Healthy Life Ad
Health Tips

ကျောက်ကပ်ဝေဒနာရှင်တို့ ပိုတက်စီယမ်လျော့နည်းစွာ ရရှိစေရန်

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)

ဟင်းသီးဟင်းရွက်အားလုံးနီးပါးမှာ ပိုတက်ဆီယမ်ပါပါတယ်။ တချို့တလေကတော့ ချက်ပြုတ်နေတဲ့အချိန်မှာ ရေထဲပါသွားတတ်ပါတယ်။ ပိုတက်ဆီယမ်ဓာတ် ပါဝင်နှုန်းမြင့်မားတဲ့ ဟင်းသီးဟင်းရွက်တွေကို လျော့နည်းအောင် ဆီနဲ့ကြော်တာ ချက်တာမလုပ်ခင်မှာ ရေလုံပြုတ်တာ၊ ရေနွေးဖျောတာလုပ်ပြီး အဲဒီရေတွေကို သွန်ပစ်လိုက်ပါ။ အာလူးနဲ့ အမြစ်စားရတဲ့ ဟင်းသီးဟင်းရွက်တွေကိုတော့ အပိုင်းအစတွေ လှီးဖြတ်ပြီး ရေများများနဲ့ ပြုတ်ပေးရင်လည်း အဲဒီထဲမှာရှိတဲ့ ပိုတက်ဆီယမ်ဓာတ်တွေကို လျော့နည်းစေနိုင်ပါတယ်။

ပိုတက်စီယမ်ဓာတ် ပါဝင်မှုနည်းသည့် ဟင်းသီးဟင်းရွက်များ

ပိုတက်စီယမ်ဓာတ် အနည်းငယ်ပါဝင်ပြီး အဓိက ရွေးချယ်စားသောက်သင့်တဲ့ ဟင်းသီးဟင်းရွက်တွေကတော့ ခရမ်းသီး၊ ဗူးသီး၊ ငရုတ်သီးအပွ၊ သခွားသီး၊ ကျောက်ဖရုံသီး၊ ဆောင်းဖရဲ၊ သခွားမွှေး၊ ဆလတ်ရွက်၊ ပဲပင်ပေါက်၊ တရုတ်မုန်လာဥ၊ မုန်လာဥ၊ ကြက်သွန်မြိတ်၊ ပဲတောင့်ရှည်၊ ပြင်သစ်ပဲတောင့်၊ ကြက်သွန်နီ၊ သခွားဖရုံသီး စတာတွေ ဖြစ်ပါတယ်။

ပိုတက်ဆီယမ် အသင့်အတင့် ပါဝင်သည့် ဟင်းသီးဟင်းရွက်များ

ဒီဟင်းသီးဟင်းရွက်တွေကိုတော့ တစ်ပတ်မှာသုံးကြိမ် ရွေးချယ်စားသုံးနိုင်ပါတယ်။ အဲဒါတွေကတော့ ရုံးပတီသီး၊ တရုတ်ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ တရုတ်နံနံ၊ ဟင်းခတ်ကြက်သွန်မြိတ်၊ ကညွတ်၊ ငရုတ်သီးအစိမ်းရောင်၊ အနီရောင်၊ ပဲနီလေးပြုတ်၊ ပဲဟင်း၊ ပဲသီးစိမ်း၊ ရွှေဖရုံသီး၊ ပဲလိပ်ပြာ၊ သကြားပြောင်း၊ ခရမ်းချဉ်သီး စတာတွေ ဖြစ်ပါတယ်။

တစ်ပတ် နှစ်ကြိမ်လောက်ပဲ စားသင့်သည့် ဟင်းသီးဟင်းရွက်များ

ကျောက်ကပ်ရောဂါ ဝေဒနာရှင်တွေအနေနဲ့ တစ်ပတ်မှာ နှစ်ကြိမ်သာ ရွေးခြယ်စားသောက်သင့်တဲ့ အသီးအရွက်တွေကတော့ ကိုက်လန်၊ မုန်ညှင်းရွက်၊ ဂေါ်ဖီထုပ်စိမ်း၊ ကန်စွန်းဥရွက်၊ သစ်တက်မှို၊ မှို(လတ်လတ်ဆတ်ဆတ်)၊ မျှစ်(အစိမ်း)၊ အာလူးအရွယ်အစားစုံ၊ အာလူးကြော်၊ မျောက်ဥ၊ ကန်စွမ်းဥ၊ ခရမ်းချဉ်အနှစ်၊ ကြာ၊ ကုလားပဲ၊ ရေမှော်ပင် စတာတွေ ဖြစ်ပါတယ်။

ပိုတက်စီယမ်နည်းသော သစ်သီးများ

ဟင်းသီးဟင်းရွက်တွေပြီးတော့ သစ်သီးတွေကို ညွှန်ရမယ်ဆိုရင် ပိုတက်စီယမ်ဓာတ် ပါဝင်မှုနည်းတဲ့ သစ်သီးတွေကတော့ ပန်းသီး၊ သစ်တော်သီး၊ ဇောင်းလျားသီး၊ ဂရိတ်ဖရု(ရှောက်ခါးသီးကြီး)၊ သံပုယိုသီး၊ မင်းဂွတ်၊ နှင်းသီး၊ ဘလူးဘယ်ရီ၊ တည်သီး စတာတွေဖြစ်ပါတယ်။

ပိုတက်ဆီယမ် အသင့်အတင့်ပါဝင်သော သစ်သီးမျာ

ပိုတက်ဆီယမ်ပါဝင်မှု အသင့်အတင့်ရှိပြီး တစ်ပတ်သုံးကြိမ်စားနိုင်တဲ့ သစ်သီးတွေကတော့ သင်္ဘောသီး၊ မာလာကာသီး၊ တရုတ်လိမ္မော်သီး၊ သံပရာသီး၊ ကျွဲကောသီး၊ လိုင်ချီးသီး၊ မက်မွန်သီး၊ တရုတ်ဇီးသီး၊ စတော်ဘယ်ရီ၊ ချယ်ရီသီးစတာတွေ ဖြစ်ပါတယ်။

နာတာရှည် ကျောက်ကပ်ဝေဒနာရှင်အတွက် အစားသောက်အရေးကြီးပုံ

နာတာရှည်ကျောက်ကပ်ရောဂါ (Chronic Kidney Disease) က အများအားဖြင့် Renal Faliure ဖြစ်တာကြောင့် ကျောက်ကပ်ဆေးရတာများပါတယ်။ အခုဆို HD စင်တာ(Haemodialysis) တွေ အများကြီး ဖွင့်လာတာတွေ့ရပါတယ်။ ဘာလို့လဲဆိုတော့ ကျောက်ကပ်ရောဂါဖြစ်တဲ့ လူနာအရမ်းများလာလို့ ဖြစ်ပါတယ်။ နောက်ပြီး ကျောက်ကပ်လူနာတွေက အစာမစာတာများပြီး တဖြည်းဖြည်း ပိန်သွားတာတွေရှိပါတယ်။ ဒီတော့ ချင့်ချိန်ပြီး စားသောက်တာ၊ အစားအသောက်မှာ ပါဝင်တဲ့ ဓာတ်တွေကိုနားလည်ထားမှ ရောဂါတွေကို အတတ်နိုင်ဆုံး ထိန်းချုပ်နိုင်မှာဖြစ်တဲ့အတွက် အစားအစာတွေက အရေးကြီးတယ်လို့ ပြောလို့ရပါတယ်။

ကျောက်ကပ်ရှိသူများ ရှောင်ရမည့် ငှက်ပျောသီး

ငှက်ပျောသီးက ကျောက်ကပ်သမားတွေမှာ အဓိကရှောင်ရမယ့် အသီးဖြစ်ပါတယ်။ တချို့လူနာတွေကိုကျတော့ ဆီးဆေးသောက်တဲ့နေ့ဆို ငှက်ပျောသီးစားဆိုပြီး ဆရာမတို့က ပြောတတ်ပါတယ်။ အဲဒါ ရိုးရိုးလူနာတွေအတွက်ပါ။ ကျောက်ကပ်ပျက်နေတဲ့ လူနာတွေအတွက်ကျတော့ ငှက်ပျောသီးစား စရာမလိုပါဘူး။ အဲဒီနှစ်မျိုးကရောနေတတ်ပါတယ်။ ဆီးဆေးသောက်ရင် ဘာလို့ငှက်ပျောသီး စားခိုင်းတာလဲဆိုတော့ ဆီးသွားတဲ့အခါ တခြားဓာတ်တွေအပြင် ပိုတက်စီယမ်ဓာတ်တွေလည်း ဆီးနဲ့ပါသွားပြီး အပြင်ကို စွန့်ထုတ်ပစ်လိုက်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ထဲမှာ ပိုတက်ဆီယမ်ဓာတ်တွေ နည်းသွားတာကြောင့် ပိုတက်ဆီယမ်ဓာတ် ပေါပေါများများပါတဲ့ ငှက်ပျောသီးကို စားခိုင်းတာဖြစ်ပါတယ်။ ပိုတက်ဆီယမ်က ခန္ဓာကိုယ်ထဲမှာ ပုံမှန်ဖြစ်နေရင် လုံလောက်ပါတယ်။ များလွန်းရင်လည်း နှလုံးခုန်နှုန်း မူမမှန်ဖြစ်ပြီး နည်းသွားပြန်ရင်လည်း နှလုံးခုန်နှုန်း လျော့နည်းသွားတတ်ပါတယ်။ ဒါကြောင့် ပိုတက်ဆီယမ်ကို သင့်တင့်မျှတတဲ့ အချိုးအစားနဲ့ ထိန်းထားဖို့လည်း လိုပါတယ်။ ဒီတော့ ဆီးဆေးသောက်ပြီး ဆီးများများသွားလိုက်တဲ့အခါ ပိုတက်စီယမ်ဓာတ်တွေ လျော့သွားတာကြောင့် အဲလိုလူနာတွေမှာ ပိုတက်စီယမ်ဓာတ် ပြန်ဖြည့်ဖို့ ငှက်ပျောသီး စားခိုင်းတာပါ။ အဲဒီလို လူနာတွေက ကျောက်ကပ်ပျက်စီးတဲ့ အဆင့်ထိ မရောက်သေးပါဘူး။ ဆီးထွက်နည်းတာ၊ နှလုံးနဲ့ ပတ်သတ်တဲ့ ရောဂါဖြစ်နေတဲ့သူတွေမှာ ဆီးဆေးပေးတတ်ပါတယ်။ အဲဒီလို လူနာတွေလောက်ပဲ ဆီးဆေးပေးတဲ့အခါ ငှက်ပျောသီးစားဖို့ပြောတာပါ။ အဲဒါကို အမှတ်မှားပြီး ဆီးဆေးသောက်ရတဲ့လူနာတိုင်း ငှက်ပျောသီးစားရမယ်လို့ ထင်နေတာပါ။ ကျောက်ကပ်လူနာတွေ မပါပါဘူး။

ကျောက်ကပ်လူနာနှင့် ရေသောက်ခြင်

ရေသောက်မယ်ဆိုရင်လည်း တစ်ယောက်ချင်းစီကို သောက်ရမယ့် ရေပမာဏတွေ သတ်မှတ်ထားတယ် ဆိုပါတော့၊ ကျောက်ကပ်ဆေးတဲ့နေ့ကျရင် ရေကိုသောက်နေကျပမာဏထက် နှစ်ဆသောက်ခိုင်းပါတယ်။ ပုံမှန်နေ့တွေမှာတော့ ဆရာမတို့ ပြောတဲ့စကားကို အတိအကျလိုက်နာဖို့လိုပါတယ်။ ဆရာမအတွေ့အကြုံအရဆို လူနာတစ်ယောက်ပေါ့နော်။ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်တွေအရမ်းများပြီး အဆုတ်ထဲမှာလည်း ရေတွေရှိနေတာပေါ့နော်။ ရေက ကျောက်ကပ်မှာတင်များတာမဟုတ်ဘဲ အဆုတ်ထဲမှာပါ ရှိနေတော့ အထူးကြပ်မတ်ကုသဆောင်ကို ပို့ရတာပေါ့နော်။ အဲဒီတော့ ဆရာမကသူ့ကို ရေသောက်ရင် ဝ ဒသ ၇၅ လီတာပဲ သောက်ဖို့မှာထားပါတယ်။ ဒါပေမဲ့ ဆရာမပြောတဲ့အတိုင်း မဟုတ်ဘဲ ပိုသောက်လိုက်ပါတယ်။ အဲဒီတော့ ကျောက်ကပ်ဆေးတဲ့အခါ ရေတွေကကျန်နေတော့ သူရေတွေ ပိုသောက်ထားမှန်း သိသာနေပါတယ်။ အဲဒီတော့ ရေကို ဝ.၅ လောက်ပဲ သောက်ဖို့ပြောရပါတယ်။ ကျောက်ကပ်လူနာတွေကို ဆရာမတို့က ရေပမာဏနည်းနည်းပဲ သောက်ဖို့ပြောထားရင် သတ်မှတ်ထားသလောက်ပဲ သောက်တာကောင်းပါတယ်။ ဒါကို မဟုတ်ဘဲ ကိုယ့်သဘောအရ သောက်မယ်ဆိုရင်တော့ ရောဂါကုသတဲ့နေရာမှာ မထိရောက်ဘဲနေမှာ စိုးရပါတယ်။ လူနာတွေက တစ်ခါတလေတော့ ဆရာဝန်တွေပြောတာတွေကို သတိမပြုထားတာမျိုးရှိပါတယ်။ ဆရာမက ၇၅၀ မီလီလီတာ သောက်ခိုင်းတာကို ၁ လီတာ သောက်လိုက်တယ်ပေါ့။ ၂၅၀ မီလီလီတာလောက်ပဲပိုတာ ဘာမှမဖြစ်ပါဘူးဆိုပြီး ပြောပါတယ်။ ပိုသောက်တာနဲ့ မစွန့်ထုတ်နိုင်လို့ ပိုနေတာနဲ့ ရေကခန္ဓာကိုယ်ထဲမှာ ၅၀ဝ မီလီလီတာလောက် ဖြစ်သွားတော့ အခြေအနေက ပိုဆိုးသွားပါတယ်။ ဒါကြောင့် ဆရာမတို့ ပြောတဲ့အတိုင်း အတတ်နိုင်ဆုံးလိုက်နာဖို့ တိုက်တွန်းရတာ ဖြစ်ပါတယ်။

တချို့ လူနာတွေလည်းရှိပါတယ်။ နာရီဝက်တစ်ခါ ရေတစ်ဇွန်းသောက်ဖို့ ပြောထားပေမယ့် တစ်ခါတည်းနဲ့ တစ်ခွက်သောက်လိုက်မယ်။ နောက်တစ်နေ့လုံး ရေလုံးဝ မသောက်တော့ဘူးဆိုပြီး ပြောပါတယ်။ အဲလိုတော့ မရပါဘူး။ လိုအပ်လို့ နာရီဝက်တစ်ခါသောက်ဖို့ ပြောထားတာကို တစ်ပြိုင်နက် အကုန်သောက်လိုက်ရင် ပြဿနာဖြစ်နိုင်ပါတယ်။ နောက်ပြီး နှာခေါင်းပိုက်ထည့်ထားတဲ့ လူနာတစ်ယောက်ဆို အစာမစားဖို့ သတိပေးထားပေမယ့် ဗိုက်ဆာလို့ဆိုပြီး ထမင်းစားလိုက်တာ ဒုက္ခရောက်ရပါတယ်။ ဒီတော့ ဆရာမပြောလိုတာက လူနာတွေ ဆရာဝန်တွေ မသိဘူးထင်ပြီး လုပ်လိုက်တာတွေရှိပါတယ်။ ဖြစ်နိုင်ရင် ရောဂါတစ်ခုဖြစ်နေချိန် စိတ်လိုက်မာန်ပါ မလုပ်တာ အကောင်းဆုံးပါပဲ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top