Healthy Life Ad
International

အသက် ၂၁နှစ် အရွယ်တွင် လေဖြတ်ဝေဒနာခံစားခဲ့ရသူ မိန်းကလေး

၊ ကိုထက် ၊

အမေရိကန်နိုင်ငံ အင်ဒီရာနာပိုလစ် တက္ကသိုလ်တွင် တက်ရောက်နေတဲ့ အသက် ၂၁ နှစ်အရွယ်ကျောင်းသူ ဟယ်တန်ဟာ သူငယ်ချင်းတွေနဲ့ ညစာအပြင်ထွက်စားဖို့ စီစဉ်နေချိန်မှာ သူရဲ့ ဘယ်ဘက်လက်မောင်း ရုတ်တရက် ထုံကျဉ်သွားခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ သူရဲ့ မျက်နှာဟာ အကြောဆွဲလာခဲ့ပြီး သွားရည်တွေ ကျလာကာ စကားလည်းပီအောင် မပြောနိုင်တော့ပါဘူး။ ဒါဟာ လေဖြတ်တဲ့ လက္ခဏာတွေဆိုတာ သိခဲ့ပေမယ့် ငယ်သေးတဲ့အတွက် လေဖြတ်တာမဖြစ်နိုင်ဘူးလို့ တွေးပြီး ပေါ့ဆစွာ နေခဲ့ပါတယ်။

သူနာပြုဆရာမတစ်ဦးဖြစ်တဲ့ သူရဲ့ မိခင်သိသွားတဲ့ အချိန်မှာတော့ ဟယ်တန်ကို ဆေးရုံ အလျင်အမြန်ခေါ်သွားပြီး စစ်ဆေးမှုပြုလုပ်ပေးခဲ့ပါတယ်။ ဆရာဝန်တွေက ဟယ်တန်ဟာ လေဖြတ် ဝေဒနာတွေဖြစ်ပွားနေပြီး ဆေးကုသမှုမခံယူရင် အသက်ဆုံးရှုံးရတော့မှာဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။ စစ်ဆေးမှုအရ သူရဲ့ နှလုံးမှာ အပေါက်တစ်ခုဖြစ်နေပြီး ခန္ဓာကိုယ်ညာဘက်မှ ဘယ်ဘက်အခြမ်းကို သွေး စီးဆင်းမှုမှာ ရှုပ်ထွေးမှုတွေ၊ အစုအခဲတွေဖြစ်နေတယ်လို့ဆိုပါတယ်။ ဒီအစုအခဲတွေကြောင့်ဦးနှောက်ကို သွေးစီးဆင်းမှုမှာလည်း အတားအဆီးတွေ ဖြစ်နေခဲ့တယ်လို့ သိရပါတယ်။

လေဖြတ်ခြင်းဟာ ဦးနောက်ကို သွားတဲ့ သွေးကြောတွေပေါက်သွားရင် ဒါမှမဟုတ် ပိတ်ဆို့သွားပြီး ဦးနှောက်ထံ အောက်ဆီဂျင် အရောက်နည်းသွားချိန်မှာဖြစ်တတ်တယ်လို့ သိရပါတယ်။ ယေဘုယျအားဖြင့် လေဖြတ်သူ ၇၅ရာခိုင်နှုန်းဟာ အသက် ၆၅ နှစ်အထက်တွေဖြစ်တယ်လို့ဆိုပါတယ်။ အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး အဖွဲ့ရဲ့ စစ်တမ်းများအရ အမေရိကန်နိုင်ငံအတွင်း နှစ်စဉ် လူဦး ရေ ၈ သိန်းခန့် လေဖြတ်နေပြီး ၁ သောင်း ၄ ထောင် ခန့်သေဆုံးလျက်ရှိတယ်လို့ သိရပါတယ်။ ၂၀ဝ၃ ခု နှစ်နဲ့ ၂၀၁၃ ခုနှစ်အကြား နှိုင်းယှဉ်ချက်များအရ အသက် ၁၈ နှစ်မှ ၃၄ နှစ် အတွင်း လေဖြတ်ခြင်း ဖြစ်ပွားသူ အမျိုးသမီး၃၂ ရာခိုင်နှုန်းမြင့်တက်လာပြီး အမျိုးသား ၁၅ ရာခိုင်နှုန်း မြင့်တက်လျက်ရှိတယ်လို့ သိရပါတယ်။

“ကျွန်မအသိတွေထဲမှာ လေဖြတ်တဲ့သူတွေ ရှိတဲ့အတွက် ဒီလက္ခဏာတွေကိုသိပါတယ်။ ဒါပေမဲ့ ကျွန်မအရွယ်နဲ့ လေဖြတ်တယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ တွေးခဲ့မိပါတယ်။ တကယ်လို့များ အမေ့ကို မပြောခဲ့မိဘဲ ဒီအတိုင်းနေခဲ့မိမယ်ဆိုရင် ကျွန်မ အခုချိန်ထိ အသက်ရှင်နေနိုင်မယ်လို့တောင် မပြောနိုင်ပါဘူး” လို့ ဟယ်တန်ကပြောပြခဲ့ပါတယ်။

ဟယ်တန်ဟာ အရေးပေါ်ကုသဆောင် မှာ ၅ ရက်နေခဲ့ရပါတယ်။ သန္ဓေသားဘဝမှာ မိခင်ထံမှ ကလေးဆီသို့ အောက်ဆီဂျင်ရောက်ရှိစေဖို့ နှလုံးမှာ အပေါက်လေးပါပြီး မွေးဖွားချိန်မှာတော့ ဒီအပေါက်လေးက အလိုလိုပိတ်သွားရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဟယ်တန်ရဲ့ နှလုံးအပေါက်လေးကတော့ မပိတ်ဘဲ ကျန်ရှိနေခဲ့တာဖြစ်ပါတယ်။

ဟယ်တန်ကို ဆရာဝန်တွေက ဘဝတစ်လျှောက်လုံး သွေးကျဲဆေးသောက်သွားမလား ဒါမှမဟုတ် ခွဲစိတ်ပြီး နှလုံးအပေါက်ကို ပြန်ပိတ်မလားဆိုတဲ့ နှစ်နည်းထဲက တစ်နည်းကို ရွေးခိုင်းပေမယ့် တစ်သက်လုံး နေ့စဉ်ဆေးမှီဝဲခြင်းက လူငယ်ဘဝ စူးစမ်းသွားလာချင်တဲ့ သူရဲ့ အစီအစဉ်တွေအတွက် ခက်ခဲစေနိုင်တဲ့အတွက် ရှုပ်ထွေးလှတဲ့ ခွဲစိတ်ကုသမှုကို ရွေးချယ်ခဲ့ပါတယ်။ သူရဲ့နှလုံးရှိအပေါက်ကို အပိတ်လေးတစ်ခုနဲ့ ပိတ်ပေးမှာဖြစ်ပါတယ်။

(Ref;DM)
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top