Healthy Life Ad
Q & A

ကလေးမွေးရင် ခွဲမွေးသင့်သလား ၊ ရိုးရိုးမွေးသင့်သလား

ဒေါက်တာစိုးလွင်(သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး)ဖြေကြားသည်။

မေး- ကိုယ်ဝန်ရှိလာရင် ခွဲမွေးသင့်သလား၊ ရိုးရိုးမွေးသင့်သလား။ ခွဲမွေးတာနဲ့ ရိုးရိုးမွေးတာမှာ ဘယ်ဟာက ပိုကောင်းပါသလဲ ဆရာ။

ဖြေ- ကိုယ်ဝန်ဆောင်ချိန်မှာ ခွဲမွေးရင် ကောင်းလား၊ ရိုးရိုးမွေးတာ ကောင်းလားဆိုတာကလည်း ခေတ်စားတဲ့ အကြောင်းအရာပဲဖြစ်ပါတယ်။ ဟိုးအရင်ခေတ်က ဆိုရင်တော့ ရိုးရိုးမွေးတာကပဲ ကောင်းတယ်ဆိုတာ သေချာ တာပေါ့။ ဘာလို့လဲဆိုတော့ ခွဲမွေးတာက အလွန်အန္တရာယ်များတယ်လေ။ ရိုးရိုးမွေးလို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အခြေအနေကျမှ ခွဲမွေးရတာကိုး။ ခွဲမွေးရင် မေ့ဆေး၊ ထုံဆေးအန္တရာယ်၊ ခွဲရင်း ဖြစ်နိုင်တဲ့ အန္တရာယ်၊ သွေးသွန် တာ၊ ဆီးအိမ်တွေ ထိခိုက်သွားတာ စတာတွေ ဖြစ်တတ်သလို ဗိုက်ခွဲမွေးရင် နောက်တစ်ခါ ရိုးရိုးမွေးဖို့ ခက်ခဲ သွားတတ်တယ်၊ ကလေးတစ်ယောက်မွေးတိုင်း ဗိုက်ခွဲမွေးရတာ ပိုခက်ခဲလာတယ် . . စသဖြင့် အဲဒီလိုမျိုး အန္တရာယ်တွေ ရှိပါတယ်။

ရိုးရိုးမွေးတာကရော အန္တရာယ်မရှိဘူးလားဆိုတော့လည်း ရိုးရိုးမွေးတာကလည်း တစ်ခါတလေ အန္တရာယ် ရှိပါတယ်။ ရိုးရိုးမွေးတာကလည်း မွေးနိုင်ဖို့ ကြိုးစားကြည့်ရတာ။ ရိုးရိုးမွေးဖို့ ကြိုးစားကြည့်ရင်းနဲ့ ချောချော မောမော မွေးသွားရင်၊ ဘာပြဿနာမှမရှိရင ်အဆင်ပြေတယ်ဆိုပေမယ့် တစ်ခါတလေ မွေးရင်းဖွားရင်းနဲ့ အကြာကြီး ဗိုက်နာပြီး မမွေးနိုင်လို့ ခွဲမွေးလိုက်ရတာ ရှိသလို အကြာကြီး ဗိုက်နာပြီးမှ မမွေးနိုင်လို့ ကလေးက အထဲမှာ မွန်းသွားတာ လည်း ရှိတတ်ပါတယ်။ တစ်ခါတလေကျရင် မွေးဖို့ ကြိုးစားရင်း အမေက ဘယ်လိုမှ မမွေးနိုင်တော့တဲ့အခါ ညှပ်ဆွဲမွေးရတာ၊ တစ်ခါတလေ အမေရဲ့ မွေးလမ်းကြောင်း စုတ်ပြဲသွားတာ စတဲ့ အန္တရာယ်တွေ ရှိပါတယ်။ တစ်ခါတလေကျရင် ကလေးက အကြီးကြီး ဖြစ်နေတာ၊ မိခင်က အရိုးကွင်းကျဉ်း နေတာ စတာတွေလည်း ရှိနေတတ်ပြန်ပါတယ်။

ဆရာတို့အနေနဲ့ကတော့ မိခင်တွေ အကုန်လုံးက ရိုးရိုးမွေးတာ ကောင်းတယ် ဒါမှမဟုတ် မိခင်တွေ အကုန်လုံး ခွဲမွေးတာကောင်းတယ် ဆိုတာမျိုးတော့ မရှိပါဘူး။ တစ်ဦးချင်း တစ်ယောက်ချင်းစီ မူတည်ပြီး ရိုးရိုးမွေးသင့် သလား၊ ခွဲမွေးသင့်သလားဆိုတာကို စဉ်းစားရတာဖြစ်ပါတယ်။ ကလေးက ဘယ်လောက်ကြီးသလဲ၊ မိခင်ရဲ့ အရပ်အမောင်းက ဘယ်လောက်ရှိသလဲ၊ အရိုးကွင်းက ကျဉ်းနေလား၊ ကလေးရဲ့ အနေအထားက ဘယ်လို ရှိသလဲ စတာတွေကို ကြည့်ပြီးမှ ပြောနိုင်တာဖြစ်ပါတယ်။
တချို့မိခင်တွေကျတော့ သေချာပေါက် ခွဲမွေးရတာ ရှိပါတယ်။ ဥပမာအားဖြင့် မိခင်က အသက် ၄၀ လောက် ရှိနေပြီ၊ သားဦးကိုယ်ဝန်ကို ရိုးရိုးမွေးမယ်ဆိုရင် ဆရာတို့ သိပ်လက်မခံပါဘူး။ ရိုးရိုးမွေးတယ်ဆိုတာ ညဗိုက် နာရင် မနက်ခင်းမွေးဖို့ မသေချာပါဘူး။ မွေးဖို့ကြိုးစားရင်း ကြိုးစားရင်းနဲ့ ကလေးက အထဲမှာ မွန်းသွားတတ် တယ်။ ခွဲမွေးတာကျတော့ ဗိုက်ကိုခွဲပြီး ကလေးကိုထုတ်လိုက်တော့ တစ်မိနစ်အတွင်းမှာ ကလေးက အပြင်ထွက်သွားတယ်။

ခြုံပြောရရင် ခွဲမွေးသင့်သလား၊ ရိုးရိုးမွေးသင့်သလားဆိုတာ တစ်ဦးချင်းပေါ်မှာမူတည်ပါတယ်။ မိခင်ရဲ့ အရပ်အမောင်း၊ ကလေးအနေအထား၊ မိခင်ရဲ့အသက်အရွယ် စသဖြင့် ဘက်ပေါင်းစုံက စဉ်းစားပြီးမှ ဆုံးဖြတ်ရတာပါ။ ခွဲမွေးတာကလည်း ကောင်းတာရှိသလို ဆိုးတာရှိတယ်။ ရိုးရိုးမွေးတာကလည်း ကောင်းတာရှိသလို ဆိုးတာရှိပါတယ်။ ဒါပေမဲ့ သေချာပေါက် လိုအပ်ချက်တစ်ခုကတော့ ရိုးရိုးပဲမွေးမွေး၊ ခွဲပဲမွေးမွေး မွေးဖွားပေးမယ့် ဆရာဝန်၊ ဆရာမ ရဲ့ကျွမ်းကျင်မှုကတော့ သေချာပေါက် လိုအပ်ပါတယ်။ ကျွမ်းကျင်တဲ့ဆရာဝန်၊ ဆရာမတွေရဲ့ လက်ထဲမှာတော့ ရိုးရိုးမွေးမွေး၊ ခွဲပဲမွေးမွေး အန္တရာယ်နည်းပါတယ်။ မကျွမ်းကျင်ရင်တော့ ဘယ်လိုပဲ မွေးမွေးအန္တရာယ်များပါတယ်။ ခွဲမွေးရင် ပိုတောင်အန္တရာယ် များသေးတယ်။ ဒါကြောင့် ကျွမ်းကျင်တဲ့ ဆရာဝန်ထံအပ်နှံပြီး ဘယ်လိုမွေးရင် ကောင်းမလဲဆိုတာ ဆုံးဖြတ်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top