Healthy Life Ad
Q & A

လက်စွယ်ငုပ်ခြင်း၊ ခြေစွယ်ငုပ်ခြင်း

ပါမောက္ခဦးနေဝင်း (အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး. လက်စွယ်ငုပ်ခြင်း၊ ခြေစွယ်ငုပ်ခြင်းက ဘာကြောင့်ဖြစ်ရပါသလဲ ဆရာ။

ဖြေ. အများအားဖြင့် ခြေစွယ်ငုပ်တာက အဖြစ်များတတ်ပါတယ်။ တစ်ခါတလေ လက်သည်းတွေမှာလည်း လက်စွယ်ငုပ်တာမျိုး ဖြစ်တတ်ပါတယ်။ လက်စွယ်ငုပ်တာနဲ့ ခြေစွယ်ငုပ်တာမျိုးမဖြစ်အောင် လက်သည်းနဲ့ ခြေသည်းတွေ ညှပ်တဲ့အခါ ဘေးအစွန်းကို အသားထဲရောက်အောင် မညှပ်သင့်ပါဘူး။ အဲဒီလိုညှပ်လိုက်ရင် လက်သည်း၊ ခြေသည်း ပြန်ရှည်ထွက်လာတဲ့အခါ အဲဒီလက်သည်း၊ ခြေသည်းက အရေပြားထဲ စိုက်ဝင်တတ်ပါတယ်။ အဲဒီအခါ အနာဖြစ်သွားတယ်..။ ပြီးရင် Infection (ကူးစက်ပိုး)ရသွားတတ်ပါတယ်။ ပြည်တွေတည်ပြီးဖြစ်တဲ့ ခြေချောင်း၊ လက်ချောင်းကြီးက ရောင်လာမယ်၊ နီလာမယ်.. နည်းနည်းလေး ထိမိတာနဲ့ အတော်နာတတ်ပါတယ်။ တော်တော်လေး ဒုက္ခပေးတတ်ပါတယ်။ လက်စွယ်ငုပ်တာ၊ ခြေစွယ်ငုပ်တာကို အင်္ဂလိပ်လိုတော့ Paronychia လို့ ခေါ်ပါတယ်။

လက်သည်း၊ ခြေသည်းညှပ်တဲ့အခါ လက်သည်း၊ ခြေသည်းက အပြင်ကိုနည်းနည်းထွက်နေပါစေ၊ လက်သည်း၊ ခြေသည်းတွေကို တုံးတိနေအောင် မညှပ်ပါနဲ့၊ လက်သည်း၊ ခြေသည်းအစွန်းကို နည်းနည်းထွက်နေပါစေ။ အရေပြားထဲ ငုပ်မနေပါစေနဲ့ . . .

မေး. ဘယ်လိုလူတွေက လက်စွယ်/ခြေစွယ်ငုပ်တာ အဖြစ်များတတ်ပါသလဲ ဆရာ။

ဖြေ. လက်စွယ်ငုပ်တာနဲ့ ခြေစွယ်ငုပ်တာ အဖြစ်များတဲ့သူတွေရဲ့လက်သည်း၊ ခြေသည်းက အများအားဖြင့် ပုံမမှန်ဘဲကုပ်နေတတ်ပါတယ်။ အဲဒီလိုကုပ်နေရင် ခြေစွယ်ငုပ်ဖို့၊ လက်စွယ်ငုပ်ဖို့ အခွင့်အလမ်းပိုများပါတယ်။ လက်သည်း၊ ခြေသည်းကကုပ်ပြီး လက်စွယ်၊ ခြေစွယ်ပေါ်လာတဲ့အခါ လက်သည်း၊ ခြေသည်းကို ဟိုဖြတ်၊ ဒီဖြတ်လုပ်ရာက Infection ပိုဝင်ပြီး ပြည်တည်လာတတ်ပါတယ်။ ဒါကြောင့် ကာကွယ်မှုအနေနဲ့ လက်သည်း၊ ခြေသည်းညှပ်တဲ့အခါ လက်သည်း၊ ခြေသည်းက အပြင်ကို နည်းနည်းထွက်နေပါစေ၊ လက်သည်း၊ ခြေသည်းတွေကို တုံးတိနေအောင် မညှပ်ပါနဲ့၊ လက်သည်း၊ ခြေသည်းအစွန်းကို နည်းနည်းထွက်နေပါစေ။ အရေပြားထဲ ငုပ်မနေပါစေနဲ့လို့ အကြံပေးကြပါတယ်။

မေး. လက်စွယ်ငုပ်တာ၊ ခြေစွယ်ငုပ်တာတွေကို ဘယ်အချိန်မှာ ကုသမှုခံယူသင့်ပါသလဲ ဆရာ။

ဖြေ. တကယ်လို့ လက်စွယ်ငုပ်တာ၊ ခြေစွယ်ငုပ်တာတွေဖြစ်ပြီး အရေပြားက ရောင်လာတယ်၊ နီလာတယ်၊ ပြည်တည်လာတယ်၊ သိပ်နာလာတယ်ဆိုရင်တော့ ငုပ်နေတဲ့လက်သည်း၊ ခြေသည်းနေရာကို ထုံဆေးပေးပြီး ဖြုတ်ထုတ်ပေးရပါတယ်။ ပြီးရင် ပြည်တွေစင်သွားအောင် လုပ်ပေးရပါတယ်။ အများအားဖြင့် ဒီလိုလုပ်ရုံနဲ့ သက်သာသွားတတ်ပါတယ်။ တချို့လူနာတွေကျတော့လည်း လက်စွယ်၊ ခြေစွယ်ငုပ်လိုက်၊ ဖြုတ်ထုတ်ပေးလိုက်၊ ပြန်ဖြစ်လိုက်.. ဒီလိုဖြစ်လိုက်၊ ပျောက်လိုက် သံသရာလည်နေတတ်ပါတယ်။ အဲဒီအခါကျရင် လက်သည်း၊ ခြေသည်းက ပြန်ထွက်နေရင် အဆင်မပြေဘူး။ ဖြစ်တဲ့ ခြေသည်း၊ လက်သည်းမှာပဲ ပြန်ပြန်ဖြစ်နေတာမျိုးပါ။ ဒါကြောင့် လက်သည်း၊ ခြေသည်းကို နောက်ထပ် ပြန်မထွက်အောင် Matrix Excision ဆိုတဲ့နည်းနဲ့ ကုပေးရပါတယ်။ လက်သည်း၊ ခြေသည်းထွက်တဲ့ နေရာအရင်းကို Matrix လို့ခေါ်ပါတယ်။ အဲဒီ Matrix ကို အရိုးအထိရောက်အောင် ဖြတ်ထုတ်ရပါတယ်။ ဒီလိုဖြတ်ထုတ်တဲ့အခါမှာ ခြေချောင်းကိုကော့တဲ့ အရွတ်ကိုမထိအောင် သေချာဂရုစိုက်ရပါတယ်။ အဲဒီအခါ အဲဒီနေရာက အသားမာတက်ပြီး အနာရွတ်လို ဖြစ်သွားပါတယ်။ ခြေသည်း၊ လက်သည်း မရှိတော့ပေမယ့်လည်း ဘာမှဒုက္ခမပေးပါဘူး။ ပုံမှန်အတိုင်း အဆင်ပြေပါတယ်။ ထိရင်လည်း လုံးဝမနာပါဘူး။

မေး. လက်စွယ်၊ ခြေစွယ် ငုပ်ခြင်းနဲ့ပတ်သက်ပြီး အများပြည်သူကို ပညာပေးလိုတာရှိရင် ပြောပြပေးပါ ဆရာ။

ဖြေ. လက်သည်း၊ ခြေသည်းက ပုံမမှန်ဘဲ ကုပ်နေတဲ့သူတွေမှာ အဖြစ်များပါတယ်။ လက်စွယ်၊ ခြေစွယ် ငုပ်တာက အဖြစ်များတဲ့ ပြဿနာလည်းဖြစ်ပြီး ဆရာတို့ဆီကို မကြာခဏ လာပြကြတဲ့ ပြဿနာလည်း ဖြစ်ပါတယ်။ ခြေမမှာ အဖြစ်များပြီး ဖြစ်ရင်လည်း အတော်နာပါတယ်။

လက်စွယ်ငုပ်တယ်၊ ခြေစွယ်ငုပ်တယ်၊ ပိုးဝင်ပြီး ပြည်တည်နေလို့ ဖြုတ်ထုတ်ဖို့ လိုတယ်ဆိုရင် ခွဲစိတ်ခန်းထဲမှာ ထုံဆေးပေးပြီး ဖြုတ်ထုတ်ပေးရပါတယ်။ ပြီးရင် Infection ရှိနေသေးတယ်ဆိုရင် သင့်တော်တဲ့ ပဋိဇီဝပိုးသတ်ဆေးကို ပေးရပါတယ်။ ဖြုတ်ထုတ်ပြီးရင်တော့ နာတာက အတော်သက်သာသွားတတ်ပါတယ်။ ဒါပေမဲ့ လုံးဝအနာကျက်သွားတဲ့အထိ ဆိုရင်တော့ နှစ်ပတ်လောက်စောင့်ဖို့ လိုပါတယ်။ ခြေစွယ်ငုပ်တာက ရှူးဖိနပ်စီးလို့ ဖြစ်တာမဟုတ်ပေမယ့် ခြေစွယ်ငုပ်နေချိန်မှာ ရှူးဖိနပ်စီးရင်တော့ ပိုနာတတ်ပါတယ်။ ဒါကြောင့် ခြေစွယ်ငုပ်နေချိန်မှာ ခြေညှပ်ဖိနပ်ကိုပဲ စီးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top