Healthy Life Ad
International

၀ိတ်ကျပြီးနောက် ၇ ပေါင်ကျော် အလေးချိန်ရှိ အရေပြားတွဲကျကျန်ခဲ့သောအမျိုးသမီး

ကိုထက်
အသက် ၂၇နှစ်ရှိပြီဖြစ်တဲ့ လီစီရီးဟာ ကိုယ်အလေးချိန် ၄၉၀ ပေါင်တဲ့ အဝလွန်နေသူတစ်ဦးဖြစ်ပြီး သူ့အမျိုးသားဒန်ဒီဟာ ကိုယ်အလေးချိန် ၂၈၀ ပေါင်ရှိတဲ့အတွက် သူတို့ နှစ်ဦးဟာ ကိုယ်အလေးချိန် လျှော့ချဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ သူတို့နှစ်ဦးဟာ ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီးနောက် လေ့ကျင့်ခန်းနဲ့ နေထိုင်စားသောက်မှုပုံစံကို ပြင်ဆင်ခဲ့ပြီး ၃ နှစ်ကြာအောင် ကိုယ်အလေးချိန်လျှော့ချမှုတွေကို တင်းတင်းကျပ်ကျပ် ပြုလုပ်ခဲ့ကြပါတယ်။
၃ နှစ်ကြာပြီးတဲ့နောက်မှာ သူမဟာ ၁၈၂ ပေါင် အထိလျော့ကျခဲ့ပြီး ဒန်ဒီကတော့ ၁၈၅ ပေါင်ထိ လျော့ကျခဲ့ကြပါတယ်။ လီစီရီးဟာ ကိုယ်အလေးချိန် တစ်ဝက်ကျော်လျော့ကျသွားတဲ့အတွက် သူ့မှာအရေပြားအပိုတွေတွဲကျကျန်ခဲ့ပါတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်းပြုလုပ်ရင်းနဲ့ အဆင်ပြေလာမယ်လို့ ထင်ခဲ့ကြပါတယ်။ ဒီလိုကိုယ်အလေးချိန် လျှော့ချနိုင်ခဲ့တဲ့အထိမ်းအမှတ်အနေနဲ့ သူတို့နှစ်ဦးဟာ လျှောက်လည်တာ၊ ခရီးသွားတာ၊ တောင်တက်တာနဲ့ လှေလှော်တာတွေ ပျော်ပျော်ပါးပါးလုပ်ခဲ့ကြပါတယ်။
အချိန်ကြာလာတာနဲ့အမျှ တွဲကျနေတဲ့အရေပြားတွေဟာ သူမကိုနေ့စဉ် ဝေဒနာတွေပေးလာပါတော့တယ်။ လေးလံတဲ့အရေပြားတွေက ခန္ဓာကိုယ်တစ်ခုလုံးကို ဆွဲထားတဲ့အတွက် သူရဲ့ကျောတွေ၊ လည်ပင်းတွေသာမက မေးရိုးနေရာတွေပါ နာကျင်လာခဲ့ပါတယ်။ မနက်အိပ်ရာထတိုင်း မျက်ရည်ကျလောက်အောင် နာကျင်မှုကပိုဆိုးလာခဲ့ပါတယ်။ သူမဟာ ခွဲစိတ်အထူးကုဆရာဝန်နဲ့ သွားရောက်ပြသချိန်မှာတော့ လာပြတာနောက်ကျတဲ့အတွက် ဆရာဝန်ရဲ့ဆူတာခံခဲ့ရတယ်လို့ သိရပါတယ်။ သူမရဲ့လေးလံတဲ့အရေပြားတွေဟာ ခန္ဓာကိုယ်ကိုယ်နေဟန်ထားကို မှားယွင်းနေစေပြီး သွားလာလှုပ်ရှားမှုတွေပြုလုပ်တဲ့အခါ အဆစ်နဲ့အရွတ်တွေကိုပါ ထိခိုက်လာစေနိုင်တယ်လို့ သိရပါတယ်။ ဆရာဝန်က သူမရဲ့အရေပြားအပိုတွေကို ခွဲစိတ်ဖယ်ရှားပေးခဲ့ပြီး စုစုပေါင်းဖယ်ရှားလိုက်ရတဲ့အရေပြားတွေဟာ ၇ပေါင်ခန့်ရှိတယ်လို့ ဆိုပါတယ်။ “ ပိုနေတဲ့အရေပြားတွေက ခန္ဓာကိုယ်တစ်ခုလုံးက အရေပြားတွေကို ဆွဲချနေတဲ့အတွက် ကြာရင်ခန္ဓာကိုယ်ပုံစံပျက်သွားတတ်ပါတယ်၊ သူမရဲ့ဝမ်းဗိုက်က အဆီမပါတဲ့အရေပြားတချို့ကိုယူပြီး သူမရဲ့တင်ပါးနဲ့ တချို့နေရာတွေမှာ ခန္ဓာကိုယ်အချိုးအစားပုံစံကြည့်ကောင်းအောင် ပြန်ထည့်ပြီး ပြုပြင်ပေးခဲ့ရတာတွေရှိပါတယ်” လို့ သူမကို ခွဲစိတ်မှုပြုလုပ်ပေးခဲ့တဲ့ဆရာဝန်က ပြောပြခဲ့ပါတယ်။

(Ref;MD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top