Healthy Life Ad
Health Tips

မေးစေ့ပေါ်က ဝက်ခြံ

မျက်နှာပေါ်မှာ ဝက်ခြံအဖုအပိမ့်ထွက်တာက စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းသလို ကြည့်ရဆိုးပါတယ်။ တကယ်လို့ အရေးကြီး အခမ်းအနားတွေကို သွားစရာရှိနေချိန်မှာ ဝက်ခြံအဖုအပိမ့်တွေ အများကြီး ထွက်လာ ရင်ပိုပြီး စိတ်ရှုပ်ရပါတယ်။ အထူးသဖြင့် မေးစေ့မှာ ဝက်ခြံပေါက်လာရင် စကားပြောရတာ၊ ပြုံးရတာတောင် အဆင်မပြေ ဖြစ်ရတတ်ပါတယ်။ ဝက်ခြံမဖြစ်စေဖို့ ကောင်းမွန်တဲ့ အသားအရေထိန်းသိမ်းမှု၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာ၊ ညဘက်အိပ်ရေးဝ၀ အိပ်စက်မှု စတဲ့အချက်တွေက အရေးပါပါတယ်။

-လူအများစုရဲ့ မျက်နှာမှာ ပေါင်းစပ်အသားအရေရှိကြပါတယ်။ ဆိုလိုတာက ခြောက်သွေ့တဲ့ အရေပြားနဲ့ အဆီ ပြန်တဲ့ အရေပြားဆိုပြီး နှစ်ပိုင်းရှိတာမျိုးပါ။ နဖူး၊ နှာ ခေါင်းနဲ့မေးစေ့က အဆီပြန်ပြီး ကျန်တဲ့အစိတ်အပိုင်းတွေက ခြောက်သွေ့နေတာဖြစ်ပါတယ်။ ဝက်ခြံက အဆီပြန်တဲ့ အရေပြားနေရာတွေမှာ အဖြစ်များပါတယ်။ များလွန်းတဲ့ အဆီတွေစုပြီး မွေးညင်းပေါက်တွေမှာ အရေပြားဆဲလ်သေတွေ စုပုံရောက်ရှိရာက ဘက်တီးရီးယားပိုးဝင်မှု ဖြစ်ပြီး ဝက်ခြံဖြစ်လာတာပါ။

– အပျိုဖော်၊ လူပျိုဖော်ဝင်ချိန်၊ ရာသီလာချိန်၊ ကိုယ်ဝန်ဆောင်ချိန်တွေမှာ ခန္ဓာကိုယ်ထဲ ဟော်မုန်းအတက်အကျ ဖြစ်ပြီး ဝက်ခြံအထွက်များတတ်ပါတယ်။ ဟော်မုန်းအပြောင်းအလဲကို ထိန်းချုပ်လို့မရသလိုပဲ ဝက်ခြံကိုလည်း

ထိန်းချုပ်ရခက်ခဲပါတယ်။

– တချို့လူတွေက ဝက်ခြံနဲ့ အစားအသောက် ဆက်စပ်မှု ရှိတယ်လို့ ဆိုကြပါတယ်။ သကြားကြောင့် ဝက်ခြံ ပေါက်စေနိုင်တယ်လို့ တချို့လူတွေကဆိုပြီး တချို့က ချောကလက်၊ အာလူးချောင်းကြော်၊ ဆီကြော်စာ စတဲ့ အစာတွေစားရင် မေးစေ့မှာ ဝက်ခြံထွက်လာတယ်လို့ ပြောကြပါတယ်။ ဝက်ခြံအဖုအပိမ့်ကင်းပြီး အသားအရေ ချောမွေ့ဖို့ ရာအတွက် သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ ငါးကို စားသင့်ပါတယ်။

– တချို့ဆေးပြင်းတွေ၊ စိတ်ဖိစီးမှု၊ အဆီများတဲ့ ဆံပင်နဲ့ ဗောက်ထတာ စတဲ့အချက်တွေကလည်း ဝက်ခြံနဲ့ အဖုအပိမ့်တွေကို ဖြစ်စေနိုင်ပါတယ်။

မေးစေ့ပေါ်က ဝက်ခြံကို လက်နဲ့မညှစ်ပါနဲ့။ ဝက်ခြံကို လက်နဲ့ဆိတ်ရင် အမာရွတ်ထင်တတ်ပြီး အမာရွတ်က တော်တော်နဲ့ မပျောက်ဘဲစွဲနေတတ်ပါတယ်။ ဝက်ခြံ သက်သာစေဖို့ အရေပြားအထူးကုဆရာဝန်နဲ့ တိုင်ပင် ကုသသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top