Healthy Life Ad
Life Style

မျက်ဝန်းအလှပြင်ခြင်းနှင့် မျက်စိကျန်းမာရေး

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး)
ပါမောက္ခ၊ ဌာနမှူး ရန်ကုန် မျက်စိဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. မျက်လုံးအတွက် အလှပြင်ပစ္စည်းတွေ သုံးတဲ့အခါ မျက်စိထိခိုက်မှုမရှိအောင် ဘာတွေဆောင်သင့်၊ ရှောင်သင့်ပါသလဲ ဆရာ။

ဖြေ. အလှပြင်ပစ္စည်းသုံးတဲ့အခါ မျက်စိထဲကို ဓာတုပစ္စည်း (Chemical)တွေ မဝင်အောင် ဂရုစိုက်ဖို့လိုတယ်။ အတွေ့ရများတာက မျက်တောင်ကော့တဲ့အခါ မျက်တောင်ကော့ဆေးတွေက မျက်ကြည်လွှာရဲ့ Epithelium အလွှာကို ထိခိုက်သွားတဲ့အခါ ရောဂါပိုးကျရောက်တတ်တယ်။ မျက်တောင်ကော့ဆေးကြောင့် ရောဂါပိုးကျရောက်တဲ့အခါ Pseudomonas ပိုးဖြစ်တတ်တယ်။ Pseudomonas ကြောင့် မျက်စိဟာ ပြင်းပြင်းထန်ထန် ဒဏ်ရာရတတ်တယ်။ ဒါကို ဂရုစိုက်ဖို့လိုတယ်။

မေး. မျက်လုံးကို ပြင်ဆင်ခြယ်သတာ မျက်တောင်ကျွတ်တာကကော စိုးရိမ်ရပါသလား ဆရာ။

ဖြေ. မျက်တောင်ကျွတ်တာမှာ နှစ်မျိုးရှိတယ်။ မျက်တောင်က သူ့ဘာသာသူအလိုလိုကျွတ်တာမျိုးဆိုရင်တော့ ပြဿနာမရှိပါဘူး။ မျက်ခမ်းမှာအနာဖြစ်ရင်လည်း မျက်တောင်ကျွတ်တတ်တယ်။ မျက်ခမ်းမှာအနာဖြစ်ပြီး မျက်တောင်ကျွတ်ရင်တော့ ဆရာဝန်နဲ့ပြပြီး ဆေးလိမ်းဖို့လိုပါတယ်။ မျက်တောင်ကျွတ်ရင်လည်း ပြန်ပေါက်နိုင်ပါတယ်။

မေး. မျက်ခွံလေးသလိုလို၊ ပိသလိုလို ခံစားရတာက မျက်စိပြဿနာနဲ့ ဆက်စပ်နေပါသလား ဆရာ။

ဖြေ. မျက်ခွံလေးတာကတော့ မျက်စိညောင်းလို့ဖြစ်တာပါပဲ။ မျက်စိကို နားနားနေနေသုံးလိုက်ရင် ပြဿနာမရှိပါဘူး။ အသက်ကြီးတဲ့သူတွေမှာ မျက်ခွံလေးတာက အာရုံကြောရောဂါကြောင့်လည်း ဖြစ်နိုင်တော့ အသက်အရွယ်ကြောင့်ဖြစ်တတ်တဲ့ အာရုံကြောရောဂါတွေကို ကုသဖို့လိုပါတယ်။

ရိုးရိုးအလှပြင်သူတွေနဲ့ မျက်ရစ်ဖော်ပြီး မျက်စိမှာ ဒဏ်ရာရတာ၊ သွေးခြေဥတာစတဲ့ မျက်စိပြဿနာတွေဖြစ်လို့ ဆရာတို့ မျက်စိဆေးရုံကို ရောက်လာတဲ့သူတွေကအများကြီးရှိတယ်။ ဒါကြောင့် မျက်ရစ်ဖော်ချင်ရင် ပလတ်စတစ်ဆာဂျရီနည်းကျွမ်းကျင်တဲ့ တတ်သိနားလည်တဲ့ မျက်စိအထူးကု ဆရာဝန်တွေနဲ့ပဲ လုပ်သင့်ပါတယ်။

မေး. မျက်တောင်ကော့ခြင်း၊ မျက်တောင်အတုတပ်ခြင်း၊ မျက်ရစ်ဖော်ခြင်းစတဲ့နည်းတွေက မျက်စိကျန်းမာရေးကို ထိခိုက်စေနိုင်ပါသလား ဆရာ။

ဖြေ. မျက်တောင်ကော့တဲ့အခါ မျက်စိထဲ ဓာတုပစ္စည်းမဝင်ဘူးဆိုရင် ပြဿနာမရှိဘူး။ အဲဒီလိုပဲ မျက်တောင်အတုတပ်လို့ မျက်စိထဲက မျက်ကြည်လွှာကို မထိုးမိဘူးဆိုရင် သုံးလို့ရတယ်။ မျက်စိဖော်တာက မျက်စိကို မထိခိုက်ပေမယ့် ဆရာတို့နိုင်ငံမှာတင်မက စင်ကာပူနိုင်ငံမှာပါ မျက်ရစ်ဖော်တာကို ဆရာဝန်နဲ့မဟုတ်ဘဲ ရိုးရိုးအလှပြင်ဆရာတွေက ပြုလုပ်နေကြတယ်။ မျက်ရစ်ဖော်တာက မျက်ခွံကိုလှီးပြီး ပလတ်စတစ်ဆာဂျရီနည်းနဲ့ ပြုပြင်ရတာ။ ပလတ်စတစ်ဆာဂျရီနည်းကို ဆ/မရထားတဲ့ ဆရာဝန်တွေကသာ လုပ်သင့်တယ်။ ရိုးရိုးအလှပြင်သူတွေနဲ့ မျက်ရစ်ဖော်ပြီး မျက်စိမှာဒဏ်ရာရတာ၊ သွေးခြေဥတာစတဲ့ မျက်စိပြဿနာတွေဖြစ်လို့ ဆရာတို့ မျက်စိဆေးရုံကို ရောက်လာတဲ့သူတွေက အများကြီးရှိတယ်။ ဒါကြောင့် မျက်ရစ်ဖော်ချင်ရင် ပလတ်စတစ်ဆာဂျရီနည်းကျွမ်းကျင်တဲ့ တတ်သိနားလည်တဲ့ မျက်စိအထူးကု ဆရာဝန်တွေနဲ့ပဲ လုပ်သင့်ပါတယ်။ မျက်စိဆရာဝန်တိုင်းတောင် မျက်ရစ်မဖော်နိုင်ပါဘူး။ မျက်စိအထူးကု ဆရာဝန်တိုင်းတောင် မလုပ်နိုင်တဲ့ မျက်ရစ်ဖော်တာကို ရိုးရိုးအလှပြင်သူတွေနဲ့ လုပ်နေတဲ့လူတွေကို အံ့သြမိတယ်။

မေး. မျက်ခုံးမွှေး ပုံဖော်တဲ့အနေနဲ့ မျက်ခုံးမွှေးနုတ်ရင် မျက်ကြောသေတတ်တယ်ဆိုတာကကော မှန်ပါသလားဆရာ။

ဖြေ. မျက်ခုံးမွှေးနုတ်ရင် မျက်ကြောသေတယ်ဆိုတာက အယူအဆမှားပါ။

မေး. မျက်စိကျန်းမာရေးဟာ အမြဲတမ်းကောင်းနေဖို့ဆိုရင် အိပ်ရေးဝတာနဲ့ ဆက်စပ်မှုရှိပါသလား။ တချို့လူတွေမှာ အိပ်ရေးပျက်ရင် မျက်ကြောတွေ နီနေတတ်ပါတယ်။ အဲဒါ ဘာကြောင့်ပါလဲ ဆရာ။

ဖြေ. အိပ်ရေးဝနေတာနဲ့ မျက်စိကျန်းမာရေးကလည်း သွယ်ဝိုက်ပြီးဆက်စပ်နေပါတယ်။ အိပ်ရေးဝရင် လူကလန်းလန်းဆန်းဆန်းရှိတော့ လူရဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်တဲ့ မျက်စိကလည်းလန်းဆန်းပြီး အားပြည့်နေတဲ့သဘောပါ။ အိပ်ရေးပျက်ရင် မျက်လုံးက အားမရှိဘဲ တစ်ခုခုကိုအားစိုက်ပြီး ကြည့်ရရင် နာရီဝက်အောင် မခံနိုင်တော့တဲ့အတွက် မျက်စိညောင်းလာတတ်ပါတယ်။ အဲဒီအချိန်မှာ အားစိုက်ပြီး မျက်စိကို အသုံးပြုလိုက်ရင် မျက်လုံးကနီလာတတ်တယ်။ စိုးရိမ်စရာမရှိပါဘူး။ ဆေးထည့်ဖို့လည်း မလိုပါဘူး။ အိပ်လိုက်ရင် သက်သာသွားပါတယ်။

မေး. မျက်ရိုးကိုက်သက်သာအောင် တချို့လူတွေက ကွမ်းရွက်အုံတာ၊ လက်ဖက်အုံတာစတဲ့ နည်းတွေသုံးတတ်ကြတယ်။ ဒီနည်းတွေဟာတကယ်ပဲ ထိရောက်မှုရှိပါသလား ဆရာ။

ဖြေ. မျက်ရိုးကိုက်တာက မျက်စိညောင်းတာကြောင့်ပဲ ဖြစ်တတ်တော့ အဓိကက အနားယူပေးဖို့ပါပဲ။ ကွမ်းရွက်အုံတာ၊ လက်ဖက်အုံတာစတဲ့နည်းတွေကြောင့် မျက်ရိုးကိုက်သက်သာတယ်ဆိုတာ သွယ်ဝိုက်ပြီး သက်သာတဲ့သဘောပါ။ ကွမ်းရွက်၊ လက်ဖက်အုံပြီး မျက်စိကိုမှိတ်ပြီးနားလိုက်ရင် မျက်လုံးက နားပြီးသားဖြစ်သွားတဲ့အတွက် သက်သာတာပါ။ ဒါပေမဲ့ ဆိုးကျိုးရှိနိုင်တာက လက်ဖက်မှာ မှိုရှိနေရင် မျက်လုံးထဲ မတော်တဆဝင်သွားတဲ့အခါ အန္တရာယ်ရှိနိုင်တယ်။ ဒါကြောင့် လက်ဖက်နဲ့ကွမ်းရွက် သန့်ရှင်းအောင် ဂရုစိုက်ဖို့လိုပါတယ်။

မေး. မျက်စိကြည်အောင်ဆိုပြီး ကွမ်းရွက်ရည်ကို မျက်စိထဲထည့်ရင် မျက်စိကျန်းမာရေးအတွက် သင့်တော်ပါသလား ဆရာ။

ဖြေ. ကွမ်းရွက်ကို ရေဆွတ်ပြီး မျက်စိပေါ်မှာကပ်ရင် မျက်စိအေးမြစေတဲ့ သဘောရှိတဲ့အတွက် မတားလိုပါဘူး။ ဒါပေမဲ့ ကွမ်းရွက်ကိုရေညှစ်ပြီး မျက်စိထဲထည့်ရင် ပိုးသန့်စင်မှု (Sterile)မဖြစ်တဲ့အခါ မျက်စိထဲပိုးဝင်သွားနိုင်ပါတယ်။ ဒါကြောင့် Organic Matter ဆိုတဲ့ အရွက်ရဲ့အရည်တွေဟာ မျက်စိကို ပိုးဝင်စေတဲ့အတွက် မထည့်သင့်ပါဘူး။

မေး. မျက်စိကျန်းမာရေးကောင်းဖို့အတွက် နေ့စဉ်စားသောက်တဲ့ အစားအသောက်ထဲမှာ ဘာတွေပါဝင်ဖို့ လိုအပ်ပါသလဲဆရာ။

ဖြေ. မျက်စိကျန်းမာရေးအတွက်ဆိုရင် ဗီတာမင်အေက အဓိကအရေးကြီးဆုံးဆိုတာ လူတိုင်းသိတယ်။ ဗီတာမင်အေရအောင် အစိမ်းရောင်နဲ့ အဝါရောင်ရှိတဲ့ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကို စားပေးသင့်တယ်။ မုန်လာဥ၊ သင်္ဘောသီး၊ ဟင်းနုနယ်ရွက်၊ ငှက်ပျောသီးစတာတွေကို စားသင့်ပါတယ်။

မေး. အိုင်းလိုင်နာဆိုးတဲ့ အမျိုးသမီးတွေမှာ တခြားဘယ်လိုမျက်စိပြဿနာကော အဖြစ်များပါသလဲ ဆရာ။

ဖြေ. အပေါ်မျက်ခွံမှာ Chalazion အဆီဖုအဖြစ်များပါတယ်။ အပေါ်မျက်ခွံရဲ့ Meibormian Gland ကပြွန်မှာ အဆီပိတ်ပြီးဖြစ်တာပါ။ အိုင်းလိုင်နာဆိုးတဲ့ မိန်းကလေးတွေမှာ အဖြစ်များပါတယ်။ မိန်းကလေးတွေဟာ အပေါ်မျက်တောင်စပ် (Gray Line) မှာ လိုင်နာဆိုးရာက အဆီပိတ်ပြီးဖြစ်တတ်ပါတယ်။

မေး. Chalazion မဖြစ်အောင် ဘယ်လိုကာကွယ်သင့်ပါသလဲ ဆရာ။

ဖြေ. မိန်းကလေးတွေ အိုင်းလိုင်နာဆိုးတဲ့အခါ အပြင်ကနေပြန်ရောက်လာရင် ကြက်သီးနွေးရေ ဒါမှမဟုတ် ရိုးရိုးရေနဲ့ မျက်စိနဲ့မျက်တောင်စပ်တွေကို သေချာဆေးကြောပေးရပါမယ်။ အိုင်းလိုင်နာ မဆိုးရဘူးလို့ဆိုလိုတာ မဟုတ်ပါဘူး။ အိုင်းလိုင်နာဆိုးပြီး မျက်လုံးကိုလှအောင် ခြယ်သပြီးရင် အထူးသဖြင့် ကြက်သီးနွေးရေနဲ့ သေချာဆေးကြောပြီး မျက်ခွံသန့်ရှင်းရေးကို ဂရုစိုက်ဖို့ပဲလိုပါတယ်။ ဒါဆိုရင် ပြွန်လမ်းကြောင်းမှာ အဆီပိတ်သွားနိုင်တဲ့ အခွင့်အလမ်းနည်းသွားနိုင်ပါတယ်။ မျက်ခွံမှာ အဖုပေါက်တာကို ခြစ်ထုတ်တာက အသေးစားခွဲစိတ်မှုပါ။ ဘာစိုးရိမ်စရာမလိုပါဘူး။ ခြစ်ထုတ်ပြီးရင်လည်း Antibiotic သောက်ရုံနဲ့သက်သာပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top