Healthy Life Ad
Life Style

စအိုက သွေးယိုခြင်း(Blood in Stool)

ဒေါက်တာတင့်ဆွေ

မေး ။ ကျွန်မရောဂါအကြောင်းကို ကျွန်မကိုယ်တိုင်ရော ကျွန်မဝန်းကျင်မှာရော မျိုးစုံသုံးသပ်သံတွေကြားနေရလို့ပါ။ အသက်က ၄၁ နှစ်ပါ။ အိမ်ထောင်သည်ပါ။ ကလေးတစ်ယောက်ရှိပါတယ်။ အလုပ်က အညောင်းထိုင်ရတာ အင်မတန် များပါတယ်။ ဒါပေမယ့် လမ်းလျှောက်တာတို့၊ လေ့ကျင့်ခန်းလုပ်တာတို့လည်း ပုံမှန်မဟုတ်တောင် ကျန်းမာရေးအသိစိတ်နဲ့ လုပ်ဖြစ်ပါတယ်။ ကျွန်မက လည်ပင်းကြီးလည်း ခွဲဖူးပါတယ်။ ကင်ဆာမဟုတ်ဘူးလို့အဖြေထွက်ပါတယ်။ (အယ်လ်ထရောက်ဆင်)ဆေးကို တစ်နေ့တစ်ခြမ်း ပုံမှန်သောက်နေဆဲပါ။ အခုကျွန်မ ဝမ်းသွားတိုင်း သွေးတပေါက်ပေါက်နဲ့ကျနေတာ သုံးနှစ်လောက်ရှိပါပြီ။ ကျကျခြင်းလန့်ပြီး အထွေထွေနဲ့ပြတော့ အတွင်းလိပ်ခေါင်းလို့ပြောပါတယ်။ သွေးတိတ်ဆေးသောက်ခိုင်း ပါတယ်။ ဒီလိုနဲ့နေလာတာ သုံးနှစ်လောက်ရှိပါပြီ။ သွေးကလည်း နေ့တိုင်းလိုလို ဝမ်းသွားတိုင်း ပါပါတယ်။ ဝမ်းလုံးဝမချုပ်တတ်ပါဘူး။ သွေးပါပုံပါနည်းက ပေါက်ကနဲကျရင်ကျ၊ မကျရင် ဝမ်းထဲမှာရောပါတတ်ပါတယ်။ လိပ်ခေါင်းရော သေချာရဲ့လားရှင်။ အူမကြီးကင်ဆာတွေ ဘာတွေများဖြစ်နိုင်လားဟင်။ ဘာအန္တရာယ်မှမရှိဘူးဆိုရင်တော့ ဒီတိုင်းဆက်နေနိုင်ပါတယ်။ စိတ်တော့ အနှောက်အယှက်ဖြစ်ရတာပေါ့။

ဖြေ ။ သွေးက ဘယ်တွေကနေလာနိုင်သလဲ။ အစာခြေလမ်း အထက်ပိုင်းခေါ်တဲ့ အစာအိမ်နဲ့ အစာမျို ပြွန်ကနေလာနိုင်တယ်။ အစာခြေလမ်းအောက်ပိုင်းဖြစ်တဲ့ အူမကြီး၊ အစာဟောင်းအိမ်နဲ့ စအိုကနေလာနိုင်တယ်။ ဒီနှစ်မျိုးကြားထဲက အူသိမ်ကနေ သွေးယိုတာရှားတယ်။ အူမကြီးရဲ့အလုပ်ကကြေချက်လို့ မရတဲ့ အစားအသောက်ထဲက ရေကိုဖယ်ရှားပေးတယ်။ အူမကြီးရဲ့အောက်ဆုံး ၁၅ စင်တီမီတာဟာ အစာဟောင်းအိမ်ဖြစ်တယ်။ အဖျားဆုံးမှာ စအိုရှိတယ်။

ဝမ်းထဲသွေးပါတယ်လို့ ပြောကြပေမဲ့ သွေးရဲ့အရောင်က မတူကြပါ။ သွေးဘယ်ကနေလာသလဲ အပေါ်မှာ သွေးအရောင်မူတည်တယ်။

အကြမ်းပြောရရင် စအိုနဲ့နီးရာကနေလာရင်သွေး အရောင်က နီရဲနေမယ်။ လတ်လတ်ဆတ်ဆတ် သဘောဖြစ်တယ်။

စအို၊ အစာဟောင်းအိမ်နဲ့ အူမကြီးအောက်ပိုင်းကနေလာရင် နီမယ်။

အူမကြီး အလယ်ပိုင်းနဲ့ အထက်ပိုင်းကနေလာရင် နီညိုမယ်။

အစာဟောင်းအိမ်ကနေလာလဲအဲလိုဘဲ။ နီညိုမယ်။

အစာအိမ်နဲ့ အူသိမ်အစပိုင်းကဆိုရင် မဲနက်နေမယ်။ ကတ္တရာစေးလို စေးကပ်နေပြီး အနံ့ဆိုးတယ်။ Melena ခေါ်တယ်။

ဝမ်းထဲမှာ သွေးရောနေတာမြင်ရမှ သွေးပါတယ်လို့ပြောတာ မပြည့်စုံသေးပါ။ ဝမ်းထဲမှာ မျက်စိနဲ့ မမြင်ရပေမယ့် သွေးပါနေတာကို အနုကြည့်မှန်ဘီလူးနဲ့စစ်လို့တွေ့တာကို Occult bleeding လို့ ခေါ်တယ်။ သွေးက ဖြေးဖြေးခြင်း ယိုထွက်နေတာမျိုးဖြစ်တယ်။ အစာလမ်း အထက်ပိုင်းရော အောက်ပိုင်းကနေ လာနိုင်တယ်။

အစာအိမ်နာ၊ Colon polyps အူမကြီး-အသီး၊ ကင်ဆာကနေလာတာဖြစ်နိုင်တယ်။ လူကလည်း သွေးအားနည်းနေမယ်။

(၁) Anal fissure စအိုကွဲနာ = စအိုလမ်းမှာ စုတ်ပြဲနေတာမို့ နာတယ်။ ဝမ်းချုပ်ရာကနေဖြစ်တယ်။ သွေးထွက်တာ မများပါ။ နီရဲနေမယ်။

(၂) Hporrhoids လိပ်ခေါင်း = သွေးထွက်တာ မများလှပါ။ နာတာရှည်ဖြစ်နေမှသာ သွေးအားနည်းတတ်တယ်။

(၃) Colon cancer and polyps အူမကြီးကင်ဆာ နဲ့ ကင်ဆာမဟုတ်တဲ့ အသီးလုံး = သွေးက အသင့်အတင့်သာများမယ်။ ဖြစ်လိုက်ရပ်လိုက် နေမယ်။ သွေးကနီရဲနေမယ်။ ညိုနေနိုင်တယ်။ မည်းတာလဲ ရှိတတ်တယ်။

အူမကြီးကင်ဆာ လက္ဓဏာများ = ဖြစ်ကာစ ဘာမှမခံစားရဘူး၊ ဝမ်းသွားတာ ပုံမှန်မဟုတ်ဖြစ်လာတာ၊ ဝမ်းချုပ်မယ်၊ ဝမ်းပျက်မယ်၊ ဝမ်းပျော့မယ်၊ ဝမ်းမာမယ်။ ဝမ်းထဲသွေးပါမယ်။ ဗိုက်အမြဲလိုအောင်းနေမယ်၊ ဝမ်းသွားပြီးပေမဲ့ သွားချင်စိတ်မကုန်ဖြစ်နေမယ်၊ အားယုတ်မယ်၊ ဘာလို့မှန်းမသိဘဲ ကိုယ်အလေးချိန် ကျကျလာမယ်၊

(၄) Polypectomy အူမကြီးကင်ဆာ မဟုတ်တဲ့ အသားလုံးကိုခွဲစိတ်ခြင်း လုပ်ပေးထားသူကနေ သွေးယိုတတ်တယ်။

(၅) Angiodysplasias ဆိုတာ အူမကြီးနံရံအောက်မှာ သွေးကြောလေးတွေ ပုံမှန်မဟုတ်ဖြစ်နေလို့ သွေးယိုတယ်။ မျက်စိနဲ့ မမြင်ရတဲ့ အမျိုးအစားဖြစ်တယ်။

(၆) Colitis အူမကြီးရောင်တာနဲ့ Proctitis အစာဟောင်းအိမ်ရောင်တာတွေက ဗက်တီးရီးယားကြောင့်ရောဗိုင်းရပ်စ်ကြောင့်ပါဖြစ်စေနိုင်တယ်။ Crohn’s colitis, Ischpic colitis ဆိုတာ တွေလဲရှိသေးတယ်။ Radiation colitis ဓာတ်ကင်ရလို့လည်းဖြစ်မယ်။ သွေးယိုနိုင်တယ်။

(၇) Salmonella, Shigella ဝမ်းကိုက်ရောဂါတွေနဲ့ Campylobacter, C. difficile, E. Coli, Cytomegalovirus ပိုးတွေကြောင့်လဲဖြစ်နိုင်တယ်။

(၈) Meckel’s diverticulum ဆိုတာကနေ သွေးအနီရောင် ဗိုက်မနာဘဲထွက်မယ်။

ဘယ်ကနေ သွေးဆင်းနေသလဲ အသေအချာ သိအောင်လုပ်ပြီးမှ ကုသရမယ်။

History and physical examination ရောဂါရာဇဝင်၊ စမ်းသပ်ခြင်း၊

Anoscopy ကိရိယာနဲ့ကြည့်ခြင်း၊

Flexible sigmoidoscopyကိရိယာနဲ့ကြည့် ခြင်း၊

Colonoscopy ကိရိယာနဲ့ကြည့်ခြင်း၊

Radionuclide scans (စကင်) ရိုက်ခြင်း၊

Visceral angiogram ရိုက်ခြင်း၊

Video capsule and small intestine entero-scopy ကိရိယာတွေနဲ့ကြည့်ခြင်း၊

MRI and CT tomographic angiography တွေရိုက်ခြင်း၊

Nasogastric tube aspiration အရည်စုပ်ထုတ်စစ်ဆေးခြင်း၊

Esophagogastroduodenoscopy ကိရိယာ နဲ့ကြည့်ခြင်း၊

Blood tests သွေးစစ်ခြင်းတွေ လုပ်ရမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top