Healthy Life Ad
Life Style

သင့်လက်ကိုင်ဖုန်းက အသားအရေနွမ်းခြောက်မှု တရားခံဖြစ်စေနိုင်

စူး (ဆေးဝါးတက္ကသိုလ်)

အခုနောက်ပိုင်းမှာ စမတ်ဖုန်းစွဲလမ်းမှုပြဿနာကို အတွေ့ရများလာပါတယ်။ စမတ်ဖုန်းစွဲလမ်းမှုကြောင့် လူမှုရေးတွေမှာ ထိခိုက်စေရုံသာမက စကရင်ဟာ အသားအရေကိုလည်း နွမ်းနယ်စေပါတယ်။

သင့်စမတ်ဖုန်းက အသားအရေကို ဘယ်လိုနည်းနဲ့ ထိခိုက်စေနိုင်သလဲ

စမတ်ဖုန်းက စာတွေကို ဖတ်ဖို့ အဆက်မပြတ် မျက်မှောင်ကြုံ့ပြီး ကြည့်တာက အသက် ၃၀ကျော် အရွယ်ဖြစ်လာတာနဲ့ မျက်ဝန်းထောင့်မှာ ကျီးကန်းခြေထောက်လို့ခေါ်တဲ့ အရေးကြောင်း စတင် ထင်လာစေပါတယ်။ အမှောင်ထဲမှာ ဖုန်းအလင်းရောင်စူးစူးကို ကြည့်တာက မျက်စိကျန်းမာရေးကိုသာမက မျက်ဝန်းတဝိုက်မှာ အရေးကြောင်းထင်တာကိုလည်း ဖြစ်စေနိုင်ပါတယ်။

စမတ်ဖုန်းကြောင့် အသားအရေထိခိုက်မှုမဖြစ်အောင် ဘယ်လိုလုပ်ဆောင်နိုင်သလဲ

အလွယ်ဆုံးကတော့ ဖုန်းစကရင်ကြည့်ချိန်ကို လျှော့ချဖို့ပါပဲ။ ဖုန်းကြည့်ရင်တောင် မကြာခဏ အနားပေးပြီး မျက်ဝန်းအောက်မှာ ရှားစောင်းလက်ပပ်အနှစ်သားကို ကပ်ပေးရပါမယ်။ သင့်အနေနဲ့ ရှားစောင်းလက်ပပ် ထူထူလေးကပ်ပေးပြီး အချိန် ၁၅ မိနစ်လောက်ထားကာ ရေအေးနဲ့ မျက်နှာသစ်ပေးပါ။

ဖုန်းပြောများသူတွေအနေနဲ့ ဖုန်းစကရင်နဲ့ ထိကပ်တာကြောင့် ဘက်တီးရီးယားပိုး ကပ်ညိပြီး ဝက်ခြံ ပေါက်စေနိုင်ပါတယ်။

– စမတ်ဖုန်းသုံးပြီး အသားအရေ မထိခိုက်အောင် သင် ဘာလုပ်နိုင်လဲ

-ဖုန်းပြောတဲ့အခါ နားကြပ် (headphone) တပ်ပေးပါ။

-ဖုန်းကို တစ်နေ့တစ်ခါဆိုသလို မိုက်ခရိုဖိုင်ဘာပိတ်စနဲ့ သန့်ရှင်းရေးလုပ်ပေးပါ။

-ဝက်ခြံပေါက်နေရင် မျက်နှာကို ဘန်ဇွိုင်းပါအောက်ဆိုက်၊ ဆလီးစလစ်အက်စစ်တို့လို ဝက်ခြံတားပစ္စည်းပါတဲ့ မျက်နှာသစ်ဆေးနဲ့ သန့်စင်ပေးပါ။

-ဖုန်းအသုံးများတာကြောင့် အိပ်ရေးမဝရင် အသားအရေညစ်နွမ်းကာ လျော့တွဲလာတတ်ပါတယ်။ ဒါကြောင့် အချိန်မှန်အိပ်သင့်ပါတယ်။

-အိပ်ရာမဝင်ခင် အချိန် ၂ နာရီအလိုမှာ ဖုန်းစကရင်ကို မသုံးပါနဲ့။

-တစ်နေ့လုံး ရေများများ သောက်ပေးပါ။

ဖုန်းကို ငုံ့ပြီး အဆက်မပြတ်ကြည့်တာက လည်ပင်းအရေပြားကို တွန့်ခေါက်စေပြီး လည်ပင်းမှာ အရေးကြောင်းထင်စေပါတယ်။ ဒါကြောင့် ဖုန်းကို မျက်နှာနဲ့တတန်းတည်းအနေအထားမှာ ထားပြီးသုံးသင့်ပါတယ်။

– လည်ပင်းကိုငုံ့ပြီး ဖုန်းသုံးတာက ဇက်ကြောတက်တတ်ပါတယ်။ ဒီလိုမဖြစ်အောင် လည်ပင်း လေ့ကျင့်ခန်းလုပ်ပေးရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top