Healthy Life Ad
Life Style

“အတ္တစိတ်ကို ချေးငှားပေးပါ”

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

မိမိကိုယ်မိမိယုံကြည်မှုနည်းပါးခြင်း (Low Self Esteem)ကို တိုက်ဖျက်နိုင်တဲ့ စိတ်ကုထုံးနည်းပရိ ယာယ်တွေကို သူနာပြုအေမီနဲ့ ဆက်လက်ဆွေးနွေးနေပါတယ်။

အမေရိကန်နိုင်ငံ မူးယစ်ဆေးအလွဲသုံးစွဲမှုနဲ့ စိတ်ကျန်းမာရေးဝန်ဆောင်ဋ္ဌာန (SAMHSA)က ထုတ်ပြန်ထားတဲ့ စိတ်ကုထုံးနည်းတစ်ခုရှိပါတယ်။ အဲဒီနည်းပရိယာယ်က မိမိအစွမ်းအစတွေ၊ အားသာချက်တွေ၊ အောင်မြင်မှုတွေကို စဉ်းစားဆင်ခြင်တွေးတောပြီး စာရွက်ပေါ်မှာ ရေးမှတ်စေတာ ဖြစ်ပါတယ်။

“အဲဒီလိုစာရွက်ပေါ်မှာ ရေးမှတ်လိုက်ရုံနဲ့ ဘယ်လိုအကျိုးရှိမှာလဲ”လို့ သူနာပြုအေမီက စောဒကတက်ပါတယ်။

“သဲသဲကွဲကွဲ စာရွက်ပေါ်မှာ ရေးချလိုက်တာကြောင့် လူနာက သူ့အကြောင်းကို သူကိုယ်တိုင် ပိုမိုသိရှိနားလည်လာနိုင်ပါတယ်။ အရင်တုန်းက ဂရုမမူလို့ မမြင်မိတဲ့ မိမိရဲ့ “ကောင်းကွက်”တွေကို တွေ့ရှိလာနိုင်ပါတယ်။ အဲဒီအချက်ကိုက ကုသမှုအာနိသင်ရှိပါတယ်”

“ရှေ့ဆက်ပြီး ဘာလုပ်ရမလဲ”

“အေမီရဲ့ လူနာကို နေ့စဉ် လေ့ကျင့်ခန်းတစ်ခု ပြုလုပ်ခိုင်းရမယ်။ တစ်နေ့မှာ တစ်ကြိမ် မိမိရဲ့ကောင်းကွက်တွေကို အကြိမ်ကြိမ်ဖတ်ခိုင်းပါ။ အကြိမ်ကြိမ် ပြန်လည်ရေးသားခိုင်းပါ၊ အနည်းဆုံး ၁၅ မိနစ်လောက် အချိန်ပေးရမယ်။ အဲဒီလိုလေ့ကျင့်ရင် မိမိရဲ့ကောင်းကွက်တွေကို လူနာက ယုံကြည်လက်ခံလာလိမ့်မယ်။ မိမိကိုယ်မိမိ တန်ဖိုးထားတဲ့စိတ် တိုးပွားလာနိုင်ပါတယ်”

“ဦးနှောက်ဆေးကြောအယုံသွင်းတဲ့ Brain Wash သဘောလား”

“ပြောလို့ရပါတယ်။ သိမ်ငယ်စိတ်လျော့နည်းအောင် ဆောင်ရွက်နိုင်တဲ့ နောက်ထပ်နည်းတစ်ခု ရှိသေးတယ်။ “မိမိကိုယ်မိမိ ဂုဏ်ပြုချီးကျူးမှတ်တမ်းစာအုပ်” (Celebratory Scrapbook) ထားရှိတာဖြစ်ပါတယ်။ အဲဒီစာအုပ်ထဲမှာ မိမိဘဝတစ်လျှောက် အောင်မြင်မှုရရှိခဲ့တာကို ရေးမှတ်ရမယ်။ အကြိမ်ကြိမ် ပြန်လည်ဖတ်ရှုကြည့်ရမယ်။ မိမိအောင်မြင်မှု အထိမ်းအမှတ်ဓာတ်ပုံ၊ အောင်လက်မှတ်၊ ဆုတံဆိပ်တွေကို မြင်သာတဲ့နေရာမှာ သီးသန့်ထားနိုင်တယ်”

“အဲဒီလိုလုပ်ရင် ဘာအကျိုးရှိသလဲ”

“မိမိကိုယ်မိမိ တန်ဖိုးထားချင်တဲ့စိတ် ပွားများလာနိုင်ပါတယ်။ နောက်တစ်နည်း ရှိသေးတယ်။ “အပြန်အလှန် ချီးကျူးစကားပြော လေ့ကျင့်ခန်း” (Mutual Complimenting Exercise)လို့ ခေါ်ပါတယ်”

“ဘယ်လိုလုပ်ရမလဲ ဒေါက်တာ”

“ဂျေဘီကို လေ့ကျင့်ပေးနိုင်တယ်။ ဂျေဘီနဲ့ အေးအေးဆေးဆေးထိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ချီးကျူးစကားပြောရမယ်။ ၁၀ မိနစ်လောက် အချိန်ယူလေ့ကျင့်ပါ”

“မြှောက်ပင့်ပြောရမှာလား”

“မဟုတ်ပါဘူး။ ဂျေဘီမှာ အမှန်တကယ်ရှိတဲ့ အစွမ်းအစတွေ၊ အားသာချက်တွေ၊ နှစ်ခြိုက်စရာ အပြုအမူတွေ၊ အောင်မြင်မှုတွေကို အေမီမြင်သလို ချီးကျူးစကားပြောတာဖြစ်ပါတယ်။ ပြီးရင် ဂျေဘီရဲ့ အလှည့်။ အေမီရဲ့ ကောင်းကွက်တွေကို ဂျေဘီက စဉ်းစားပြီး ချီးကျူးစကား ထုတ်ဖော်ပြောဆိုခိုင်းရမယ်။ အဲဒီလိုလေ့ကျင့်နေတဲ့အချိန်မှာ သာယာကျေနပ်နှစ်ခြိုက်မှုကို ခံစားရလိမ့်မယ်”

မိမိကိုယ်မိမိ ယုံကြည်မှုနည်းပါးသူက မိမိကို ချီးကျူးတာခံရရင် ဂုဏ်မယူတတ်ပါဘူး။ တခြားသူကိုလည်း ချီးကျူးစကားပြောရမှာ ဝန်လေးတယ်၊ နောက်ပြီး မိမိရဲ့ ကောင်းကွက်တွေကိုလည်း မိမိဘာသာ မမြင်တတ်ဘူးမဟုတ်လား။ ‘အပြန်အလှန် ချီးကျူးစကားပြောလေ့ကျင့်ခန်း’က အဲဒီချို့ယွင်းချက်တွေကို လျော့နည်းစေပါတယ်

“အဲဒီလေ့ကျင့်ခန်းက ဘယ်လိုအကျိုးသက်ရောက်သလဲ”

“မိမိကိုယ်မိမိ ယုံကြည်မှုနည်းပါးသူက မိမိကို ချီးကျူးတာခံရရင် ဂုဏ်မယူတတ်ပါဘူး။ တခြားသူကိုလည်း ချီးကျူးစကားပြောရမှာ ဝန်လေးတယ်၊ နောက်ပြီး မိမိရဲ့ ကောင်းကွက်တွေကိုလည်း မိမိဘာသာ မမြင်တတ်ဘူးမဟုတ်လား။ “အပြန်အလှန် ချီးကျူးစကားပြောလေ့ကျင့်ခန်း”က အဲဒီချို့ယွင်းချက်တွေကို လျော့နည်းစေပါတယ်”

စာရေးသူက ဆက်လက်ဆွေးနွေးပါတယ်။

“စိတ်ရောဂါ ခံစားနေရသူတိုင်းလိုလိုမှာ တွေ့ရှိရတဲ့ အားနည်းချက်တစ်ခုရှိသေးတယ်။ မျှော်လင့်ချက်ကုန်ဆုံးနေပြီလို့ ထင်မြင်ယူဆတာ ဖြစ်ပါတယ်”

အေမီက ထောက်ခံပြောကြားတယ်။

“ဂျေဘီမှာလည်း အဲဒီလိုအတွေးတွေရှိတယ် ဒေါက်တာ။ ဒါကြောင့် ကျွန်မသူ့ကို မကြာခဏ အားပေးစကား ပြောနေရတယ်”

“အနာဂတ်မှာ မျှော်လင့်ချက်မရှိတော့ဘူးလို့ ထင်မြင်ယူဆစေတဲ့ အကြောင်းရင်းအမျိုးမျိုးရှိနိုင်တယ်။ တချို့လူနာတွေက စိတ်ရောဂါမဖြစ်ပွားခင်ကတည်းက အဆိုးမြင်ဝါဒရှိသူမျိုးဖြစ်တယ်။ တချို့ကတော့ စိတ်ရောဂါကြောင့် ထပ်ဆင့်ရင်ဆိုင်လာရတဲ့ အခက်အခဲ ပြဿနာတွေကို မကျော်လွှားနိုင်တော့ဘူးလို့ ခံယူပြီး စိတ်ဓာတ်ကျလာတာ ဖြစ်ပါတယ်”

သူနာပြုအေမီက ဖြည့်စွက်ပြောပါတယ်။

“စိတ်ကျရောဂါရှိရင်လည်း မျှော်လင့်ချက်ကုန်ဆုံးစိတ် ဖြစ်ပေါ်တတ်တယ် မဟုတ်လား”

“ဟုတ်ပါတယ် အေမီ၊ စိတ်ကျရောဂါနဲ့ အနာဂတ်မှာ မျှော်လင့်ချက်မရှိဘူးလို့ ယုံကြည်မှုက တစ်ခုနဲ့တစ်ခု အပြန်အလှန်သက်ရောက်မှုရှိနေပါတယ်။ ဒါပေမဲ့ ဂျေဘီခံစားနေရတဲ့ မျှော်လင့်ချက်ကုန်ဆုံးစိတ်ကတော့ သူ့ဘဝအခြေအနေကြောင့် ဖြစ်နိုင်ပါတယ်”

“အဲဒီတော့ . . .”

“အေမီကူညီနိုင်တဲ့ နည်းလမ်းအမျိုးမျိုးရှိတယ်။ (က) ဂျေဘီရင်ဆိုင်နေရတဲ့ အခက်အခဲပြဿနာတွေကို စာရင်းကောက်ယူရမယ်။ ဖြေရှင်းဖို့ လိုအပ်တဲ့ ပြဿနာတွေကိုကူညီဖြေရှင်းပေးရမယ်။ သူ့မိဘဆွေမျိုးတွေနဲ့ တိုင်ပင်ပြီး လက်တွေ့အကူအညီပေးရမယ်။

(ခ) ဂျေဘီကို လက်ဝါးဖြန့်ခိုင်းပြီး အကူအညီပေးတာမျိုး မဟုတ်ဘူး။ ဂျေဘီကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်အောင် ကူညီအားပေးတာ ဖြစ်ပါတယ်။ ချိုင်းထောက်ဝယ်ပေးသလိုပေါ့။ ဒါပေမဲ့ ဂျေဘီကိုယ်တိုင် ချိုင်းထောက်နဲ့ လမ်းလျှောက်နိုင်အောင်လေ့ကျင့်ဖို့ အားပေးတိုက်တွန်းရမယ်။

(ဂ) “မျှော်လင့်ချက် ကုန်ဆုံးသလို ခံစားရသူရဲ့ စိတ်နေသဘောထားခံယူချက်ကို ပြောင်းလဲပေးနိုင်တယ်။ စိတ်ကူးယဉ်အိပ်မက်ကို ရည်မှန်းချက်ပန်းတိုင်လို့ သတ်မှတ်ထားရင် လိုရာခရီးကို ရောက်မှာမဟုတ်ဘူး။ ကျီးကန်းက ဘဲငန်းဖြစ်ချင်တဲ့ ဆန္ဒရှိနေရင် မျှော်လင့်ချက် မရှိဘူးပေါ့”

“တရားချရမယ်လို့ ပြောတာလား”

“ရည်ရွယ်ချက် မထားရဘူးလို့ ပြောတာမဟုတ်ပါဘူး။ ဖြစ်သမျှအကြောင်းကို လှိမ့်ခံနေရမယ်လို့ ဆိုလိုတာလည်း မဟုတ်ဘူး။ ဒီနေ့ဒီအချိန်မှာ ပြုလုပ်သင့်၊ ပြုလုပ်ထိုက်၊ ပြုလုပ်နိုင်တဲ့ ကိစ္စကိုသာ အောင်အောင်မြင်မြင် ဆောက်ရွက်ဖို့ ညွှန်ကြားပေးတာ ဖြစ်ပါတယ်။

(ဃ) ကူညီအားပေးစိတ်ကုထုံးမှာ အသုံးပြုတဲ့ နည်းပရိယာယ်တစ်ခု ရှိသေးတယ်။ “အတ္တစိတ်ကို ချေးငှားပေးခြင်း” (Ego Lending) လို့ ခေါ်ပါတယ်”
သူနာပြုအေမီက ဘဝင်မကျတဲ့ အမူအရာနဲ့ မေးမြန်းတယ်။

“အတ္တစိတ် (Ego)ဆိုတာ မိမိအတွက်ကိုသာ သိတတ်၊ ကြည့်တတ်တဲ့ စိတ်မဟုတ်ဘူးလား။ လူနာကို တစ်ကိုယ်ကောင်းဆန်ဖို့ တိုက်တွန်းရမှာလား”

“အဲဒီလို မဟုတ်ပါဘူး အေမီ။ စိတ်ကျန်းမာရေးဆေးပညာမှာ “အတ္တစိတ်” (Ego)ဆိုတာ “အသိစိတ်” တစ်မျိုးကို ပြောတာပါ။ အတ္တစိတ်က ပတ်ဝန်းကျင်နဲ့ ညှိနှိုင်းနေထိုင်နိုင်ဖို့ ဆောင်ရွက်ပေးပါတယ်။ “မသိစိတ်”က လှုံ့ဆော်တောင့်တနေတဲ့ ဆန္ဒဇောတွေကိုလည်း ထိန်းချုပ်ပေးပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် “အတ္တစိတ်”ဆိုတာ လူတစ်ယောက်ရဲ့ စိတ်ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ စိတ်စွမ်းအင်ဖြစ်ပါတယ်။ စိတ်ရောဂါလူနာမှာ အဲဒီလိုရင့်ကျက်တဲ့ အတ္တစိတ်ချို့ ယွင်းနေတတ်တယ်။ ဒါကြောင့် ပတ်ဝန်းကျင်က လူတွေက ကောင်းမွန်တဲ့ “အတ္တစိတ်”ကို ချေးငှားပေးရမယ်လို့ ပြောတာပါ”

အေမီက မဲ့ပြုံးပြုံးပြီး ပြောတယ်။

“ဟင် . . အတ္တစိတ်ဆိုတာ ရုပ်ဝတ္ထုပစ္စည်းမှ မဟုတ်တာ။ ချေးငှားပေးလို့ ရပါ့မလား”

“သဘောကို ပြောတာပါ။ ကုသသူပညာရှင်မှာ ရှိနေတဲ့ အရည်အချင်းကောင်းတွေကို နမူနာပြပြီး လူနာရဲ့ စိတ်ကျန်းမာရေးအတွက် အသုံးပြုတတ်အောင် သင်ကြားပေးတာပါ။ အခက်အခဲပြဿနာကို ကျော်လွှားပြီး အောင်မြင်မှုကို ဆွတ်ခူးနိုင်တဲ့ ပုဂ္ဂိုလ်တွေကိုသက်သေထူပြီး အားပေးနိုင်ပါတယ်။ ဂျေဘီလို ရောဂါခံစားနေရသူတွေ ရောဂါသက်သာပျောက်ကင်းသွားတဲ့ သာဓကရှိကြောင်း ညွှန်ပြနိုင်ပါတယ်။ မျှော်လင့်ချက်ကုန်ဆုံးနေတဲ့ စိတ်ဓာတ်ကို ရှုထောင့်တစ်မျိုးကနေပြီး ဆင်ခြင်စဉ်းစားပြုပြင်တတ်အောင် သင်ကြားပေးတာဖြစ်ပါတယ်”

ကူညီအားပေး စိတ်ကုထုံးမှာအသုံးပြုတဲ့ နည်းပရိယာယ်တွေကိုဆွေးနွေးတင်ပြပြီးပါပြီ။ (Healthy Life ဂျာနယ် အတွဲ ၁၄၈၊ ၁၄၉၊ ၁၅၀)

“ကျေးဇူးတင်ပါတယ် ဒေါက်တာ၊ ကျွန်မသိချင်တဲ့ တခြားစိတ်ကုထုံးကုနည်းတွေ ရှိသေးတယ်”

“ကြုံတဲ့အခါ ဆွေးနွေးကြတာပေါ့”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top