Healthy Life Ad
Life Style

လက်ထပ်ပြီးခါစ စုံတွဲများကို အိမ်ထောင်သက် နှစ် ၄၀ကြာဇနီးမောင်နှံက ပြောပြချင်သည့် အကြံပြုချက်များ

မီမိုးမေ (ဆေးဝါးတက္ကသိုလ်)

လက်ထပ်လိုက်ပြီဆိုတာ ဘဝမှာ ခြေတစ်လှမ်းရှေ့တိုးပြီး ကြီးမားတဲ့ အပြောင်းအလဲကို လုပ်ဆောင်လိုက်တာ ပါ။ အိမ်ထောင်ပြုပြီဆိုတာနဲ့ လူတိုင်းဟာ မျှော်လင့်ချက်အပြည့်နဲ့၊ အကောင်းမြင်စိတ်အပြည့်နဲ့၊ ချစ်ခြင်း မေတ္တာအပြည့်နဲ့ ပျော်ရွှင်နေကြပါတယ်။ အဲဒီလိုပျော်စရာကာလက ဟန်းနီးမွန်းခရီးအထိ သေချာပါတယ်။ တကယ့်လက်တွေဘဝထဲ တူနှစ်ကိုယ်လက်တွဲရင်ဆိုင်ရချိန်မှာ အခက်အခဲလေးတွေ ကြုံရသလို ဆူးခင်းလမ်း ကိုလည်း ဖြတ်လျှောက်ရပါတယ်။ အဲဒီအချိန်မှာ လင်နဲ့မယားအငြင်းပွား အချင်းများရာက အဆင်မပြေဖြစ်၊ ရန်ဖြစ်ပြီး နောက်ဆုံးမှာ လမ်းခွဲရတဲ့ စုံတွဲတွေလည်း မနည်းမနောပါ။ ဒါကြောင့် အိမ်ထောင်ပြုပြီးခါစ စုံတွဲတွေကို နှစ်၄၀ ကြာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေး ဖန်တီးနိုင်ခဲ့တဲ့ အိမ်ထောင်ရှင်အကြံပေးပညာရှင် ဝီနီဖရက်က အကြံပြုချက်တွေ မျှဝေထားပါတယ်။

– လက်ထပ်ခြင်းက ကျွန်ခံခြင်းမဟုတ်


အိမ်ထောင်ပြုတယ်ဆိုတာ ပါတနာ (ဘဝအဖော်) ရှာပြီး ပူးပေါင်းတဲ့သဘောပါ။ ကျွန်ခံဖို့ မဟုတ်ပါဘူး။ အိမ်ထောင်တစ်ခုမှာ ဇနီးပဲဖြစ်ဖြစ်၊ ခင်ပွန်းပဲဖြစ်ဖြစ် ကိုယ်ဘာလိုချင်တယ်ဆိုတာ သိဖို့အရေးကြီးပါတယ်။ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒ၊ အိပ်မက်တွေကို အသီးသီး အကောင်အထည်ဖော်ရင်း ကိုယ့်အိမ်ထောင်ဖက်ကိုလည်း ပါရမီဖြည့်ပေးရမှာပါ။

– အခက်အခဲမှန်သမျှ တာဝန်အတူတူယူပါ


ခင်ပွန်းက အိမ်ထောင်ဦးစီးဖြစ်လို့ မိသားစုရဲ့ အခက်အခဲမှန်သမျှ သူ့မှာပဲ တာဝန်ရှိတယ်၊ သူပဲတာဝန်ယူရတယ်ဆိုတာ မဟုတ်ပါဘူး။ ကြုံလာသမျှ အခက်အခဲလောကဓံမှန်သမျှ လင်နဲ့မယား အတူလက်တွဲပြီး ရင်ဆိုင်ဖြေရှင်းတာက

အကောင်းဆုံးပါ။

– နှစ်ယောက်စလုံး ခြားနားချက်တွေ အများကြီး


အချစ်တစ်ခုတည်း အရင်းပြုပြီး လက်ထပ်ခဲ့တဲ့ အိမ်ထောင်ရေးမှာ အရာရာတိုင်း သူနဲ့ကိုယ် စိတ်သဘောထား ချင်း တိုက်ဆိုင်မယ်လို့ မထင်ပါနဲ့။ စိတ်သဘောထား မတူတာတွေအတွက်လည်း အငြင်းမပွားဘဲ သူ့အမြင်၊ ကိုယ့်အမြင်ကို လေးစားတန်ဖိုးထားရပါမယ်။ သင်က သဘောထားပျော့ပျောင်းပြီး ပွင့်လင်းတဲ့ စိတ်ခံစားချက် ရှိတယ်ဆိုရင် သင့်အိမ်ထောင်ရေးက စိတ်လှုပ်ရှားစရာကောင်းတဲ့ ဘဝခရီးဖြစ်နေမှာပါပဲ။

– ငါပဲလုပ်နေရတာ ဆိုတဲ့ စကားကိုမေ့လိုက်ပါ


“မိုးလင်းကတည်းက သူက ဘာမှမလုပ်ဘူး၊ ငါကပဲ လုပ်နေရတာ” ဆိုပြီး တချို့အိမ်ရှင်မတွေ ပြောတတ်ကြ ပါတယ်။ အဲဒီလို ညည်းညူနေမယ့်အစား တစ်နေ့တာအတွင်း ဘာကို ကူလုပ်ပေးဖို့လိုလဲ

ညှိထားပါ။

– ပဋိပက္ခကို နားလည်မှုရှိဖို့ လမ်းစလို့ယူဆပါ


လင်နဲ့မယားကြားမှာ အဆင်မပြေတဲ့ ပဋိပက္ခတွေကို အခွင့်အလမ်းလို့ ယူဆပြီး သင် ဘာကိုလိုချင်တယ်၊ သင့်အားသာချက်က ဘာရှိတယ်၊ သင့်အားနည်းချက်က ဘာရှိတယ်ဆိုတာကို သိအောင် ပြောပြပါ။ သူ့အနေနဲ့လည်း ပွင့်ပွင့်လင်းလင်း ပြောလာပါစေ။ ပဋိပက္ခကို စိတ်အနှောင့်အယှက်မဖြစ်ဘဲ ဒါက တစ်ဦးနဲ့ တစ်ဦး နားလည်မှုရှိဖို့၊ ပံပိုးကူညီမှု ပိုပေးနိုင်ဖို့ လမ်းစလို့သာ သဘောထားလိုက်ပါ။

-သင့်အိမ်ထောင်ဖက်ရဲ့ သဘောထားကို မေးပါ


အသေးအဖွဲပဲဖြစ်ဖြစ် ကိုယ်တစ်ဦးတည်းမဆုံး ဖြတ်ပါနဲ့။ “ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှင် ဘယ်လိုထင် သလဲ”ဆိုတဲ့ မေးခွန်းကို မေးပါ။ ဒါက သူ့ထင်မြင်ချက်ကို သင်က အလေးထားတယ်ဆိုတာ သိစေတဲ့အတွက် သူ့ကိုလည်း ပျော်ရွှင်စေပါတယ်။ဒီနေရာမှာ သိထားရမှာက သူ့ထင်မြင်ချက်မေးတဲ့အခါ ကိုယ်ဖြစ်ချင်တာကိုပဲ အလေးထားမမေးပါ နဲ့။ သူ ပြောတာကို အရင်ဆုံး နားထောင်ပေးပါ။ ပြီးမှ သင်ဖြစ်ချင်တာကို ပြောပါ။

– ခွင့်လွှတ်ပါ


ဘယ်သူမှတော့ စင်းလုံးချောမဟုတ်တဲ့အတွက် အိမ်ထောင်ဖက်က တစ်ခါတလေ အမှားလုပ်တဲ့အခါ ခွင့်လွှတ်ပေးပါ။ ဒါပေမဲ့ ခွင့်လွှတ်နိုင်လောက်တဲ့ အမှားဆိုရင်ပေါ့။ ခွင့်လွှတ်ပြီးပြီဆိုရင်လည်း အဲဒီအမှားကို ထပ်ခါတလဲလဲ

ထပ်တလဲလဲ ပြန်မပြောပါနဲ့။

– နှုတ်ဆက်စကားပြောဖို့ မမေ့ပါနဲ့


အလုပ်တွေ ဘယ်လောက်များများ အပြင်သွားချိန်မှာ ပွေ့ဖက်နှုတ်ဆက်ဖို့၊ ပြန်လာရင် “ဟဲလို” လို့ ပြောပြီး အနမ်းပေးဖို့ မမေ့ပါနဲ့။ ပွေ့ဖက်နှုတ်ဆက်တာက တစ်ဦးနဲ့တစ်ဦး ပိုချစ်ခင်စေပါတယ်။

– တစ်ခါတလေ မုန်းတတ်ပါတယ်


ကိုယ်တစ်ချိန်က သိပ်ချစ်လွန်းလို့ လက်ထပ်ခဲ့ပါတယ်ဆိုတဲ့ ချစ်သူကို အိမ်ထောင်သက်ကြာလာချိန်မှာ တစ်ခါတလေ မုန်းတတ်ပါတယ်။ ဒါပေမဲ့ မုန်းတာလောက်နဲ့ အိမ်ထောင်ရေးကို အဆုံးမသတ်လိုက်ပါနဲ့။ ခရီးထွက်တာ၊ အပန်းဖြေတာတို့နဲ့ စိတ်ကို

ပြောင်းလဲလိုက်ပါ။

– သူ တန်ဖိုးထားတာကို နားလည်ပါ


သူ ကျင်လည်ခဲ့တဲ့ ပတ်ဝန်းကျင်နဲ့ ကိုယ်ကျင်လည်ခဲ့တဲ့ ပတ်ဝန်းကျင်အနေအထားက မတူညီတဲ့အတွက် တန်ဖိုးထားပုံချင်းလည်း မတူတတ်ပါဘူး။ အဲဒီအခါ သူတန်ဖိုးထားတဲ့အရာကို ဘယ်တော့မှ ပြစ်တင်ရှုံ့ချမှု မလုပ်ဘဲ

နားလည်မှုပေးပါ။ လေးစားပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top