Healthy Life Ad
Health Tips

သင့်ခန္ဓာကိုယ်က ကျေးဇူးတင်နေမှာဖြစ်တဲ့ ရေစိမ်ထိုင်ခြင်းနည်းလမ်း ၅ သွယ်

– လရိပ်မေ

ရေနွေးနွေးထဲမှာ တင်ပါးကိုစိမ်ပြီး ထိုင်တဲ့နည်းကို Sitz Bath လို့ ခေါ်ပါတယ်။ ရေစိမ်ကန် ဒါမှမဟုတ် ရေဇလုံကြီးကြီးတစ်ခုထဲမှာ ထိုင်လို့ရပါတယ်။ ဒီလိုရေစိမ်ပေးတာက ခန္ဓာကိုယ်အောက်ပိုင်း မသက်မသာဝေဒနာဖြစ်တာကို လျော့ကျစေသလို စအိုနဲ့ တင်ပါးရောင်ရမ်းတာ၊ နာကျင်တာနဲ့ စပ်ဖျဉ်းဖျဉ်းဖြစ်တာတို့ကို သက်သာစေပါတယ်။ သင့်အိမ်တွင်းမှာ ပြုလုပ်ပေးနိုင်ပြီး ကျန်းမာစေမယ့် ရေစိမ်ထိုင်နည်းတွေကို အကြံပြုပေးလိုက်ပါတယ်။


(၁) အခြေခံဆားရေသုံးပြီး ရေစိမ်ထိုင်နည်း

ဆားက ဘက်တီးရီးယားပိုးသေစေပြီး အနာကျက်စေတဲ့ အကောင်းဆုံး အိမ်တွင်းကုထုံးတစ်မျိုး ဖြစ်ပါတယ်။ ဆားရေစိမ်တဲ့နည်းက လိပ်ခေါင်းဖြစ်တာကနေ စအိုယားယံခြင်းဝေဒနာတွေအထိ သက်သာစေပါတယ်။

ပြုလုပ်နည်းက ဆားအကြမ်းပန်းကန်လုံးရဲ့ လေးပုံတစ်ပုံကို သင်စိမ်နိုင်လောက်တဲ့ ရေနွေးနွေးထဲမှာထည့်ပြီး အနည်းဆုံး မိနစ် ၃၀ ကြာ ထိုင်ပေးရမှာပါ။ ရေအေးသွားတဲ့အခါ ရေကိုလဲပေးလို့ရပါတယ်။ မိနစ် ၃၀ မထိုင်နိုင်ရင် ၁၅ မိနစ်ထက်တော့ ထိုင်ချိန်မနည်းသင့်ပါဘူး။ ၅ မိနစ်၊ ၁၀ မိနစ်ထိုင်ရုံနဲ့ နာကျင်မှုနဲ့ မသက်မသာဖြစ်မှုတွေ မသက်သာနိုင်ပါ။


(၂) ဆော်ဒါမှုန့်သုံးပြီး ရေစိမ်ထိုင်နည်း

ဆော်ဒါမှုန့်မှာ ဘက်တီးရီးယားပိုးသေစေတဲ့ အစွမ်းရှိတာကြောင့် ကူးစက်ပိုးဝင်ခြင်းကို လျော့ပါးစေပါတယ်။

ပြုလုပ်နည်းကတော့ ရေစိမ်ကန်ထဲမှာ ဆော်ဒါမှုန့် ထမင်းစားဇွန်း ၄ ဇွန်း-၅ဇွန်းခန့် ထည့်ပြီး သေချာပျော်ဝင်အောင်မွှေပေးပါ။ အနည်းဆုံး မိနစ် ၂၀ ခန့်ထိုင်ပေးရပါမယ်။


(၃) အဆီသုံးပြီး ရေစိမ်ထိုင်နည်း

အဆီသုံးပြီးရေစိမ်ထိုင်တာက အနာကျက်စေရုံသာမက အနံ့အသက်ကိုပါ သင်းပျံ့စေပါတယ်။ ရနံ့ကုထုံးသုံးပြီး ရေစိမ်ထိုင်တာက ရောဂါဝေဒနာတွေကို ကင်းစင်စေပါတယ်။

ပြုလုပ်နည်းကတော့ ဆားခါး အကြမ်းပန်းကန်လုံး ခွက်တစ်ဝက်၊ ဆော်ဒါမှုန့် ထမင်းစားဇွန်းနှစ်ဇွန်း၊ သံလွင်ဆီ ထမင်းစားဇွန်းတစ်ဇွန်း၊ လာဗန်ဒါဆီရှစ်စက်၊ ချမိုမိုင်းဆီ ရှစ်စက်တို့ကို ရေခပ်နွေးနွေးထဲထည့်ပါ။ ပြီးရင် ဆားနဲ့ ဆော်ဒါမှုန့်နည်းနည်း ထည့်မွှေပြီး ၁၅-၂၀ မိနစ်ခန့် ရေစိမ်ထိုင်ပေးပါ။


(၄) ဘလူးဘယ်ရီရွက်သုံးပြီး ရေစိမ်ထိုင်နည်း

ဘလူးဘယ်ရီရွက်ခြောက်တွေနဲ့ ရေစိမ်ထိုင်တာက ဆီးလမ်းကြောင်းပိုးဝင်တဲ့ ဝေဒနာနဲ့ လိပ်ခေါင်းကို သက်သာစေပါတယ်။ ဝမ်းပျက်ဝမ်းလျှောတာ၊ အစာအိမ်အူလမ်းကြောင်းနာကျင်တာတို့ကို သက်သာစေပါတယ်။

ပြုလုပ်နည်းကတော့ ဘလူးဘယ်ရီရွက်ခြောက် လက်ဖက်ရည်ဇွန်းနှစ်ဇွန်းကို ရေတစ်ဖန်ခွက်ထဲထည့်ကာ ပြုတ်ပေးပါ။ ပြီးမှ ချိုးရေနွေးနွေးထဲထည့်ပြီး မိနစ် ၂၀ ကြာစိမ်ပေးရမှာ ဖြစ်ပါတယ်။


(၅) ပန်းသီးရှလကာရည်သုံးပြီး ရေစိမ်ထိုင်နည်း

ပန်းသီးရှလကာရည်သုံးထားတဲ့ ချိုးရေမှာ ဘက်တီးရီးယားပိုးကင်းစင်စေတဲ့ သဘာဝအစွမ်းရှိပြီး ကျန်းမာရေးပြဿနာအများစုကို သက်သာစေပါတယ်။ ရေခပ်နွေးနွေးထဲမှာ ပန်းသီးရှလကာရည် အကြမ်းပန်းကန်လုံး ခွက်တစ်ဝက်ထည့်ပြီး စိမ်ပေးပါ။ အနည်းဆုံး ၁၅ မိနစ်ခန့် စိမ်ရပါမယ်။

ရေစိမ်ကန်ထဲစိမ်ရင်း ဒါမှမဟုတ် ဇလုံထဲစိမ်ရင်း တေးသီချင်းတစ်ပုဒ် နားဆင်ပေးပါ ဒါမှမဟုတ် စာအုပ်တစ်အုပ်ဖတ်ပေးပါ။ ကျန်းမာရေးအတွက် ကောင်းစေရုံသာမက စိတ်ကိုပါ အပန်းပြေစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top