Healthy Life Ad
Life Style

ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့်ဖြစ်တတ်သည့် ကျန်းမာရေးပြဿနာများ

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း-တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း
မေး ။ ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ဘယ်လို ကျန်းမာရေးပြဿနာတွေ ဖြစ်တတ်ပါသလဲ ဆရာ။

ဖြေ ။ ပတ်ဝန်းကျင်ညစ်ညမ်းတယ်ဆိုရင် လူတချို့က ညစ်ပတ်တဲ့အခြေအနေကိုပဲထင်ကြတယ်။ တကယ်တော့ ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ပတ်သက်ပြီး အချက်အလက်အတော်များများ ပါဝင်ပါတယ်။ ရေထုညစ်ညမ်းခြင်း၊ မြေထုညစ်ညမ်းခြင်း၊ အသံဆူညံခြင်းတို့ ပါဝင်ပါတယ်။ ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ ပတ်သက်ပြီး ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာတွေအကြောင်း သုတေသနစာတမ်း တော်တော်များများမှာလည်း ထောက်ပြလာကြပြီ။ ဒါကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုမဖြစ်အောင် လူအားလုံးက ကိုယ့်အိမ်၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်အိမ်နောက်ဖေး လမ်းကြားစသဖြင့် တာဝန်သိသိနဲ့ ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ပတ်ဝန်းကျင်ညစ်ညမ်းရင် ဥပမာအားဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ ရင်ကျပ်ရောဂါ၊ နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အရေပြားရောဂါ စတာတွေနဲ့ ဆက်စပ်မှု ရှိနေပါတယ်။

မေး ။ ပတ်ဝန်းကျင်ညစ်ညမ်းမှုမှာ ဘယ်လိုအခြေအနေတွေပါဝင်ပါသလဲ ဆရာ။

ဖြေ ။ ပတ်ဝန်းကျင်ညစ်ညမ်းမှုမှာ လေထုညစ်ညမ်းမှု လည်းပါဝင်တယ်။ မရှူသင့်တဲ့ အခိုးအငွေ့တွေ၊ ကားမီးခိုးအငွေ့တွေ၊ စက်ရုံကထွက်တဲ့ အခိုးအငွေ့တွေပါ။ အမှိုက်တွေပစ်တာ၊ ဆောက်လုပ်ရေးပစ္စည်းတွေစွန့်ပစ်တာစတာတွေကလည်း လေထုညစ်ညမ်းမှုဖြစ်ပြီး အသက်ရှူလမ်းကြောင်းရောဂါ၊ အဆုတ်ရောဂါ စတာတွေဖြစ်စေပါတယ်။ ပြီးတော့ စိုက်ပျိုးရေးပိုးသတ်ဆေးတွေကို အလွန်အမင်းသုံးစွဲတာ၊ လူနေထူထပ်တာ စတာတွေကလည်း ညစ်ညမ်းမှု ဖြစ်စေပါတယ်။ ရေထုညစ်ညမ်းမှုလည်း ရှိသေးတယ်။ ဥပမာ ပြောရရင် တစ်ခုခု စွန့်ပစ်လိုက်ရင် မြောင်းထဲ၊ မြောင်းက ချောင်းထဲ၊ ချောင်းကနေမြစ်ထဲစီးတယ်။ အဲဒါကို မသိဘဲ မြစ်ရေကို သောက်သုံးနေရင်ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ နောက်တစ်ခုက ဆူညံသံ(Noise Pollution)တွေကြောင့် ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ ကားထူထပ်လာလို့ ကားသံတွေ၊ စက်ရုံအလုပ်ရုံက အသံတွေ၊ အိမ်တစ်အိမ်ချင်းဆီက အသံတွေ၊ လော်စပီကာသံတွေကလည်း အသံကြောင့်ဖြစ်တဲ့ ညစ်ညမ်းမှုထဲပါဝင်ပါ တယ်။ ဒါတစ်ခုချင်းပေါ် မူတည်ပြီး ကျန်းမာရေးပြဿနာတွေဖြစ်တတ်ပါတယ်။

မေး ။ ဒီလိုပတ်ဝန်းကျင်ညစ်ညမ်းမှုတွေ မဖြစ်အောင် လူတိုင်းက ဘယ်လိုမျိုး နေထိုင်သင့်ပါသလဲ ဆရာ။

ဖြေ ။ မြေပြင်ညစ်ညမ်းမှုမဖြစ်အောင် အမှိုက်ကိုအမှိုက်ပုံးထဲ စနစ်တကျပစ်ဖို့ လိုပါတယ်။

ကွမ်းတံတွေး၊ တံတွေးထွေးတဲ့အခါ တွေ့ကရာမှာ မထွေးသင့်ပါဘူး။တိုက်ခန်းတွေ လှေကားမှာ ကွမ်းတံတွေးတွေ ထွေးထားတာ၊ သေးပေါက်ထားတာ၊ အမှိုက်တွေ ပစ်ထားတာ စသဖြင့် မလုပ်သင့်ပါဘူး။ ဒါတွေမြင်ရင်လည်း “ငါနဲ့မဆိုင်ဘူး”ဆိုပြီး နေလို့မရပါဘူး။ “ငါနဲ့မဆိုင်ဘူး”လို့နေရင်း၊ နေရင်း အဲဒီကထွက်လာတဲ့ ညစ်ညမ်းမှုဒဏ်ကို လူတိုင်းခံရတာပါ။

မေး ။ အိမ်တွင်းညစ်ညမ်းမှုကြောင့် ဘယ်လို ထိခိုက်စေနိုင်ပါသလဲ ဆရာ။

ဖြေ ။ လေထုညစ်ညမ်းမှုမှာ အိမ်တွင်းညစ်ညမ်းမှုနဲ့ အိမ်ပြင်ပညစ်ညမ်းမှုဆိုပြီး နှစ်ပိုင်းရှိပါတယ်။ အိမ်တွင်းညစ်ညမ်းမှုဆိုရင် အိပ်ရာမသန့်တာတွေ၊ ထမင်းချက်တာ၊ စပရေးဖျန်းတာ၊ လိုက်ကာမှာ ကပ်နေတဲ့ အမှုန်အမွှားတွေ စတာတွေကလည်း ကြောက်ဖို့ ကောင်းပါတယ်။ တချို့ကျန်းမာရေးစစ်တမ်းတွေရဲ့ သုံးသပ်ချက်အရ အိမ်တွင်းလေထုညစ်ညမ်းမှုကြောင့်ဖြစ်တဲ့ ရောဂါဖြစ်ပွားမှုကများတယ်လို့ သိရပါတယ်။ အိမ်ပြင်ပညစ်ညမ်းမှုကတော့ ကား ၊ စက်မှုဇုံက ထွက်လာတဲ့ မီးခိုးတွေပါဝင်ပါတယ်။ ဒါတွေကြောင့်လည်း ကျန်းမာရေးပြဿနာတွေဖြစ်တတ်ပါတယ်။

ညစ်ညမ်းမှုကြောင့် အထိခိုက်အများဆုံးကတော့ အသက်ကြီးသူတွေ၊ ကလေးငယ်တွေနဲ့ ကိုယ်ခံအားနည်းတဲ့သူတွေ ဖြစ်ပါတယ်။ ဆီးချိုရောဂါလို နာတာရှည်ရောဂါဖြစ်သူတွေကလည်း ညစ်ညမ်းမှု ကြောင့် ကျန်းမာရေးပိုမိုဆိုးရွားနိုင်ပါတယ်။ လေမသန့်တာကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ နှလုံးသွေးကြောကျဉ်းတာ၊ ကင်ဆာ၊ ကလေးမရနိုင်တာ၊ ကလေးတွေ မဖွံ့ဖြိုးတာ . . ဒါတွေကတောင် ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ဆက်စပ်တယ်လို့သိရပါတယ်။ ရေမသန့်လို့ အရေပြားရောဂါတွေ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်တတ်ပါတယ်။

မေး ။ ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာတွေနဲ့ ပတ်သက်ပြီး အများပြည်သူကို ပညာပေးလိုတာရှိရင် သိပါရစေ ဆရာ။

ဖြေ ။ လူတိုင်းမှာ တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိမှုဆိုတာ ရှိဖို့ လိုပါတယ်။ လူတိုင်းက ကိုယ်တစ်ကိုယ်စာ အမှိုက်၊ ကွမ်းတံတွေး၊ တံတွေး စတာတွေကို ကိုယ့်ဘာသာ စနစ်တကျ စွန့်ပစ်တာ၊ သိမ်းဆည်းတာတွေ လုပ်ဖို့ လိုအပ်ပါတယ်။ စက်ရုံ၊ အလုပ်ရုံက ထွက်တဲ့ မီးခိုးငွေ့တွေ ထွက်နှုန်း လျှော့ချဖို့ နိုင်ငံတော်က စီမံပေးသင့်ပါတယ်။ ပညာပေးတွေ ဘယ်လောက် လုပ်လုပ်၊ တစ်ယောက်ချင်းစီက လိုက်နာပြီး ကိုယ့်မိသားစု၊ ကိုယ့်သားသမီးအားလုံး သေချာ လိုက်နာတယ်ဆိုမှသာ ဒီပြဿနာကင်းရှင်းသွားမှာဖြစ်ပါတယ်။ အစိုးရ၊ ပြည်သူနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ရင် ပတ်ဝန်းကျင်ညစ်ညမ်းမှုက သိသိသာသာလျော့ကျသွားမယ်လို့ မျှော်လင့်မိပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top