Healthy Life Ad
Local

ခိုကိုးရာမဲ့ ဘိုးဘွားနဲ့ကလေးတို့ရဲ့ အားထားရာ “ခိုလှုံရာ” ခိုကိုးရာမဲ့ရိပ်သာ

– ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

ဟင်္သတမြို့နယ်၊ လယ်တီကွင်းရပ်ကွက်၊ အောင်ချမ်းသာကျောင်းလမ်းရှိ ခိုလှုံရာခိုကိုးရာမဲ့ ရိပ်သာကို ပရဟိတမြတ်နိုးသူ လူငယ်တစုက ၂၀၁၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး နှစ်နှစ်အတွင်း စေတနာ၊ မေတ္တာ၊ ကရုဏာအပြည့်ဖြင့် စောင့်ရှောက်ခဲ့သဖြင့် လူသိများထင်ရှားလာခဲ့သည်။

ခိုလှုံရာခိုကိုးရာမဲ့ ရိပ်သာစတင်တည်ထောင် ဖြစ်ခဲ့ပုံနှင့်ပတ်သက်ပြီး ဦးစီးတည်ထောင်သူ မသင်းရွှေစင်လှိုင်က-“တချို့လူတွေက ကိုယ့်မိဘဖြစ်ချင်ဖြစ်မယ်၊ ကိုယ့်ယောက္ခမဖြစ်ချင်ဖြစ်မယ်၊ ကိုယ့်ဦးလေးအဒေါ် ဖြစ်ချင်ဖြစ်မယ်၊ ကိုယ့်သားသမီး၊ ကိုယ့်မောင်နှမဖြစ်ချင်ဖြစ်မယ် . . ကိုယ်မလိုချင်တဲ့အခါ လူတွေကို အမှိုက်လိုမျိုး စွန့်ပစ်ကြတယ်၊ တကယ့်တကယ်ကျတော့ လူဆိုတာ ဘယ်လိုလူဖြစ်ဖြစ် စွန့်ပစ်ရတာမဟုတ်ဘူးလေ၊ သူ့တန်ဖိုးနဲ့ သူရှိတာဆိုတော့ အဲဒီလိုမျိုးလူတွေကို လမ်းဘေးမှာစွန့်ပစ်တာတွေ မြင်တွေ့ရတာများလာတဲ့အခါ ကိုယ်မနေနိုင်တဲ့ ဘဝမျိုးမှာ တခြားလူတစ်ယောက်နေနေတာကို မမြင်ချင်ဘူး။ ဒါနဲ့ ခိုလှုံရာရိပ်သာကို စတင်တည်ထောင်ဖြစ်ခဲ့တာပါ”ဟု ပြောသည်။

လွန်ခဲ့သော နှစ်နှစ်ခိုလှုံရာမတည်ထောင်ခင် မြေနေရာက ရေအပြည့်ရှိသည့် လယ်ကွက်ကြီးဖြစ်ပြီး ထိုနေရာကို ခိုလှုံရာရိပ်သာ၏ နာယကဖြစ်သည့် ဦးသာယာက စတင်လှူဒါန်းခဲ့ကြောင်း၊ သီရိမင်္ဂလာဈေး၊ ကွမ်းတန်း၊ ပန်းတန်းမိသားစုက ထပ်တိုးမြေကို လှူဒါန်းခဲ့ပြီး အလှူရှင်များ၏ စေတနာ၊ ပံ့ပိုးကူညီမှု မြောက်များစွာနှင့် ခိုလှုံရာခိုကိုးရာမဲ့ ရိပ်သာကြီးကို အခိုင်အမာတည်ဆောက်နိုင်ခဲ့ကြောင်း သိရသည်။

“စတည်ထောင်ကာစတုန်းက လူလည်း သိပ်မသိသေးတဲ့အတွက် အလှူရှင်တွေရှာရတယ်။ ဝေဖန်တိုက်ခိုက်မှုမျိုးစုံ ခံရတယ်။ ညီမတို့အဖွဲ့က လူငယ်တွေဖြစ်တော့ နောက်ခံအင်အားလည်း မတောင့်တင်းပါဘူး။ ဒီအတွက် ငွေရေးကြေးရေးအခက်အခဲတွေကို ရင်ဆိုင်ခဲ့ရပါတယ်”ဟု မသင်းရွှေစင်လှိုင်က ဆိုသည်။
အဘိုးအဘွားနှင့် စွန့်ပစ်ခံလူသားများ၏ ဘဝကို တတ်နိုင်သမျှ ကယ်တင်မည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် စိတ်ဓာတ်မကျဘဲ ကြိုးစားခဲ့ရာ နှစ်နှစ်အတွင်း ခိုလှုံရာခိုကိုးရာမဲ့ ရိပ်သာ၊ ခိုလှုံရာ ပြုစုသူမဲ့ သံဃာဆောင်၊ ခိုလှုံရာ အောက်ဆီဂျင်ကူညီရေး၊ ခိုလှုံရာအခမဲ့ဆေးခန်း စသည်တို့ကို တည်ဆောက်နိုင်ခဲ့သည့်အပြင် လက်ရှိတွင် အဘိုးအဘွား၊ စိတ်ကျန်းမာရေးချို့တဲ့သူ၊ သံဃာများနှင့် ကလေးငယ်များအပါအဝင် စုစုပေါင်း ၈၇ ယောက်ရှိကြောင်း၊ အဘိုးအဘွားဦးရေကမူ အများဆုံးဖြစ်ကြောင်း သိရသည်။

ခိုလှုံရာရိပ်သာသို့ ကလေးများရောက်ရှိလာပုံ နှင့်ပတ်သက်ပြီး-

“ကလေးတစ်ယောက်ရဲ့ အမေက စိတ်ကျန်းမာရေးမကောင်းဘူး၊ မုဒိမ်းကျင့်ခံရတဲ့အတွက် ကိုယ်ဝန်ရသွားတယ်။ ဒါနဲ့ ညီမက သနားလို့ခေါ်ပြီး စောင့်ရှောက်ထားလိုက်တယ်။ မွေးပြီး ၃ ရက်ကြာတာနဲ့ ထွက်ပြေးသွားတော့ ကလေးလေးကျန်ခဲ့တာနဲ့ မွေးထားတာပါ။ နောက်ကလေးတစ်ယောက်ရဲ့ မိခင်ကလည်း စိတ်ကျန်းမာရေးသိပ်မကောင်းဘူး။ သစ်ပင်အောက်မှာနေ၊ သစ်ပင်အောက်မှာအိပ်၊ သစ်ပင်အောက်မှာစား ဘဝနဲ့နေနေတာ။ သူ့ကလေးလေး နည်းနည်းအရွယ်ရောက်လာတော့ ကားကြိုကားကြားထဲ လျှောက်တောင်းနေတာနဲ့ အမြင်မတော်တဲ့ လူတွေက ညီမတို့ဆီဆက်သွယ်တာနဲ့ သားအမိနှစ်ယောက်စလုံးကို သွားခေါ်ထားတာပါ”ဟု မသင်းရွှေ စင်လှိုင်က ဆိုသည်။

ခိုလှုံရာ ခိုကိုးရာမဲ့ ရိပ်သာတွင် နားခိုနေကြသူတို့မှာ ဟင်္သာတမြို့နယ်မှ နှစ်ဦးလောက်သာပါဝင်ပြီး အခြားသူတို့မှာ ရန်ကုန်၊ ကျောက်မဲ၊ ပုလော၊ ရခိုင်၊ မန္တလေး၊ မကွေး စသည့်အနယ်နယ်အရပ်ရပ်မှ ဖြစ်ကြကြောင်း သိရသည်။

“အဘိုးအဘွားတစ်ယောက်ယောက် စွန့်ပစ်ခံရတယ်၊ တာဝန်ယူပြီးလိုက်ပို့မယ့်သူလည်း မရှိဘူး၊ သွားခေါ်မှ အဆင်ပြေမယ်ဆိုရင် ညီမတို့သွားခေါ်ပေးပါတယ်။ အဲဒီလိုမဟုတ်ဘဲ ဒေသခံပရဟိတအဖွဲ့တွေက တာဝန်ယူပြီး လိုက်ပို့ပေးရင်လည်း လက်ခံပေးပါတယ်”

ခိုလှုံရာ ခိုကိုးရာမဲ့ ရိပ်သာတွင် ဂီလာနအဘိုးအဘွား၊ လူကောင်း၊ စိတ်ဝေဒနာသည်၊ ကူးစက်ရောဂါသည်ဟူ၍ လေးမျိုးလေးစားရှိပြီး စိတ်ဝေဒနာသည်နှင့် ကူးစက်ရောဂါရှိသူတို့ကို သီးခြားအခန်းများပေးထားကြောင်း၊ ဂီလာနအဘိုးအဘွားအတွက် သီးခြားအဆောင်ဖြင့် ထားရှိကြောင်း၊ လူကောင်းများအတွက် သီးသန့်အဆောင်ထားရှိကြောင်းနှင့် အမျိုးသား/အမျိုးသမီးခွဲပြီးထားရှိကြောင်း သိရသည်။

“အစားအသောက်ကတော့ မနက်အစောစာ၊ နေ့လယ်၊ နေ့ခင်း ၂ နာရီနဲ့ ညနေစာဆိုပြီး တစ်နေ့ကို လေးနပ်ကျွေးပါတယ်။ မနက်စာဆိုရင် မုန့်ဟင်းခါး ဒါမှမဟုတ် ခေါက်ဆွဲသုပ် ဒါမှမဟုတ် ပလာတာ ကျွေးပါတယ်။ နေ့လယ်စာကျတော့ ထမင်း၊ အသားဟင်း၊ ဟင်းရည်နဲ့ ငါးပိချက် စသဖြင့် ကျွေးပါတယ်။ နေ့လယ် ၂ နာရီမှာ အလှူရှင်ရှိရင် ရှိသလို အအေးနဲ့မုန့်တွေ ကျွေးပါတယ်။ မရှိရင် လာလှူထားတဲ့မုန့်တွေ ကျွေးပါတယ်။ ညနေစာ ထမင်းဟင်းကျွေးပါတယ်”ဟု မသင်းရွှေစင်လှိုင်က ပြောပြခဲ့ပြီး ခိုလှုံရာ ခိုကိုးရာမဲ့ရိပ်သာတွင် အာဟာရဒါန ပြုလုပ်လိုသူများအတွက် တစ်နေ့စာကိုရှစ်သောင်းကျပ်ဟု သတ်မှတ်ထားကြောင်းသိရသည်။

“သူတို့ကျန်းမာရေးအတွက် သူနာပြုဆရာမနှစ်ဦးရှိပါတယ်။ ဆေးရုံတင်ဖို့လိုရင် ဆေးရုံ၊ ဆေးခန်းပြဖို့လိုရင် ဆေးခန်းလိုက်ပို့ပေးပါတယ်။ စိတ်ကျန်းမာရေးဝေဒနာသည်တွေအတွက် အပတ်စဉ်ဆေးထုတ်ရပါတယ်။ ကူးစက်ကျတော့ တီဘီသမားတွေကို တီဘီဆေးမှန်မှန်တိုက်လိုက်တဲ့အခါ ပျောက်သွားပါပြီ။ အခု HIV သမားအတွက် ART ဆေးရဖို့ လုပ်နေပါတယ်။ ရန်ကုန်ကနေ ဒေါက်တာမြတ်ကျော်က တစ်လတစ်ကြိမ်-နှစ်ကြိမ်ဆိုသလိုလာပြီး စေတနာနဲ့ ဆေးကုပေးပါတယ်”

ခိုလှုံရာခိုကိုးရာမဲ့ရိပ်သာအနေဖြင့် ပြန်လည်သန်စွမ်းရေး (Physiotherapy) စင်တာတည်ထောင်ရန် နေရာသတ်မှတ်လုပ်ဆောင်လျက်ရှိကြောင်းနှင့် ၂၀၁၇ အောက်တိုဘာလတွင် အောက်ဆီဂျင်ကူညီရေးလုပ်ငန်းကိုလည်း လုပ်ဆောင်ထားပြီးဖြစ်သည်။

“ညီမတို့ ဟင်္သာတမှာဆို အောက်ဆီဂျင်တွေက ဝယ်သုံးရတာ တစ်ဘူး လေးထောင်-ငါးထောင် စသဖြင့်ရှိတော့ ဆင်းရဲတဲ့သူတွေဆို မဝယ်နိုင်ဘူးလေ။ ညီမတို့ရိပ်သာက အဘိုးအဘွားတွေကလည်း လိုတဲ့အခါဝယ်ရတယ်။ ကြာလာတော့ မတတ်နိုင်တဲ့အတွက် အောက်ဆီဂျင်ငှားရမ်းဖြစ်သွားတာပါ။ အောက်ဆီဂျင်ငှားဖို့ ဆိုင်နေရာနဲ့ ဝန်ထမ်းငှားရတဲ့အတွက် ဆေးရုံ၊ ပရဟိတကားနဲ့ ချို့တဲ့တဲ့သူတွေဆို အခမဲ့ပေးပြီး တခြားသူတွေဆိုရင်အရှုံးခံပြီး တစ်ဘူး ၂၅၀ဝ လောက်နဲ့ပေးတာပါ”ဟု မသင်းရွှေစင်လှိုင်က အောက်ဆီဂျင်ကူညီရေး လုပ်ငန်းလုပ်ဆောင်ဖြစ်ခဲ့ပုံကို ပြောပြခဲ့သည်။

ယခုအခါ ခိုလှုံရာရိပ်သာအနေဖြင့် ဂီလာနသံဃာဆောင်ကို သီးသန့်ဆောက်နေပြီး ခိုလှုံရာ အခမဲ့ ဆေးပေးခန်းကိုလည်း တိုးချဲ့လျက်ရှိကြောင်း သိရ သည်။
“ရေရှည်မှာ သံဃာတွေကို ဒီလိုဘိုးဘွားတွေနဲ့ တွဲထားရတာ အဆင်မပြေဘူးလေ။ ပြီးတော့ မကျန်းမမာနဲ့ ပြုစုစောင့်ရှောက်သူမဲ့တဲ့ သံဃာတွေကိုလည်း တိုးပြီး လက်ခံမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သံဃာဆောင်ကို ဆောက်လုပ်နေပါတယ်။ လောလောဆယ်မှာတော့ ခိုလှုံရာက လက်ခံထားတဲ့ သံဃာနှစ်ပါးရှိပါတယ်”

ခိုလှုံရာရိပ်သာတွင် နှစ်နှစ်အတွင်းလက်ရှိ ကွယ်လွန်သူအပါအဝင် ဘိုးဘွားနှင့်အခြား လူဦးရေ စုစုပေါင်း ၁၀ဝ ဦးကျော်ကို စောင့်ရှောက်ပေးနိုင်ခဲ့ပြီး အခက်အခဲကိုမူ နေ့စဉ်နှင့်အမျှ ကြုံတွေ့ကျော်လွှားနေရကြောင်း မသင်းရွှေစင်လှိုင်က ယခုလိုပြောပြခဲ့သည်။

“အခက်အခဲကတော့ အများကြီးကြုံရတယ်။ စိတ်ရောဂါသည်တွေကျတော့ ထွက်ပြေးတယ်။ နေပြည်တော်က အဘကြီးတစ်ယောက်ဆို ဟင်္သာတ ရောက်နေပေမယ့် နေပြည်တော်လို့ပဲ အောက်မေ့နေတာ။ ဒီတော့ လက်ဖက်ရည်သွားသောက်ဦးမယ်ဆိုပြီး ထွက်သွားတာမျိုး၊ အိမ်ခဏ ပြန်ဦးမယ်ဆိုပြီး ထွက်သွားတာမျိုးရှိတယ်။ တချို့ကျတော့ ဆေးကုရင်း စိတ်နည်းနည်း ပြန်ကောင်းလာတဲ့အခါ အိမ်ပြန်ချင်ကြတယ်၊ တကယ်တော့ သူ့အိမ်က သူ့ကိုစွန့်ပစ်လိုက်တာကို မသိဘူး။ ဒါဆိုရင် တစ်ချိန်လုံး စောင့်ကြည့်နေရတယ်။ ပြီးတော့ စစ်သားတစ်ယောက်ရှိတယ်။ သူ့စိတ်ထဲမှာ စစ်သားပဲအောက်မေ့နေပြီး ညီမတို့ကို အမိန့်တွေပေး၊ အော်ဟောက်၊ လိုချင်တာ မရရင် နံရံကိုလက်သီးနဲ့ ထိုးလုပ်တယ်။ အစက အခန်းကို ကွန်ကရစ်ပြားနဲ့ ကန့်ထားတော့ သူကအကုန်ထိုးဖောက်ခွဲပစ်လိုက်တယ်။ အခုတော့ အုတ်နဲ့ပြန်လုပ်နေရတယ်။ ဒါမျိုးတွေ ကြုံတဲ့အခါ ဝန်ထမ်းယောကျာ်းလေးတွေက နည်းနည်းထိန်းရတယ်။ သူတို့ထိန်းလို့ ငြိမ်သွားပြီဆိုရင် ညီမက ပြန်ချော့ပြီး ပြေရာပြေကြောင်း ပြောရတယ်။

တချို့ကျတော့ သားသမီးကိုယ်တိုင်က ဒီမှာနေခဲ့ဦး၊ ပြန်လာခေါ်မယ်ပြောပြီး လာမခေါ်တော့ဘူး။ ဒီတော့အဘွားတစ်ဦးဆိုရင် သူ့သားသမီးလာခေါ်မှာဆိုပြီး ရေလည်းမချိုးဘူး၊ ဆံပင်/လက်သည်းတွေလည်း မညှပ်ဘူး၊ စောင့်နေတာ၊ ရေချိုးခိုင်းရင် အပေါ်ထပ်ကနေ ခုန်ချမယ်၊ သတ်သေမယ်ဆိုပြီးလုပ်တာ။ သူ့သား ထိုင်းကိုသွားတယ်၊ သူ့သားကို စောင့်နေတာပြန်လာခေါ်မှာပဲပြောနေတယ်။ နောက်အဘိုးကျတော့ သားက တစ်ဦးတည်းသောသား၊ ရန်ကုန်က ဘုရားဝန်းတစ်ခုထဲမှာပစ်ခဲ့တာ၊ ပေါင်ကြီးကျိုးပြီး မသွားနိုင်/မလာနိုင်ကျန်ခဲ့တော့ ညီမတို့သွားခေါ်ထားတာ။ သူ့ခေါင်းထဲ စွဲနေတာ သူ့အိမ်ရှိတယ်၊ သားရှိတယ်၊ မြေးရှိတယ်။ စုံစမ်းလိုက်တော့ သားဖြစ်သူက အဲဒီအိမ်ကို ရောင်းပြီး အပြီးထွက်သွားပြီ။ ဒီလိုအဘိုးအဘွားတွေက ပြန်ချင်တယ်ပဲ ပြောကြတာ၊ ပစ်သွားတာလို့ ညီမတို့က မပြောရက်ဘူးလေ။ မနည်းချော့ထားရတယ်။

ပုလောကခေါ်ထားတဲ့ အဘွားဆို ၁၀၃ နှစ် အသက်အကြီးဆုံး၊ သူငယ်လည်း ပြန်နေတော့ ပုလောမှာ သူပေးထားတဲ့ အကြွေးလေးသောင်းရှိတယ်၊ သွားပြန်တောင်းဦးမယ်လို့ ပြောတတ်တယ်။ အဲဒီအခါအဘွားရဲ့ အကြွေးကို တောင်းထားတယ်ဆိုပြီး ညီမတို့က ပြန်ပေးရတယ်၊ ပြီးတော့ အစိုးရ အငြိမ်းစားဝန်ထမ်းတွေရှိတဲ့အတွက် ပင်စင်ထုတ်ဖို့ နယ်ပြန်ချင်တယ်ပြောကြတယ်။ သူတို့ရတဲ့ပင်စင်က တစ်သောင်း- နှစ်သောင်း၊ သွားရမှာမလွယ်ဘူး၊ ဒါပေမဲ့လည်း သူတို့က အဲဒီပင်စင်ကိုထုတ်မှကို ဖြစ်မှာဆိုတဲ့အတွက် ညီမတို့က သူတို့ကို လစဉ်ပင်စင်ငွေ ထုတ်ထားပေးတယ်ဆိုပြီး လတိုင်းစိုက်ပေးထားရတယ်”

ခိုလှုံရာခိုကိုးရာမဲ့ရိပ်သာကို နာယကဖြစ်သူ ဦးသာယာ၊ ဥက္ကဌမသင်းရွှေစင်လှိုင်အပါအဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းထားပြီး လက်ရှိရိပ်သာတွင် မသင်းရွှေစင်လှိုင်နှင့် ကိုဉာဏ်ဖြိုးဝင်းတို့က အနီးကပ် ဦးစီးနေကြကာ ကျန်အဖွဲ့ဝင်များက အခြားဒေသများမှ ဝိုင်းဝန်းထောက်ပံ့ပေးနေကြောင်း သိရသည်။

“ညီမတို့ ရိပ်သာက မြေအတိဆောက်ထားတာဆိုတော့ ဘိုးဘွားတွေ လေ့ကျင့်ခန်းလုပ်စရာ နေရာမရှိတာနဲ့ ဟိုဘက်ခြမ်းမှာ မြေထပ်ဝယ်ပြီး ဘိုးဘွားတွေ စာဖတ်ဖို့ စာဖတ်ဆောင်၊ လေ့ကျင့်ခန်းလုပ်ဖို့ နေရာနဲ့ သီချင်းဝါသနာပါသူတွေအတွက် စတူဒီယိုတွေဆောက်တာ ပြီးသွားပါပြီ။ တစ်လတစ်ခါ တရားစခန်းရှိပြီး တရားပြတဲ့ ဆရာပေးတဲ့အချိန်ပေါ် မူတည်ပြီး တစ်ပတ်-၁၀ ရက် ဖွင့်ပေးပါတယ်။ ပြီးတော့ ရွှေစက်တော်၊ ဟင်္သာတအနီးအနားတစ်ဝိုက် စသဖြင့် ခရီးတို၊ ခရီးရှည်လေးတွေကို အခါအားလျှော်စွာပို့ပေးပါတယ်။ အဘိုးအဘွားတွေ ကိုယ်တိုင်လောင်းလှူနိုင်အောင် သံဃာတွေကို ရိပ်သာမှာ တန်းဆွမ်းကြွစေပါတယ်။ ဝါဆိုသင်္ကန်းကပ်တာ၊ သီတင်းကျွတ်မီးထွန်းတာတွေ လုပ်ပေးတယ်။ ပြီးတော့ အဘိုးအဘွားတွေက သီတင်းကျွတ်မှာ သားသမီးတွေကန်တော့တာကို မျှော်တဲ့အတွက် ကန်တော့ပွဲတွေနဲ့ ကန်တော့ပါတယ်”ဟု အဘိုးအဘွားများ စိတ်ချမ်းသာစေရန် ဆောင်ရွက်ပေးပုံကို ပြောပြခဲ့ပြီး ခိုလှုံရာရိပ်သာရှိ အဘိုးအဘွားထဲတွင် ၆၀ ဦးခန့်က ဆီး၊ ဝမ်းကို အိပ်ရာထဲသွားသူများသဖြင့် သန့်ရှင်းရေးကို နေ့စဉ်အမြဲမပြတ် ပြုလုပ်ပေးနေရကြောင်း သိရသည်။

အဘိုးအဘွားတွေက ဆီးတွေ၊ ဝမ်းတွေကို အိပ်ရာထဲသွားတယ်၊ ရိုးရိုးသွားရုံတင်မကဘူး။ သူငယ်ပြန်သလို ဖြစ်နေတော့ သွားပြီးသားတွေကို လက်နဲ့နှိုက်တယ်၊ ပြီးရင် ဘေးကိုလွှင့်ပစ်တယ်။ Diaper တွေကို ခွာတယ်၊ စားတယ်၊ အဲဒီလိုလုပ်ကြတာ။ ရှူးပေါက်ပြီးရင် ခုတင်ဘေးကိုသွန်ချလိုက်တယ်။ ဆီးအိုးပေးထားလည်း အဲဒီအထဲမပေါက်ဘူး။ ဓာတ်ဘူးထဲ၊ မုန့်ဘူးထဲတွေ့ရာဘူးထဲ ရှူးပေါက်ချတယ် . . .

“အဘိုးအဘွားတွေက ဆီးတွေ၊ ဝမ်းတွေကို အိပ်ရာထဲသွားတယ်၊ ရိုးရိုးသွားရုံတင်မကဘူး။ သူငယ်ပြန်သလို ဖြစ်နေတော့ သွားပြီးသားတွေကို လက်နဲ့နှိုက်တယ်၊ ပြီးရင်ဘေးကိုလွှင့်ပစ်တယ်။ Diaper တွေကို ခွာတယ်၊ စားတယ်၊ အဲဒီလိုလုပ်ကြတာ။ ရှူးပေါက်ပြီးရင် ခုတင်ဘေးကို သွန်ချလိုက်တယ်။ ဆီးအိုးပေးထားလည်း အဲဒီအထဲ မပေါက်ဘူး။ ဓာတ်ဘူးထဲ၊ မုန့်ဘူးထဲတွေ့ရာဘူးထဲ ရှူးပေါက်ချတယ်။ အဲဒီလိုလုပ်တဲ့သူများတော့ အမြဲတမ်းသန့်ရှင်းရေးလုပ်နေရတယ်”ဟု မသင်းရွှေစင်လှိုင်က နေ့စဉ်အခက်အခဲများကြားမှ ရယ်မောဖွယ်ရာတို့ကို မျှဝေထားသည်။

“ညီမတို့အဖွဲ့က ရန်ပုံငွေက မတောင့်ဘူး၊ လှူတဲ့အလှူရှင်များပေမယ့် သုညကနေ စတင်တည်ထောင်တဲ့ အဖွဲ့ဖြစ်တာကြောင့် သုံးရတာတွေကလည်း များတယ်။ ရိပ်သာမှာ အရင်ဆုံး နေရေးက အရေးကြီးတာဆိုတော့ ရိပ်သာကို အခိုင်အမာဆောက်တယ်၊ ရိပ်သာကြည့်လိုက်ရင်တော့ အဟန့်ကြီးပေမယ့် ရန်ပုံငွေအများကြီး ရှိမနေဘူး၊ တစ်ခုခုဝယ်ချင်ရင်တောင် ချိန်နေရတဲ့ အနေအထားမှာ ရှိတဲ့အဖွဲ့ဆိုတော့ ငွေရေးကြေးရေး လိုအပ်တယ်။ ရိပ်သာ သက်တမ်းကလည်း နှစ်နှစ်လောက်ပဲရှိသေးတော့ ပဒေသာပင်ကလည်း မရှိဘူး။ နေရေး၊ စားရေး၊ ကျန်းမာရေးအတွက် လာလှူလိုက်၊ သုံးလိုက်ဆိုတော့ ရိပ်သာအရှည်တည်တံ့ဖို့အတွက် အလှူငွေ လိုအပ်ပါတယ်။

ပြီးတော့ ညီမတို့ရိပ်သာက လူ ၁၀ဝ လောက်ပဲ ဆံ့တာဆိုတော့ ထပ်လက်ခံနိုင်စရာ မရှိတော့ဘူးလေ။ ဒါပေမဲ့ စွန့်ပစ်ထားတဲ့ အဘိုးအဘွားဦးရေက တစ်နှစ်ထက်တစ်နှစ် တိုးလာတဲ့အတွက် အဘိုးအဘွားတွေကို အသက်အရွယ်မရွေး၊ ကျန်းမာရေးအခြေအနေမရွေး လက်ခံပေးနိုင်တဲ့ရိပ်သာလေးတွေ မြို့နယ်အသီးသီးမှာ ရှိစေချင်ပါတယ်။ ကိုယ့်မြို့က လူတွေကိုလက်ခံပေးရင် ဘယ်နေရာမှ ဝန်မပိတော့ဘူး။ နောက်တစ်ခုက ကိုယ့်မိဘပဲဖြစ်ဖြစ်၊ ကိုယ့်ဆွေမျိုးသားချင်းပဲဖြစ်ဖြစ် ဖြစ်နိုင်ရင် မစွန့်ပစ်စေချင်ပါဘူး။ လူဆိုတာ အမှိုက်မှ မဟုတ်ဘဲ၊ စွန့်ပစ်ရမှာ မဟုတ်ပါဘူး၊ တတ်နိုင်သမျှ စောင့်ရှောက်ပေးရမှာပါလို့လည်း ပြောချင်ပါတယ်”ဟု မသင်းရွှေစင်လှိုင်က အကြံပြုပြောကြားထားပါသည်။

ပရဟိတသမားလူငယ်များ ဦးစီးတည်ထောင်ထားသည့် ခိုလှုံရာရိပ်သာ အရှည်တည်တံ့စေရန် လှူဒါန်းလိုသူများအနေဖြင့် ဟင်္သတမြို့နယ်၊ လယ်တီကွင်းရပ်ကွက်၊ အောင်ချမ်းသာကျောင်းလမ်းရ ခိုလှုံရာ ခိုကိုးရာမဲ့ရိပ်သာသို့ ကိုယ်တိုင်ဖြစ်စေ၊ ဖုန်း ဝ၉ ၇၃၃၃၃၃၆၈ သို့ ဆက်သွယ်၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top