Healthy Life Ad
Health Tips

အိပ်တဲ့အခါ ဘာကြောင့် သွားရည်ကျရတာလဲ သွားရည်မကျအောင် ဘယ်လိုလုပ်နိုင်သလဲ

မီမိုးမေ (ဆေးဝါးတက္ကသိုလ်)

လူတစ်ယောက်ရဲ့ ပါးစပ်ထဲကနေ တံတွေးအပိုတွေ ထွက်ကျလာတဲ့အခြေအနေကို သွားရည်ကျတယ်လို့ခေါ်ပါတယ်။ အရွယ်ရောက်သူတချို့မှာ အိပ်စက်အနားယူတဲ့အခါ သွားရည်ကျတာ ဖြစ်တတ်ပါတယ်။

ဘာကြောင့် သွားရည်ကျရတာလဲ

အိပ်တဲ့အချိန်မှာ မျက်နှာကြွက်သားတွေနဲ့ မျိုချတုံ့ပြန်မှုဖြစ်စဉ်က လုံးဝပြေလျော့အနားရနေပါတယ်။ အိပ်စက်အနားယူစဉ်မှာ ခံတွင်းထဲ တံတွေးတွေ စုပြုံရောက်ရှိရာက အနားရနေတဲ့ ကြွက်သားတွေဟာ အနည်းငယ်ခံတွင်းပွင့်စေပြီး သွားရည်ကျရတတ်ပါတယ်။ သွားရည်အလွန်အကျွံကျတာက ဦးနှောက်အာရုံဆိုင်ရာရောဂါ ဒါမှမဟုတ် နှာခေါင်းပိတ်ခြင်းကြောင့် ဖြစ်တတ်ပါတယ်။ လေဖြတ်တာလို ကျန်းမာရေးပြဿနာရှိဖူးသူ တချို့ကလည်း သွားရည်မကြာခဏနဲ့ အလွန်အမင်းကျတတ်ပါတယ်။

သွားရည်ကျတာကို လျော့ကျအောင်/ ရပ်တန့်အောင် ဘယ်လိုလုပ်နိုင်သလဲ

(၁) နှာခေါင်းကို ရှင်းထုတ်ပါ

သွားရည်ကျရတဲ့ အကြောင်းရင်းတစ်ခုက နှာခေါင်းပိတ်လို့ပါ။ နှာခေါင်းပိတ်တဲ့အခါ ပါးစပ်နဲ့အသက်ရှူရတဲ့အတွက် သွားရည်ကျစေနိုင်ပါတယ်။ နှာခေါင်းပိတ်တာ ကင်းစင်စေဖို့ ညဘက်ရေချိုးတဲ့အခါ ကြက်သီးနွေးရေ(ခပ်နွေးနွေးရေ)နဲ့ နှာခေါင်းကို ရှင်းလင်းသန့်စင်ပေးပါ။ မရှိမဖြစ်ဆီတစ်မျိုးကို ရှူပေးတာက လွတ်လွတ်လပ်လပ် အသက်ရှူဖြစ်စေပြီး အိပ်ရေးဝ၀ အိပ်မောကျစေပါတယ်။ ပရုတ်ဆီလိမ်းပြီး နှာခေါင်းပိတ်တာကို သက်သာအောင်လုပ်ပါ။

(၂) အိပ်စက်ပုံအနေအထားကို ပြောင်းလဲပါ

မှောက်လျက်အိပ်တာက သွားရည်အကျစေနိုင်ဆုံး အနေအထားဖြစ်ပြီး ပက်လက်အိပ်တာက သွားရည်ထွက်နှုန်းအနည်းဆုံး အနေအထားပါ။ တစ်ညလုံး အနေအထားတစ်မျိုးတည်းနဲ့အိပ်ဖို့ ခက်ခဲရင် သင့်ခန္ဓာကိုယ်အနေအထား တည်ငြိမ်အောင် ကြိုးစားပြီး ဘယ်ညာစောင်းပေးပါ။

(၃) အိပ်ရင်းဟောက်သည့် အခြေအနေရှိ၊ မရှိ ဆန်းစစ်ပါ

အိပ်ရင်း အသက်ကောင်းကောင်းမရှူနိုင်ဘဲ ဟောက်တဲ့အနေအထားဖြစ်ရင် အိပ်ရေးဝ၀အိပ်စက်မှုကို အဟန့်အတားဖြစ်စေပါတယ်၊ ညဘက်မှာ လန့်နိုးနိုင်ပါတယ်၊ မနက်နိုးလာရင် ပင်ပန်းနွမ်းနယ်မှု ဖြစ်တတ်ပါတယ်၊ တစ်နေ့လုံးလည်း အိပ်ငိုက်တတ်ပါတယ်။ အိပ်ရင်းသွားရည်ကျတာနဲ့ ဟောက်တာက အိပ်ရင်းအသက်ရှူမဝတဲ့ အခြေအနေတစ်ရပ်ပါ။ ဆေးလိပ်သောက်တဲ့သူတွေမှာ အဓိက ဖြစ်တတ်တဲ့အတွက် ဆေးလိပ်သောက်ရင် ဖြတ်သင့်ပါတယ်။

(၄) ကိုယ်အလေးချိန်များနေလျှင် လျှော့ချပါ

ကိုယ်အလေးချိန်များတာက အိပ်စက်တဲ့ဖြစ်စဉ်အပေါ် ဆိုးရွားတဲ့သက်ရောက်မှုရှိပါတယ်။ အိပ်ရင်းဟောက်တဲ့ ဝေဒနာခံစားနေရသူ အမေရိကန်လူဦးရေ ထက်ဝက်ကျော်က ကိုယ်အလေးချိန်များနေတာကို တွေ့ရပါတယ်။

(၅) အထူးကိရိယာသုံးပါ

ဆရာဝန်နဲ့တိုင်ပင်ပြီး ခံတွင်းအတွက် သင့်တော်တဲ့ ကိရိယာတပ်ဆင်တာက သွားရည်ကျတာကို လျော့ပါးသက်သာ စေပါတယ်။

(၆) သင့်တော်သော ဆေးဝါးမှီဝဲပါ

ဆရာဝန်နဲ့တိုင်ပင်ပြီး သင့်တော်တဲ့ ဆေးသောက်ရင် တံတွေးအပိုထွက်နှုန်း လျော့ကျသွားပါလိမ့်မယ်။ တချို့ပဋိဇီဝပိုးသတ်ဆေးတွေက တံတွေးအထွက်နှုန်းများစေပြီး သွားရည်ကျစေနိုင်ပါတယ်။

(၇) ဦးခေါင်းကို တည့်မတ်စွာ ထားအိပ်ပါ

ခေါင်းအုံးမြင့်မြင့်ပေါ်မှာ ဦးခေါင်းကို တည့်မတ်စွာထားပြီး အိပ်စက်တာက သွားရည်ကျတာကို လျော့ကျစေပါတယ်။ အိပ်ရာမဝင်ခင် ခေါင်းအုံးကိုစစ်ဆေးပြီး သက်သောင့်သက်သာရှိရှိ အိပ်စက်ပါ။

(၈) ခွဲစိတ်ကုထုံးကို စဉ်းစားပါ

သွားရည်အကျလွန်ပြီး စိတ်အနှောင့်အယှက်ဖြစ်နေရင် ဆရာဝန်တွေက ခွဲစိတ်ကုသမှုလုပ်ဖို့အကြံပေးပြီး ဂလင်းတချို့ဖယ်ထုတ်ဖို့ ပြောတတ်ပါတယ်။ အပေါ်ကနည်းတွေနဲ့ အဆင်မပြေတဲ့အခါ ဆရာဝန်နဲ့ဆွေးနွေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top