည်း မျက်သားတက်တာနဲ့ပတ်သက်ပြီး ကုသပြီးရင် ပြန်မဖြစ်တော့ဘူးဆိုတဲ့ လူနာကျေနပ်လောက်တဲ့အဖြေမျိုးကို ကမ္ဘာပေါ်မှာ ဘယ်မျက်စိဆရာဝန်မှ မပေးနိုင်သေးပါဘူး။

မျက်သားတစ်မီလီမီတာတိုးဖို့ဆိုရင် နှစ်နဲ့ချီပြီး ကြာတတ်ပါတယ်။ တစ်နှစ် – နှစ်နှစ်လောက်အထိ ကြာတတ်ပါတယ်။ ဒါကြောင့် တချို့အခြေအနေတွေဆိုရင် ဒီနှစ်မကုချင်သေးဘူး၊ နောက်နှစ်မှကုမယ်ဆိုရင် စောင့်လို့ရပါတယ်။ သူငယ်အိမ် (Pupil) အထိ မျက်သားဖုံးအုပ်တာမျိုးဖြစ်တဲ့လူနာက အများအားဖြင့် ရွာတွေမှာနေထိုင်တဲ့ လူတွေဖြစ်တာများတယ်။ သူတို့က ဆရာဝန်ကိုလက်လှမ်းမမီတဲ့ နေရာမျိုးမှာနေထိုင်ကြပြီး ဆေးမကုသဖြစ်ရာက ဖြစ်တာရှိသလို တချို့ကျတော့လည်း ဆရာဝန်ကိုလက်လှမ်းမီပေမယ့် သူ့ဘာသာသူ ကျေနပ်နေတာမျိုးလည်း ရှိပါတယ်။ အဲဒီအခါကျတော့ ဆရာဝန်ကို မပြဖြစ်တော့ဘဲ သူငယ်အိမ်အထိ မျက်သားဖုံးသွားတာ ဖြစ်ပါတယ်။

ဟိုးအရင် ဆရာတို့ရွာတွေကို နယ်လှည့်ဆေးကုတုန်းက သူငယ်အိမ်အထိဖုံးပြီး မျက်သားတက်တဲ့လူနာတွေကို တွေ့ဖူးပါတယ်။ ဒီလိုသူငယ်အိမ်အထိ ဖုံးနေတဲ့မျက်သားကို ခွာလိုက်ရင်ရပါတယ်။ ဒါပေမဲ့ ပြဿနာက မျက်သားခွာပြီးရင် အမာရွတ် (Scar) ထင်ပြီး ကျန်ရစ်ခဲ့တယ်။ ဘယ်နေရာမဆို တစ်သျှူးတစ်ခုကိုခွာလိုက်ရင် အမာရွတ်ကျန်တာချည်းပဲ။ မျက်ကြည်လွှာပေါ်မှာ အမာရွတ်ထင်ရင် မျက်ကြည်လွှာကျုံ့ပြီး ဆလင်ဒါပါဝါရှိသွားတာလောက်ပဲ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ သူငယ်အိမ်မှာ အမာရွတ်ထင်ကျန်ခဲ့ရင် အမြင်အာရုံက ဝါးတားတားဖြစ်နေပါလိမ့်မယ်။ ဒီလို သူငယ်အိမ်အထိ ဖုံးအုပ်ပြီး မျက်သားတက်တဲ့ လူနာမျိုးကို ရန်ကုန်မှာဆိုရင် မတွေ့ရပါ ဘူး။ ဆရာမော်လမြိုင်မှာ တာဝန်ကျတုန်းကဆိုရင် တွေ့ဖူးပါတယ်။ ဒီလိုဖြစ်တဲ့လူနာက ရှားတော့ရှားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top