Healthy Life Ad
Health Tips

ခေါင်းတစ်ခြမ်းကိုက်ခြင်း အမြန်သက်သာစေမည့် သဘာဝအိမ်တွင်းကုထုံး ရှစ်သွယ်

– မီမိုးမေ (ဆေးဝါးတက္ကသိုလ်)

ခေါင်းတစ်ခြမ်းကိုက်တယ်ဆိုတာ အဖြစ်များတဲ့ ဦးနှောက်အာရုံကြောဆိုင်ရာ ဝေဒနာပါ။ ခေါင်းတစ်ခြမ်းကိုက်တဲ့အခါ အမြန်ဆုံးသက်သာရာရစေဖို့ လိုက်နာသင့်တဲ့ သဘာဝ အိမ်တွင်းကုထုံးတွေ ရှိပါတယ်။


(၁) ရေခဲကပ်ခြင်း

ရေခဲဆိုတာ ရောင်ရမ်းမှုလျော့ကျစေတဲ့အရာလို့ ဟားဗတ်ဆေးကျောင်းလေ့လာမှုအရ သိရပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ ခံစားရတဲ့အခါ နဖူး၊ ဦးခေါင်း၊ လည်ပင်းတွေမှာ ရေခဲအိတ်ကပ်ပေးရင် ချက်ချင်းသက်သာစေပါတယ်။ ရေခဲအိတ်မရှိရင် ရေအေးစွတ်ထားတဲ့ ပိတ်စကို အစားထိုးသုံးပါ။


(၂) လာဗန်ဒါဆီ

ခေါင်းတစ်ခြမ်းကိုက်ချိန်အတွင်း လာဗန်ဒါဆီရနံ့ရှူရှိုက်သူတွေက အာနိသင်မရှိတဲ့အဆီတစ်မျိုး ရှူရှိုက်သူတွေထက် ဝေဒနာမြန်မြန်သက်သာစေတယ်လို့ လေ့လာမှုအရ သိရပါတယ်။ အနည်းဆုံး ၁၅မိနစ်ကြာ ရှူရှိုက်နိုင်ပါတယ်။


(၃) ပက်ပါးမင့်ဆီ (ပူဒီနာဆီ)

နားထင်နဲ့ လည်ကုပ်နေရာမှာ ပူဒီနာဆီ(ပူစီနံဆီ) သုတ်လိမ်းပေးရင် ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ သက်သာစေပါတယ်။ ဒါတင်မက ပျို့ချင်အန်ချင်စိတ်ပေါ်တာနဲ့ ပူပင်သောကများတာကိုလည်း သက်သာစေပါတယ်။


(၄) ယောဂကျင့်ခြင်း

ယောဂကျင့်တာက ပြင်းထန်တဲ့ ရောဂါဝေဒနာတွေကို သက်သာစေပါတယ်။ ယောဂကျင့်တာက ဘေးထွက်ဆိုးကျိုးကင်းတဲ့ ကုထုံးဖြစ်တာကြောင့် တံတားပုံစံကျင့်စဉ်၊ ကလေးအနေအထားကျင့်စဉ်၊ ကြောင်ဆွဲဆန့်တဲ့ အနေအထားကျင့်စဉ် စတာတွေကို ကျင့်ပေးသင့်ပါတယ်။


(၅) အနှိပ်ခံကုထုံး

ခေါင်းတစ်ခြမ်းကိုက်လူနာတွေကို လေ့လာမှုတစ်ခုအရ အနှိပ်ခံကုထုံးသုံးတာကြောင့် ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ သက်သာစေပြီး အိပ်ရေးဝ၀ အိပ်မောကျစေတယ်လို့ သိရပါတယ်။


(၆) ချင်း (ဂျင်း)

ချင်းမှာ ကျန်းမာရေးကောင်းကျိုးများစွာရှိတဲ့အတွက် အသုံးများပါတယ်။ ချင်း(ဂျင်း)မှုန့်က ခေါင်းတစ်ခြမ်းကိုက်ရောဂါပြင်းအားနဲ့ ခံစားရတဲ့ သက်တမ်းကို လျော့ကျစေပါတယ်။ ချင်း ရေနွေးကြမ်းမှာ ရောင်ရမ်းမှုကျစေတဲ့အစွမ်းရှိတာကြောင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါသက်သာစေပါတယ်။


(၇) မဂ္ဂနီဆီယမ်ပါသည့် အာဟာရ

မဂ္ဂနီဆီယမ်ချို့တဲ့တာက ခေါင်းကိုက်တာနဲ့ ခေါင်းတစ်ခြမ်းကိုက်တာတွေကို ဖြစ်စေနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ကို ပုံမှန်မှီဝဲတာကြောင့် ခေါင်းတစ်ခြမ်းကိုက်တဲ့ ဝေဒနာဖြစ်နှုန်းကို ၄၁ ဒသမ ၆ ရာခိုင်နှုန်း လျော့ကျစေတယ်လို့ လေ့လာမှုအရသိရပါတယ်။ မဂ္ဂနီဆီယမ်ပါဝင်တဲ့ အစာတွေက အယ်လ်မွန်သစ်စေ့၊ နှမ်းစေ့၊ နေကြာစေ့၊ မြေပဲထောပတ်၊ အုတ်ဂျုံကွေကာ၊ ဥအမျိုးမျိုး၊ နွားနို့စတာတွေ ဖြစ်ပါတယ်။


(၈) ဖိနှိပ်ကုထုံး

ယောဂလိုပဲ ဖိနှိပ်ကုထုံးကလည်း ခေါင်းတစ်ခြမ်းကိုက်ရောဂါ သက်သာစေပါတယ်။ ပုံမှာပြထားတဲ့အတိုင်း နှိပ်နယ်ပေးတာကြောင့် နာတာရှည်ခေါင်းကိုက်တဲ့အတွက် ခံစားရတဲ့နာကျင်မှုကို သက်သာစေတဲ့အပြင် ခေါင်းတစ်ခြမ်းကိုက်တာနဲ့တွဲဖြစ်တဲ့ ပျို့ချင်အန်ချင်စိတ်ပေါ်တာကိုပါ လျော့ပါးစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top