Healthy Life Ad
Life Style

လူတိုင်း အသုံးပြုနိုင်သော စိတ်ကုထုံးများ (၁) ကူညီအားပေး စိတ်ကုထုံး

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

နိဒါန်း

စိတ်ကုထုံးကုနည်း(Psychotherapy)ဆိုတာဘာလဲ။

စာရေးသူရဲ့ လူနာတိုင်း မေးမြန်းလေ့ရှိတဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။ ရှင်းပြပါမယ်။ စိတ်ကျန်းမာရေးဆေးပညာမှာ အသုံးပြုတဲ့ ကုထုံးအမျိုးမျိုး ရှိပါတယ်။
(၁) စိတ်ကုထုံးကုနည်း (Psychotherapy)၊ (၂) ဆေးပေးကုသခြင်း (Psychopharmaco-Therapy)၊ (၃) ဦးနှောက်လှုံ့ဆော်နှိုးဆွပေးကုထုံး (Brain Stimulation Methods)၊ (၄) ဦးနှောက်ခွဲစိတ်ကုသမှု(Psychoneuro-Surgery)၊ (၅)လူမှုရေးကုထုံး (Social Therapy)၊ (၆) ရိုးရာကုထုံးနဲ့ ကူညီဖြည့်ဆည်းကုထုံးများ (Traditional And Complpentary Therapy)စတာတွေဖြစ်ပါတယ်။

စိတ်ကုထုံးကုနည်းကို စကားပြောကုသနည်း (Talking Therapy) လို့လည်း အလွယ်တကူခေါ်ဆိုကြပါတယ်။

စိတ်ကုထုံးကုနည်းရဲ့ ရည်မှန်းချက်ပန်းတိုင်က ဘာတွေလဲလို့ မေးမြန်းတဲ့ လူနာလည်း ရှိပါတယ်။

စိတ်ကုထုံးကုနည်းမှာ ရည်မှန်းချက်ပန်းတိုင် လေးမျိုးရှိတယ်လို့ အကြမ်းအားဖြင့် ပြောဆိုနိုင်တယ်။

(၁) လူနာကို ဒုက္ခပေးနေတဲ့ ရောဂါလက္ခဏာ သက်သာပျောက်ကင်းစေရန်၊

(၂) စိတ်ဖိစီးမှုဖြစ်ပွားစေတဲ့ ဘဝပြဿနာတွေ နဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ လိုအပ်သလို ခုခံတွန်း လှန်ညှိနှိုင်းနိုင်စွမ်းရှိရန်၊

(၃) ကိုယ်ရည်ကိုယ်သွေးအားနည်းချက်ရှိရင် ပြုပြင်ပြောင်းလဲပေးနိုင်ရန်၊

(၄) စိတ်ရောဂါကိုပိုမိုဆိုးရွားစေနိုင်တဲ့ အချက်အလက်တွေကို သိရှိနားလည်စေရန်၊ အန္တရာယ်ရှိတဲ့ အချက်အလက်တွေကို လျော့နည်းအောင် ဆောင်ရွက်ရန် စတာတွေ ဖြစ်ပါတယ်။

ကုသမှုရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ စိတ်ကုထုံးကုနည်းအမျိုးမျိုးစမ်းသပ်တီထွင်ခဲ့ကြပါတယ်။ အခုအချိန်အထိ ပညာရှင်မျိုးစုံက တီထွင်ထားတဲ့ စိတ်ကုထုံးကုနည်း ၁၆၁ မျိုးရှိကြောင်း ဂျာနယ်တစ်ခုမှာ တွေ့ရှိရပါတယ်။ စိတ်ကုထုံးကုနည်းတွေ ဖောင်းပွနေတာ အမှန်ပါပဲ။ တစ်ကျောင်းတစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်းဆိုသလိုပါပဲ။ တချို့စိတ်ကုထုံးကုနည်းကို တီထွင်တဲ့ ပညာရှင်ပဲ အသုံးပြုပါတယ်။ တချို့စိတ်ကုထုံးကုနည်းတွေကတော့ စိတ်ကျန်းမာရေး ရေစီးကြောင်းမှာ ခေတ္တခဏပေါ်ပေါက်လာတဲ့ ရေမြှုပ်ပမာပါပဲ။

“ဒီလိုဆိုရင် ဒေါက်တာက ကျွန်တော်၊ကျွန်မကို ကုသဖို့ ဘယ်စိတ်ကုထုံးကုနည်းကို အသုံးပြုမှာလဲ”လို့ သိချင်တဲ့ လူနာလည်း ရှိပါတယ်။စိတ်ကုထုံးကုနည်းတိုင်းကို ကျွန်တော် မကျွမ်းကျင်ပါဘူးလို့ ဝန်ခံရင် လူနာက သဘောတွေ့မှာ မဟုတ်ပါဘူး။ ဆရာဝန်ကိုအထင်သေးသွားနိုင်ပါတယ်။

ဒါကြောင့် လူနာ နားလည်သဘောပေါက်အောင် ဆက်လက်ရှင်းပြရပါတယ်။

“စိတ်ကုထုံးကုနည်းတစ်မျိုးနဲ့ တစ်မျိုး ခြားနားချက်ရှိသလို သူတို့အချင်းချင်းမှာ တူညီတဲ့လုပ်နည်း လုပ်ဟန်နည်းဗျူဟာတွေရှိပါတယ်။ စိတ်ရောဂါကို ကုသတဲ့အခါ ထိရောက်မှုရှိတဲ့ “နည်းပရိယာယ်” တွေကို ထုတ်ယူအသုံးပြုတတ်ဖို့က အရေးကြီးပါတယ်။ ရောဂါနဲ့ဆေး တန်အောင်ပေးရတယ်ဆိုသလိုပါပဲ။ လူနာသက်သာပျောက်ကင်းချင်တဲ့ အဓိက ရောဂါလက္ခဏာ၊ လူနာတစ်ဦးတည်း မဖြေရှင်းနိုင်တဲ့ ပြဿနာ၊ လူနာပြုပြင်သင့်တဲ့ အလေ့အထ အပြုအမူစတဲ့အချက်တွေကိုဖော်ထုတ်ပြီး သင့်တော်တဲ့နည်း ပရိယာယ်ကိုအသုံးပြုပါတယ်။

“ကျွန်တော်၊ကျွန်မ စိတ်ရောဂါကုထုံးနဲ့ကုသမှုခံယူမယ်ဆိုရင် ဘယ်သူက ကုသပေးမှာလဲ”လို့လည်း စပ်စုတဲ့လူနာရှိပါတယ်။

“ဘယ်သူမဆို စိတ်ရောဂါကုထုံးကုနည်းကို အသုံးပြုနိုင်ပါတယ်”လို့ အဖြေပေးရင် လူနာကမျက်လုံးပြူးပြီး ကြည့်နေတတ်တယ်။

ဒီတော့ စာရေးသူကဆက်လက်ရှင်းပြရပါတယ်။

“ဆရာဝန်၊ စိတ်ပညာရှင်၊ လူမှုဝန်ထမ်းအရာရှိ၊ အသက်မွေးဝမ်းကျောင်းပညာရှင် စတဲ့ စိတ်ကျန်းမာရေးပညာရှင်တိုင်း စိတ်ကုထုံးကုနည်းတစ်နည်း မဟုတ် တစ်နည်း အသုံးပြုကြပါတယ်။ စိတ်ကုထုံး ကုနည်းရဲ့ သဘောကို နားလည်ရင် မိသားစုဝင်တစ်ဦးဦးက လူနာကိုကူညီနိုင်တယ်။ လူနာကိုယ်တိုင် သင့်တော်တဲ့ နည်းပရိယာယ်ကို အသုံးပြုလေ့ကျင့်နိုင်ပါတယ်။ အခုခေတ်မှာ အွန်လိုင်းကနေပြီး ပညာ ပေးကုသမှုကို စမ်းသပ်နေကြပါတယ်”

“ကိုယ်ထူကိုယ်ထ စိတ်ကုထုံးကုနည်းကို အသုံးပြုနိုင်တယ်ဆိုရင် ဒေါက်တာတို့နဲ့ ပြဖို့ မလိုဘူးပေါ့”

“ဒီလိုလည်း မဟုတ်ပါဘူး။ တတ်သိကျွမ်းကျင်တဲ့ ပညာရှင်ရဲ့ သွန်သင်ပြသလမ်းညွှန်မှုတော့ လိုအပ်ပါတယ်။ တတ်သိကျွမ်းကျင်တဲ့ပညာရှင်နဲ့ ကုသမှုမခံရလို့ စိတ်ကုထုံးကုနည်းကို အသုံးမပြုရဘူးလို့ မယူဆစေချင်တာပါ”

_ _ _

စာရေးသူရဲ့ လူနာတွေနဲ့ ဆွေးနွေးပြောကြားခဲ့တာတွေကို ပြန်လည်စဉ်းစားမိတော့ လူတိုင်း အသုံးပြုနိုင်တဲ့စိတ်ကုထုံးကုနည်းပရိယာယ်တွေကို အခန်းဆက်ရေးသားဖော်ပြဖို့ စိတ်ကူးမိပါတယ်။

စိတ်ကုထုံးကုနည်းတစ်မျိုးအကြောင်းကို ရေးသားတဲ့အခါ အောက်ဖော်ပြပါအချက်အလက်တွေကို ထည့်သွင်းဆွေးနွေးဖို့ ရည်ရွယ်ထားတယ်။

(၁) အဲဒီစိတ်ကုထုံးကုနည်းကို အသုံးပြုနိုင်တဲ့ စိတ်ရောဂါဝေဒနာ၊

(၂) စိတ်ကုထုံးကုနည်းက အခြေပြုထားတဲ့ နောက်ခံသီအိုရီ၊စိတ်ကုထုံးကုနည်းရဲ့ ရည်မှန်းချက်၊

(၃) အဲဒီစိတ်ကုထုံးကုနည်းမှာ အသုံးပြုတဲ့ လုပ်နည်းလုပ်ဟန် နည်းဗျူဟာများ၊

(၄) အဲဒီစိတ်ကုထုံးကုနည်းရဲ့ အနှစ်သာရကို ရယူပြီး လူတိုင်း ဘယ်လိုအသုံးပြုနိုင်သလဲဆိုတဲ့ ဆွေးနွေးအကြံပြုချက် စတာတွေ ဖြစ်ပါတယ်။

_ _ _
ကူညီအားပေး စိတ်ကုထုံး

ကူညီအားပေး စိတ်ကုထုံး (Supportive Psychotherapy)က စိတ်ရောဂါကုသမှုတိုင်းမှာ ထည့်သွင်းအသုံးချနိုင်တဲ့ ကုထုံး ဖြစ်တယ်။ အရသာရှိအောင် ဟင်းတိုင်းမှာထည့်ခတ်ရတဲ့ဆားနဲ့တူပါတယ်။

လူနာတစ်ယောက် ကိစ္စအတွက် စာရေးသူကို လာရောက်တိုင်ပင်ဆွေးနွေးနေတဲ့ သူနာပြုအေမီက မေးပါတယ်။

“ဘယ်လိုစိတ်ရောဂါတွေမှာ ကူညီအားပေး စိတ်ကုထုံးကို အသုံးပြုသလဲ ဒေါက်တာ”

“ကျွန်တော် ပြောခဲ့သလို ကူညီအားပေး စိတ်ကုထုံးကို နေရာတိုင်းမှာ အသုံးပြုလို့ ရပါတယ်။ ဒီကုထုံးနဲ့ ထိထိရောက်ရောက် ကုသနိုင်တဲ့ စိတ်ရောဂါ လူနာအမျိုးအစားကို ပြောရရင် လေးမျိုး ခွဲခြားနိုင်ပါတယ်။ (က) ဘဝပြဿနာတစ်ခုခုကြောင့် စိတ်ဖိစီးမှုဒဏ်ကို အပြင်းခံစားနေရသူ။ (ဥပမာ ချစ်ခင်တွယ်တာရသူ သေဆုံးခြင်း၊ အိမ်ထောင်ပျက်ခြင်း၊ အလုပ်ပြုတ်ခြင်း၊ သဘာဝဘေးအန္တရာယ်ဒဏ်ကိုခံခဲ့ရခြင်း၊ ကာမဂုဏ်ကျူးလွန်စော်ကားခံရခြင်းတို့ ဖြစ်ပါတယ်) (ခ)နာတာရှည်စိတ်ရောဂါ ခံစားနေရသူ၊ (ဥပမာ-နာတာရှည်စိတ္တဇရောဂါ၊ နာတာရှည်ကိုယ်ရည်ကိုယ်သွေးချို့ယွင်းရောဂါတို့ ဖြစ်ပါတယ်။ (ဂ) ဦးနှောက် ရောဂါကြောင့် ဉာဏ်ရည်ကျဆင်းလာတဲ့ လူနာ။ (ဃ) တခြားစိတ်ကုထုံးကုနည်းတွေမှာ ကုသမှုမခံယူလိုသူ၊ စိတ်ကုထုံးကုနည်းတွေကို လိုက်နာဆောင်ရွက်ဖို့ စိတ်ဆန္ဒလျော့နည်းသူတို့ ဖြစ်တယ်”

သူနာပြုအေမီက သူနားလည်သလို မှတ်ချက်ချတယ်။

“အခြေယိုင်လာတဲ့ အိမ်ကို ပြိုလဲမကျအောင် ကျားကန်ပေးတဲ့ သဘောလား”

“မှန်ပါတယ်။ ကြုံတွေ့နေရတဲ့ ပြဿနာကိုလူနာကိုယ်တိုင် စီမံခန့်ခွဲနိုင်အောင် တွန်းအားပေးတာ ဖြစ်ပါတယ်။ အဲဒါက အဓိက ရည်ရွယ်ချက် မဟာဗျူဟာဖြစ်ပါတယ်”

သူနာပြုအေမီက ဆက်လက်တောင်းဆိုတယ်။

“ကူညီအားပေး စိတ်ကုထုံးက ကျွန်မနေ့စဉ်ကြုံနေတဲ့ လူနာတွေအတွက် အကျိုးရှိမှာပါ။ အဲဒီကုထုံးမှာ အသုံးပြုတဲ့ နည်းပရိယာယ်တွေကိုပြောပြပါ”

‘ကူညီအားပေး စိတ်ကုထုံးမှာ အသုံးပြုတဲ့ နည်းပရိယာယ်(နည်းဗျူဟာ)(၁၄)ခုရှိပါတယ်။’

(၁) ရောဂါကိုတိတိကျကျ နားလည်ပါစေ၊ (၂) မိဘကောင်းလိုဆက်ဆံပါ၊ (၃)တစ်ဦးနဲ့ တစ်ဦး ယုံ ကြည်လေးစားမှုကြီးထွားအောင် ဆောင်ရွက်ပါ၊ (၄) လူနာက မှီခိုအားထားစိတ်မများစေဖို့သတိပြုပါ၊ (၅) အန္တရာယ်များတဲ့ အပြုအမူတွေကို တားဆီးပေးပါ၊ (၆) အကျိုးရှိတဲ့ စိတ်ဓာတ် မွေးမြူနိုင်အောင် နမူနာပြပါ၊ (၇) ခုခံနိုင်အား၊ စွမ်းဆောင်နိုင်အား တိုးတက်ကြီးထွားနိုင်တဲ့ နည်းတွေကို ညွှန်ပြပေးပါ၊ (၈) မိမိစိတ်ခံစားမှုကို သိရှိနားလည်ဖွင့်ဟပြောကြားနိုင်အောင် အားပေးပါ၊ (၉) ဆက်ဆံရေး တိုးတက်ကောင်းမွန်လာအောင် ကူညီအားပေးပါ၊ (၂၀) မိမိကိုယ်မိမိ ယုံကြည်မှုရှိလာအောင် မြေတောင်မြှောက်ပေးပါ၊ (၁၁) မျှော်လင့်ချက်ကင်းမဲ့စိတ် လျော့နည်းအောင်ပြုပြင်ပေးပါ၊ (၁၂) လတ်တလော ယခုအချိန်မှာကြုံတွေ့နေရတဲ့ အခက်အခဲကို အာရုံစိုက်ပြီး ဖြေရှင်းနိုင်အောင် ကူညီအားပေးပါ၊ (၁၃) လက်တွေ့ပါဝင်လုပ်ကိုင်ဆောင်ရွက်ဖို့ တိုက်တွန်းပါ၊ (၁၄) လူနာနဲ့မိသားစုကို ပညာပေးဆွေးနွေးပြပါ”

သူနာပြုအေမီက မှတ်စုရေးနေတဲ့လက်ကို ရပ်နားလိုက်ပြီး ပြောပါတယ်။

“ဒေါက်တာပြောတဲ့ အချက်အလက်တွေကို အကျယ်ရှင်းပြပါ”

“အိုကေပါ”

ရှေ့တစ်ပတ် ဆက်လက်ဖတ်ရှုပါရန်

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top