Healthy Life Ad
International

သင်္ဘောသားတို့ သင်္ဘောလိုက်ရာတွင် လိုက်နာသင့်သည့် ကျန်းမာရေးလမ်းညွှန်

ကိုထက်

သင်္ဘောပေါ်အကြာကြီး နေထိုင် သွားလာ နေရတဲ့ သင်္ဘောသားတွေအတွက် ကျန်းမာရေး ပြဿနာဖြစ်လာရင်၊ နေထိုင်မကောင်းတဲ့ ဝေဒနာခံစားရရင် ပိုမို ဒုက္ခရောက်တတ်ပါတယ်။ အိမ်လွမ်းတဲ့ ဝေဒနာက တစ်ဖက်၊ စိတ်ဖိစီးမှု ခံစားရတာက တစ်မျိုးနဲ့ နာမကျန်းဖြစ်တဲ့အခါ စိတ်ရောကိုယ်ပါ ပင်ပန်းရတတ်တဲ့အတွက် သင်္ဘောသားတွေ သင်္ဘောတက်ချိန်မှာ နာမကျန်း ဖြစ်တဲ့ ဝေဒနာကင်းစေဖို့ လိုက်နာသင့်တဲ့အချက် တွေကို အကြံပြုလိုက်ပါတယ်။

(၁) ခရီးမသွားမီ ဆရာဝန်နှင့် တိုင်ပင်ပါ

ဗိုက်အောင့်တာ၊ လည်ချောင်းနာတာ၊ အစာမကြေတာ စတဲ့ဝေဒနာတွေက မသက်မသာ ဖြစ်တတ်ပေမယ့် ဆေးဝါးတွေ ဆောင်သွားလို့ရပါတယ်။ ခြင်ကိုက်တာကြောင့် ဖြစ်တဲ့ ငှက်ဖျားရောဂါ၊ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ တုပ်ကွေးစတာ တွေဖြစ်လာရင် ပိုပြီးနေထိုင်မကောင်း ဖြစ်တတ်တဲ့အတွက် ကြိုတင်ကာကွယ်ထားနိုင်မှ အဆင်ပြေပါလိမ့်မယ်။ ဒါကြောင့် သင်္ဘောမတက်ခင် ဆရာဝန်နဲ့တွေ့ဆုံပြီး ကာကွယ်ဆေးတွေကို ထိုးသင့်တာ ထိုးပြီး သောက်သင့်တာ သောက်ထားပါ။ ခရီးစဉ်အတွက် လိုအပ်တဲ့ အိမ်သုံးဆေးတွေကိုလည်း ဆောင်ထားပါ။

(၂) ကိုယ်ပိုင် လက်ဆေးဆပ်ပြာနှင့် ပိုးသတ်အဝတ်ကို ဆောင်ထားပါ

သင်္ဘောပေါ်မှာ ဖုန်း၊ တံခါးလက်ကိုင်၊ အဝေးထိန်းခလုတ် စတဲ့ အရာရာတိုင်း ပိုးမွှားတွေ ကပ်ငြိနေနိုင်တဲ့အတွက် ပိုးသတ်အဝတ်နဲ့ သုတ်ပြီးမှ ကိုင်တွယ်အသုံးပြုပါ။ သင့်လက်နဲ့ မျက်နှာမထိခင်၊ အစာမစားခင် လက်ဆေးပါ။ အမြဲတမ်း အဆင်သင့် သုံးနိုင်အောင် ရေမလိုတဲ့ လက်ဆေးဆပ်ပြာရည်ကို ဆောင်ထားပါ။

(၃) အများသုံးပန်းကန်များ ရှောင်ပါ

သင်္ဘောပေါ်မှာ နာမကျန်းဖြစ်သူ တစ်ဦးရှိလာရင် ပိုးတွေကူးစက်မခံရစေဖို့ သီးခြား ပန်းကန်ခွက်ယောက်တွေ သုံးသင့်ပါတယ်။ သင့်အနေနဲ့လည်း ဖြစ်နိုင်ရင် ကိုယ်ပိုင် ပန်းကန်နဲ့ ရေခွက်တွေကိုသုံးပါ။

(၄) မျှဝေ မသုံးပါနှင့်

ဇွန်းတစ်ချောင်းတည်းနဲ့ အစာ အတူစား တာ၊ ဝိုင်တစ်ခွက်တည်းကို အတူသောက်တာ၊ သွားတိုက်တံ တစ်ချောင်းတည်းကို အတူသုံးတာ စတဲ့ အပြုအမူတွေကို ရှောင်သင့်ပါတယ်။

(၅) လက်ကို မကြာခဏ ဆေးကြောပါ

ရေမလိုတဲ့ လက်ဆေးဆပ်ပြာ သုံးတာထက် ဘုံပိုင်ရေနဲ့ ဆပ်ပြာရည်ကိုသုံးပြီး စက္ကန့် ၃၀ လောက် လက်ကိုပွတ်သပ် ဆေးကြောတာက ပိုထိရောက်ပါတယ်။ လက်ဆေးပြီးတဲ့အခါ တစ်ရှူးနဲ့ လက်ကိုအခြောက်ခံပါ။

(၆) ချက်ပြီး၊ ကျက်ပြီးသား အစာကိုသာ စားပါ

သင်္ဘောပေါ်မှာ ပင်လယ်စာ၊ ဟင်းရွက်စိမ်း စတာတွေ ဘယ်လောက်ပဲပေါနေပါစေ၊ အစိမ်း လိုက်စားတာကို တတ်နိုင်သမျှရှောင်ပါ။ အပူချိန် မြင့်မြင့်နဲ့ ချက်ပြုတ်ပြင်ဆင်ထားတဲ့ အစာကိုပဲ စားပါ။ အစာအဆိပ်သင့်တာ အဖြစ်များတဲ့ အတွက် သတိထားသင့်ပါတယ်။

(၇) ပိုးသတ်မထားသော အစာများကို ရှောင်ပါ

နို့နဲ့ နို့ထွက်ပစ္စည်းတွေကို သောက်သုံးရာမှာ ပိုးသတ်ထားတဲ့ အမျိုးအစားကို ရွေးချယ် သောက်သုံးပါ။

(၈) အိပ်ရေးဝ၀ အိပ်စက်အနားယူပါ

ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားပိုးတွေဝင်တဲ့ ဒဏ် ကို အလွယ်တကူ မခံရစေဖို့ ကိုယ်ခံအားစနစ် ကောင်း မွန်နေသင့်ပါတယ်။ ဒါကြောင့် အိပ်ရေးဝ၀ အိပ်စက် အနားယူပေးပါ။

(၉) ရေသန့်ဘူးကိုသာ သောက်ပါ

သင်္ဘောပေါ်က ရေက ယေဘုယျအားဖြင့် စိတ်ချရပေမယ့် ဖြစ်နိုင်ရင် ရေသန့်ဘူးကိုပဲ သောက်ပါ။ အထူးသဖြင့် နာမကျန်းဖြစ်ချိန်မှာ ရေသန့်ဘူးနဲ့သာ ပလုတ်ကျင်းပါ၊ သွားတိုက်ပါ။

(၁၀) စိတ်ဖိစီးမှုကို တတ်နိုင်သမျှ လျှော့ချပါ

သင်္ဘောသားတွေက ကိုယ်နိုင်ငံမှာ ကျန်ရစ်ခဲ့တဲ့ မိသားစု၊ ဇနီးသားသမီးကို စိတ်မချတဲ့ စိတ်၊ ပူပင်တဲ့စိတ်၊ သတိရ လွမ်းဆွတ်တဲ့ စိတ်နဲ့ ပင်ပန်းရတတ်ပါတယ်။ အဲဒီအခါ တရားမှတ်တာ၊ တရား ထိုင်တာ၊ ကိုးကွယ်ရာ ဘာသာတရားအလိုက် ဘုရားရှိခိုးတာ စတဲ့ နည်းတွေကို လိုက်နာပြီး စိတ်ဖိစီးမှုကို လျှော့ချ သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top