Healthy Life Ad
Child

ကိုယ်နဲ့ အသင့်တော်ဆုံး လေ့ကျင့်ခန်းကို ရွေးလုပ်ရအောင် . . .

– ကိုထက်

သင်က ဘယ်လောက်ခွန်အားကြီးတဲ့သူ ဖြစ်နေပါစေ၊ လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ဖို့ လိုအပ်နေပါတယ်။ ဒါမှသာ ကျန်းမာရေးကောင်းမွန်ပြီး သက်လုံကောင်းကာ အရွယ်တင်နုပျိုမှာ ဖြစ်လို့ပါ။

– သင်က သီးခြားနေတတ်သူဖြစ်လျှင်

ရေကူးတာ၊ စက်ဘီးစီးတာ၊ လမ်းလျှောက်တာ၊ ပြေးတာစတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။ အားကစားခန်းမမှာ နည်းပြဆရာနဲ့ စနစ်တကျလေ့ကျင့်တာမျိုးကလည်း သင့်အတွက် အဆင်ပြေပါတယ်။

– သင်က အပေါင်းအသင်းမက်သူဖြစ်လျှင်

သူငယ်ချင်းတွေနဲ့ လေ့ကျင့်ခန်းအတူလုပ်နိုင်တဲ့ တောင်တက်တာ၊ ဘောလုံးကန်တာ၊ ကြက်တောင်ရိုက်တာ၊ စားပွဲတင် တင်းနစ်ကစားတာ၊ ကခုန်တာ စတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ပေးပါ။

– ပင်ပန်းမှာ၊ နာကျင်မှာ ကြောက်သူဖြစ်လျှင်

ယောဂကျင့်တာ၊ ထိုက်ချိကစားတာလို ဖြည်းဖြည်းနဲ့ ညင်ညင်သာသာလုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေကို ရွေးပါ။ လမ်းလျှောက်တာ၊ ခပ်သွက်သွက်လမ်းလျှောက်တာလို လေ့ကျင့်ခန်းမျိုးဟာ ခန္ဓာကိုယ်ကို အလွန်အမင်းပင်ပန်းနာကျင်မှုမဖြစ်စေတဲ့ လေ့ကျင့်ခန်းတွေဖြစ်ပါတယ်။


လမ်းလျှောက်ခြင်း

လမ်းလျှောက်တာက လေ့ကျင့်ခန်းအားလုံးထဲမှာ ရိုးစင်းပြီး ငွေကုန်ကြေးကျအနည်းဆုံး လေ့ကျင့်နည်းတစ်ခုဖြစ်ပါတယ်။ လမ်းလျှောက်တာကြောင့် သင့်နှလုံးနဲ့ အဆုတ်အခြေအနေ တိုးတက်ကောင်းမွန်ပြီး ခန္ဓာကိုယ်အောက်ပိုင်းက ကြွက်သားတွေကို သန်စွမ်းစေပါတယ်။ အရိုးတွေကိုလည်း သန်စွမ်းစေတဲ့အပြင် တခြားလေ့ကျင့်ခန်း တချို့ထက် အဆစ်တွေပေါ် ဒဏ်သက်ရောက်မှု နည်းပါးပါတယ်။


တောင်တက်ခြင်း

တောင်တက်ရတာက ပြင်ညီမျက်နှာပြင်ပေါ်မှာ လမ်းလျှောက်ရတာက စွမ်းအင်ပိုသုံးရပါတယ်။ သင့်အနေနဲ့ တောင်တက်နိုင်တဲ့အထိ စွမ်းအင်ရှိ၊ မရှိ မသေချာသေးရင် လမ်းလျှောက်တဲ့ လေ့ကျင့်ခန်းလုပ်ပြီး ကြံ့ခိုင်သန်စွမ်းမှုအဆင့်တိုးအောင် အရင်လုပ်သင့်ပါတယ်။ ကြံ့ခိုင်သန်စွမ်းမှုရှိပြီဆိုမှ တောင်တက်တဲ့ အဖွဲ့တွေနဲ့ ဆက်သွယ်ပြီး တောင်တက်သင့်ပါတယ်။


ပြေးခြင်း/ရွရွပြေးခြင်း

ပြေးမယ်ဆိုရင် ရှူးဖိနပ်ကောင်းကောင်းတစ်ရံတော့ လိုပါတယ်။ သင်က ကျန်းမာရေးကောင်းပြီး ခန္ဓာကိုယ်က သက်သောင့်သက်သာရှိနေတယ်ဆိုရင် ပြေးနိုင်ပါတယ်။ ဒါပေမဲ့ ဆီးချိုသွေးချိုရောဂါ၊ ရင်ဘတ်အောင့်တာ၊ မောပန်းတာ၊ ပန်းနာရင်ကျပ်ရောဂါ၊ အတက်ရောဂါ၊ သွေးတိုးတာ၊ မကြာခင်ကမှ ခွဲစိတ်ထားတာစတဲ့ ကျန်းမာရေးရာဇဝင်တွေ ရှိရင်တော့ ပြေးတဲ့လေ့ကျင့်ခန်းကို ရှောင်သင့်ပါတယ်။

ပြေးတာနဲ့ ရွရွပြေးတာဟာ အရိုးသိပ်သည်းဆကို ကောင်းမွန်စေကာ အရိုးပါးရောဂါကိုမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ သင်က ကိုယ်အလေးချိန်ပုံ မှန်ထက်များနေရင် ပြေးသင့်ပါတယ်။ မပြေးခင်မှာ အရင်ဆုံး သွေးပူလေ့ကျင့်ခန်းလုပ်ပေးပါ။ ပြေးရင်း အသက်ရှူရတာ ပင်ပန်းတဲ့အထိမောလာရင် အရှိန်လျှော့ပေးပါ။ ပြေးပြီးချိန်မှာ အကြောလျှော့လေ့ကျင့်ခန်းကို လုပ်ဆောင်ပေးပါ။


ရေကူးခြင်း

သင်က ရေမကူးတတ်သူဆိုရင် အရင်ဆုံး ရေကူးသင်ဖို့ လိုပါတယ်။ ရေကူးတာက ကြွက်သားတွေကို သန်စွမ်းစေပြီး အဆီကျစေတဲ့ လေ့ကျင့်ခန်းပါ။ ရေကူးတာက အဆစ်တွေအပေါ်ဒဏ်သက်ရောက်မှုတော့ ရှိပါတယ်။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ လေ့လာမှုအရ ခါးလောက်နက်တဲ့ ရေထဲမှာ ကူးတာက အဆစ်တွေအပေါ် ဒဏ်သက်ရောက်မှုကို ၅၀ရာခိုင်နှုန်း လျော့ကျစေတယ်လို့ သိရပါတယ်။ သင်က ထိခိုက်ဒဏ်ရာရမှုတစ်ခုခုကြောင့် မပြေးနိုင်ရင် ဒါမှမဟုတ် ပုံမှန်လေ့ကျင့်ခန်းမလုပ်နိုင်ရင် ရေကူးတာက အကောင်းဆုံးလေ့ကျင့်ခန်းဖြစ်ပါတယ်။


စက်ဘီးစီးခြင်း

စက်ဘီးစီးတာကြောင့် ရရှိတဲ့ အဓိက အကျိုးကျေးဇူးတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

နှလုံးကျန်းမာခြင်း – လူတစ်သောင်းကျော်ကို အဓိကလေ့လာမှုတစ်ရပ်အရ တစ်ပတ်မှာ အနည်းဆုံး မိုင် ၂၀ ခန့် စက်ဘီးစီးတဲ့သူတွေက စက်ဘီးမစီးတဲ့သူတွေထက် နှလုံးပြဿနာဖြစ်နိုင်ခြေ ထက်ဝက်ခန့် လျော့ကျနိုင်တယ်လို့ သိရပါတယ်။

ကိုယ်အလေးချိန်ထိန်းနိုင်ခြင်း– လေ့လာမှုတချို့အရ တစ်ပတ်မှာ အနည်းဆုံး ကယ်လိုရီနှစ်ထောင် လောင်ကျွမ်းရင် ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်တယ်လို့ သိရပါတယ်။ စက်ဘီးစီးတာက တစ်နာရီမှာ ကယ်လိုရီ ၃၀ဝကို လောင်ကျွမ်းစေတာကြောင့် တစ်ပတ်မှာ ခြောက်ကြိမ်ခန့် စက်ဘီးစီးပေးရင် ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ပါတယ်။


အားကစားခန်းမတွင် လေ့ကျင့်ခန်းလုပ်ခြင်း

ရာသီဥတုပူပူ၊ အေးအေးလေ့ကျင့်ခန်းကို အေးအေးလူလူလုပ်နိုင်တဲ့နေရာကတော့ အားကစားခန်းမပဲ ဖြစ်ပါတယ်။ အားကစားခန်းမမှာ ကိရိယာလွတ် လေ့ကျင့်ခန်းတွေအပြင် ကိရိယာသုံးပြီး ပြေးတာ၊ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ အလေးမတာတွေကိုလည်း လုပ်ဆောင်နိုင်ပါတယ်။


ကခုန်ခြင်း

ကခုန်တာက နှလုံးနဲ့အဆုတ်တွေရဲ့ အခြေအနေကို ကောင်းမွန်စေပြီး ဟန်ချက်ညီစေတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ လူအများစုက သူတို့ကိုယ်ဟန်ထိန်းတာ ညံ့ဖျင်းတဲ့အတွက် မကခုန်နိုင်ဘူးလို့ ထင်နေကြပါတယ်။ တကယ်တော့ လူတိုင်းကခုန်တတ်ပါတယ်။ ကခုန်တာရဲ့ အဓိကရည်ရွယ်ချက်က တေးသီချင်းသံနဲ့အတူ စည်းချက်ညီညီ လိုက်ပါကခုန်ဖို့ပဲ ဖြစ်ပါတယ်။ ကခုန်တာကြောင့် သက်လုံကောင်းကာ အဆီပိုတွေ လျော့ကျစေပြီး ကြံ့ခိုင်သန်စွမ်းမှုရှိစေပါတယ်။


ဘောလုံးကန်ခြင်း

အသင်းလိုက်ကစားရတဲ့ လေ့ကျင့်ခန်းပါ။ ဒီအားကစားမှာ လမ်းလျှောက်တာ၊ ပြေးတာ၊ မတ်တပ်ရပ်တာ၊ ခုန်ပေါက်လှုပ်ရှားတာစတဲ့ လှုပ်ရှားမှုမျိုးစုံပါဝင်ပါတယ်။ ဘောလုံးကန်ချိန် မိနစ် ၉၀ကြာသွားတာနဲ့ တစ်နေ့တာအတွက် လုံလောက်တဲ့ ကြံ့ခိုင်သန်စွမ်းမှုကို ရရှိစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top