Healthy Life Ad
Health Tips

နေ့စဉ် ရှစ်နာရီထက်ပိုပြီး အိပ်စက်သူတို့ ဖြစ်တတ်သည့် ကျန်းမာရေးပြဿနာများ

မီမိုးမေ (ဆေးဝါးတက္ကသိုလ်)

အရွယ်ရောက်သူတိုင်း တစ်ညမှာ အချိန် ၇-၈ နာရီအိပ်ချိန်ပေးသင့်တယ်ဆိုတာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်မှုပုံစံလိုက်နာသူတိုင်း သိကြပါတယ်။ အိပ်ချိန်နည်းလွန်းရင် ကျန်းမာရေးအတွက် မသင့်တော်သလို ရှစ်နာရီထက်ပိုအိပ်တာကလည်း ကျန်းမာရေးကို ထိခိုက်စေနိုင်ပြန်ပါတယ်။ နေ့စဉ် အချိန်ရှစ်နာရီထက်ပိုပြီး အိပ်စက်ချိန်ပေးသူတွေအနေနဲ့ အောက်ပါကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

ပြဿနာ (၁) ကိုယ်အလေးချိန်မြင့်တက်ခြင်း

အိပ်ချိန်နည်းလွန်းတာရော အိပ်ချိန်များလွန်းတာကပါ ဆီးချိုသွေးချိုရောဂါနဲ့ အဝလွန်ရောဂါတို့နဲ့ ဆက်နွှယ်မှုရှိတယ်လို့ မတူညီတဲ့ လေ့လာမှုအမျိုးမျိုးအရ သိရပါတယ်။ အိပ်လွန်းရင် ဘာကြောင့် ကိုယ်အလေးချိန် မြင့်တက်ရသလဲဆိုတော့ လှုပ်ရှားမှုနည်းတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ပြဿနာ (၂) စိတ်ကျဝေဒနာလက္ခဏာများဖြစ်ခြင်း

စိတ်ကျဝေဒနာလက္ခဏာတွေ ခံစားရသူတွေအနေနဲ့ အိပ်စက်မှုပြဿနာ ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံ ဒီလိုစိတ်ကျဝေဒနာ အမျိုးမျိုးခံစားနေရချိန်မှာ လူတွေက ပုံမှန်ထက် ပိုအိပ်စက်တတ်ကြပါတယ်။ အကြာကြီးအိပ်တာက နုံးချည့်ညောင်းညာတာနဲ့ ပင်ပန်းတာကို ဖြစ်စေနိုင်တာကြောင့် စိတ်ဓာတ်ကျတာနဲ့ အိပ်လွန်းတာက အပြန်အလှန်ဆက်စပ်နေတဲ့ အကြောင်းတစ်ရပ်ပါ။

ပြဿနာ (၃) နှလုံးရောဂါဖြစ်နိုင်ခြေများခြင်း

အကြာကြီးအိပ်ရင် တန်ဖိုးရှိတဲ့အချိန်နာရီတွေ ဆုံးရှုံးရုံသာမက နှလုံးရောဂါဖြစ်နိုင်ခြေလည်း မြင့်တက်စေပါတယ်။ ဒီနေ့ခေတ်မှာ နှလုံးကျန်းမာရေး ပြဿနာတွေက သေဆုံးမှုဖြစ်စေတဲ့ အဓိက အကြောင်းရင်းထဲမှာ တစ်ခုအပါအဝင်ပါ။ ညစဉ် အချိန်ရှစ်နာရီကျော်ကြာ အိပ်စက်တာက နှလုံးရောဂါ အတက်ရခြင်း(Heart Attack)ကြောင့် သေဆုံးနိုင်ခြေ ၃၄ ရာခိုင်နှုန်းရှိတယ်လို့ လေ့လာမှုအရ သိရပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက်ပိုပြီး အချိန်များများပေးအိပ်လေ့ရှိတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ပြဿနာ (၄) ခေါင်းကိုက်ခြင်း

အိပ်ရေးပျက်ရင် ခေါင်းကိုက်နိုင်ပါတယ်။ အလားတူ အချိန်ရှစ်နာရီကျော်ကြာ အိပ်တာကလည်း ခေါင်းကိုက်စေနိုင်ပါတယ်။ အားလပ်ရက်တွေမှာတောင် အိပ်ရာထဲ အကြာကြီး မနေသင့်ပါဘူး။ ပုံမှန်နေ့ရက်တွေလိုပဲ ပုံမှန်အိပ်ချိန်ပေးသင့်ပါတယ်။ အိပ်လွန်းတာက ဦးနှောက်ထဲက နျူရိုထရန်စမစ်တာကို သက်ရောက်စေပြီး ဆီရိုတိုနင်ဟော်မုန်းအဆင့်ကို လျော့ကျစေလို့ပါပဲ။

ပြဿနာ (၅) မှတ်ဉာဏ်ပြဿနာများဖြစ်ခြင်း

လေ့လာမှုတစ်ခုအရ အချိန်ကြာကြာအိပ်စက်တာက ဦးနှောက်လုပ်ငန်းဆောင်တာအပေါ် သက်ရောက်မှုရှိစေတယ်လို့ သိရပါတယ်။ အိပ်လွန်းတာက ဦးနှောက်ရဲ့တွေးခေါ်နိုင်တဲ့ လုပ်ငန်းဆောင်တာတွေကို သက်ရောက်စေပြီး အာရုံစူးစိုက်နိုင်စွမ်းနဲ့ မှတ်မိနိုင်စွမ်းတို့ကို ထိခိုက်စေနိုင်ပါတယ်။

ပြဿနာ (၆) အိပ်မပျော်ဖြစ်ခြင်း

အိပ်လွန်းတာများပြီး ပုံမှန်အိပ်တဲ့အလေ့အထမရတာမျိုး ဖြစ်တတ်ပါတယ်။ ဥပမာ ကွန်ပျူတာရှေ့မှာ ညဉ့်နက်တဲ့အထိနေပြီး နောက်တစ်နေ့ အချိန်ကြာကြာအိပ်ဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် အိပ်မပျော်တဲ့ ဝေဒနာခံစားရတတ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ဇီဝနရီဟန်ချက်ပျက်သွားလို့ပါ။

ပိုကောင်းသော အိပ်စက်မှုစနစ် ဖြစ်စေဖို့ဆိုရင်

သင့်ခန္ဓာကိုယ်ကို အချိန် ၇-၈ နာရီအတွင်း အပြည့်အဝပြန်လည်ကောင်းမွန် အားပြည့်လာဖို့ဆိုရင် အောက်ပါကျန်းမာရေးနဲ့ ညီညွတ်တဲ့ အိပ်စက်မှု စည်းမျဉ်းတွေကို လိုက်နာပေးပါ။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေစား ပေးပါ။
အရက်မှီဝဲမှုကို လျှော့ချပါ။
လေ့ကျင့်ခန်းလုပ်ဆောင်ပါ။
မနက်အိပ်ရာထချိန်နဲ့ ညအိပ်ချိန်ကို နေ့စဉ် တူညီတဲ့အချိန်ဖြစ်အောင် ကြိုးစားပေးပါ။
အိပ်ခါနီးမှာ ကဖင်းပါတဲ့အရည်နဲ့ ထမင်းများများမစားသောက်ပါနဲ့။
အိပ်ခန်းကတိတ်ဆိတ်ငြိမ်သက်ပြီး မည်းမှောင်နေပါစေ၊ တကယ်နားနေချင်စရာကောင်းတဲ့ နေရာလေးဖြစ်နေပါစေ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top